ရေးချ

၁။ ခင်ငူဂေါ ဒေါပုံဝ လို့ မှတ်သားမိပါတယ်။ ခ င ဂ ဒ ပ ဝ တို့မှာ မောက်ချ (-ါ) လို့ မှတ်ထားပါတယ်ခင်ဗျ။

အဲဒါ အပြည့်အစုံ မမှန်ကြောင်း ၄-၅ ခါ တင်ပြထားတယ်။ နမူနာပုံတွေလည်း တင်တယ်။

(ခ င ဂ ဒ ပ ဝ) မဟုတ်တဲ့စာလုံးတွေကို (-ာ) သာချရမယ်လို့ ဆက်သင်ရင်တော့ လွဲတယ်။

၂။ မင်္ဂလာပါဆရာ သိချင်တာလေး မေးခွင့်ပြုပါ ကျွန်တော်ငယ်စဉ် ကျောင်းသားဘဝက သင်ခဲ့ဖူးတာလေး မေးပါရစေ။ ငယ်စဉ်က ခ ဂ င ဒ ပ ဝ ဝိုက်ချမသုံးရ မောက်ချ အသုံးကြလို့ သင်ခဲ့ရပါတယ် ယခု ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်မှာ နေ့စဉ် ဘဝမှာ ခပ်ခွာခွာနေပါဆိုပြီး တွေ့ရပါတယ် ဆရာ ခွါ နဲ့ ခွာ ဘယ်ဟာ အမှန်လဲ သိပါရစေ ဆရာ။ 

၃။ ဖေါက်ဖေါက် နဲ့ ဖောက်ဖောက်က ဘယ်ဟာအမှန်လဲ ဆရာ။

မေးလိုတာက ရေးချ ခေါ် မောက်ချ နဲ့ ဝိုက်ချ နှစ်မျိုးဖြစ်မယ်ထင်ပါတယ်။ ရေးချ ၂ မျိုးစာ မကြာခဏတင်ထားတယ်။ ဖေါ်မြူလာလိုတော့ မသုံးနိုင်ပါ။ ဝဆွဲပါရင် ၂ မျိုး သုံးနိုင်တယ်။ ဓါလို့ ရေးနိုင်တာ များတယ်။

ခ င ဂ ဒ ပ ဝ ဆိုတဲ့ ၆ လုံးကို ( ါ) သုံးရမယ်လို့ ခုခေတ်မှာ သင်တယ်လို့ တဆင့်သိရတယ်။ ကျွန်တော်က အဲဒီထုံးအတိုင်း မလိုက်တဲ့အခါ ထောက်ပြကြတာ ဆယ်ခါလောက်တော့ရှိပြီ။ ကျွန်တော်တို့ မြန်မာစာသင်တော့ အဲလို မသင်ခဲ့ပါ။

ဆယ်တန်းရောက်တော့ ဓါတုဗေဒသင်ရတယ်။ ရွှေမော်ဓေါဘုရား၊ ဓါတုကလျာလို့လည်း ရေးကြတယ်။

လှသမိန်ရေးတဲ့ ဘန်းစကားစာအုပ်မှာ ဓါးစာခံသည်၊ ဓါးစောက်ကမ်းနဲ့ ဖေါ်လံဖါးသည်လို့ ရေးထားