Ankle sprain ခြေခြင်းဝတ်ခေါက်လဲခြင်း
၁။ မင်္ဂလာပါ ဆရာ ကျန်းမာရေးနဲ့ပတ်သက်ပြီး မေးချင်တာလေးရှိလို့ပါရှင့် အသက် ၁၇ အမျိုးသမီး အိမ်ထောင်မရှိ ဓမ္မတာပုံမှန်လာပါတယ်ရှင်။ လွန်ခဲ့တဲ့ နှစ်ပတ်လောက်က လှေကားပေါ်ကနေ ခြေခေါက်ကျပြီးတဲ့နောက် ဆေးခန်းသွားပြီး ဓာတ်မှန်ရိုက်ကြည့်တာ အရွတ်ပြဲသွားကြောင်းသိရပါတယ်ဆရာ။ ထိခိုက်မိတဲ့နေရာက ဘယ်ဘက် ခြေချင်းဝတ်နဲ့ ခြေဖမိုးနေရာဖြစ်ပါတယ်ရှင့်။ ပထမ တပတ်မှာ ဆရာဝန်ညွှန်ကြားချက်အတိုင်းဆေးသောက်ပြီး လက်ရှိမှာတော့ ဆေးလိမ်းတာနဲ့ ပတ်တီးစည်းတာပဲလုပ်ပါတယ်ရှင့်။ ခြေထောက်ကို တော့လှုပ်ရှားမှု နည်းနိုင်သမျှနည်းအောင် နေနေပါတယ်ဆရာ။ နှစ်ပတ်လောက်ရှိတာတောင် ခြေထောက်ကို သေချာလေးဂရုစိုက်ပေးနေပေမဲ့ အခြေအနေ သိပ်တိုးတက်မှုမရှိပါဆရာ။ ဘယ်ဘက်ခြေထောက်ကို အားပြုတိုင်း ထိခိုက်မိခါစတုန်းကလိုနာနေတုန်းပါပဲ။ အခုခြေထောက်ရဲ့အခြေအနေက လမ်းကောင်းကောင်းလျှောက်မရတဲ့အတွက်ကြောင့် ကိုယ်မနိုင်သလိုဖြစ်နေတဲ့အတွက် အတော်လေးအဆင်မပြေဖြစ်နေတာပါဆရာ။ သမီးက နောက် တလခွဲ နှစ်လလောက်နေရင် overseas ကို ကျောင်းတက်ဖို့သွားရမှာမလို့ ခြေထောက်အမြန် သက်သာဖို့လိုအပ်နေလို့ပါရှင်။ အရွတ်နဲ့ပတ်သက်ပြီး ထိခိုက်တာက ပျောက်ကင်းဖို့ ကြာတယ်လို့ ကြားဖူးတာကြောင့် စိတ်ပူသင့်ပါသလားဆရာ။ လက်ရှိ ဆေးလိမ်း ပတ်တီးစည်း လုပ်နေတာတွေအပြင် အမြန်သက်သာဖို့ ဘယ်လိုထပ်ပြီး ဂရုစိုက်ပေးသင့်ပါသလဲရှင့်။ အစားအသောက်နဲ့ပတ်သက်ပြီးရော ဆောင်ရန်ရှောင်ရန်ရှိပါသလားဆရာ။ အချိန်ပေးဖတ်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင့်။
စာရေးတာ မှန်။ ကောင်းတယ်။ အစားအသောက် အရင်အတိုင်း ၁၀၀% စာသောက်နိုင်။ နားရမယ်။ ပျောက်အောင် အချိန်ယူမယ်။
၂။ သမီးမောင်လေး ဘောလုံးကန်ရင်း ခြေထောက်ခေါက်သွားပြီး ယောင် (ရောင်) နေတာ ၃ ရက်လောက်ရှိပြီ။ ဆေးပူလိမ်းတာလည်း မသက်သာဘူး။ ဘယ်လိုလုပ်ရမလဲရှင့်။ အသက်က ၁၇ ပါရှင့်။ ဆရာရေ ပြန်ဖြေပေးပါရှင့်။
အသက်ကို နောက်မှရေးတိုင်း နှစ်ခါဖတ်ရတယ်။ အချိန် ၂ ဆ ကုန်တယ်။ နောက်တယောက် ဖြစ်တဲ့နေရာ မပြောပါ။
၃။ ကျန်မနာမည် ( - ) ပါ၊ အသက် ၃၂ နှစ်ပါ။ ( - ) မှာ အလုပ်လာလုပ်နေတာပါ။ ခု ကိုယ်ဝန် ၂၁ ပတ်မှာ ညာဘက် ခြေထောက်ခေါက်လဲလို့ပါ။ ဆေးရုံသွားတော့ ဆေးရုံက Xray ရိုက်ပြီးမှ ကျောက်ပတ်တီးစီး (စည်း) ရမလား operation လုပ်ရမလားသိနိုင်မယ်လို့ပြောပါတယ်။ ဆရာဝန်ကလဲ ကိုယ်ဝန်နဲ့ဆိုတော့ Xray တန်းမရိုက်ပဲ တပတ်လောက် စောင့်ကြည့်မလား မသက်သာမှ ပြန်လာရိုက်ချင်ရိုက်ဆိုလို့ တစ်ပတ်စောင့်ကြည့်မယ်ဆိုပြီး ချိုင်းထောက်ဝယ်ပြီး ပြန်လာခဲ့ပါတယ်။ ဆေးရုံသွားပြတဲ့နေ့က ခြေထောက်ကနာလို့ မထောက်နိုင်ဘူးဆရာ။ ခုခြေထောက်က ထောက်နိုင်လာပြီဆရာ။ လမ်းလဲလျောက်နိုင်တယ်။ ဒါပေမယ့် လမ်းလျောက် (လျှောက်) ပြီးရင် ခြေထောက်က ဖောင်းပြီး ယောင် (ရောင်)လာတယ်ဆရာ။ လက်နဲ့ဖိကြည့်ရင် ခြေမျက်စိအောက်ဘက်က နာတယ်ဆရာ။ လမ်းလျောက်နေတုန်းတော့ မနာပါဘူး။ လက်နဲ့ဖိမှနာတာပါ။ အဲဒါ ဆရာ့ဆီက အကြံတောင်းချင်တာက ဆေးရုံသွားပြီ Xray ရိုက်ကြည့်ရမလား ဒီအတိုင်ပဲ ထပ်စောင့်ကြည့်ရမလားဆရာ။ ဘာလုပ်ရမှန်းမသိဖြစ်နေလို့ပါ။
ခြေခြင်းဝတ်ခေါက်လဲရင် ဘာလုပ်မလဲ
• ရေခဲတင်ပါ။ ပထမ ၄၈-၇၂ နာရီအတွင်းမှာလိုမယ်။ ၁-၂ နာရီတခါ၊ နေ့ခင်းမှာ တခါလုပ် ၁ဝ-၂ဝ မိနစ်ကြာပါစေ။
• Compression ဖိထားပေးပါ။ Crepe bandage (Elastic compression wrap) ဆန့်နိုင်ကျုံ့နိုင်တဲ့ပတ်တီးသုံးနိုင်တယ်။ ပထမ ၂၄-၃၆ နာရီအတွင်းသုံးပါ။ ဒိနောက်မှာ Protective brace အဖုံးအကာလိုဖုံးထားပေးပါ။ သိပ်မတင်းစေပါနဲ့။ ခေါက်လဲတဲ့အနေအထားကို ပြောင်ပြန်ဖြစ်နေမှ သက်သာစေမယ်။ ပတ်တီးစီးရင် အဲလိုအနေအထားမှာစီးပါ။
• ဖြစ်တဲ့ဖက်ကိုမြှင့်ထားပေးပါ။ တနေ့ ၂-၃ နာရီကြာပါစေ။
• Paracetamol, Ibuprofen အနာသက်သာဆေးသောက်ပါ။ ရောင်တာကိုပါသက်သာစေမယ်။ တနေ့ ၂-၃ ကြိမ်။
• နားရမယ်။ Crutches ချိုင်းထောက်သုံးဖို့လိုမယ်။ Walker လမ်းလျှောက်အထောက်အကူသုံးနိုင်တယ်။
• တချို့မှာ Torn ligaments စုပ်ပြဲသွားတဲ့အရွတ်ကို ခွဲစိတ်ပြုပြင်ပေးဖို့လိုနိုင်တယ်။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment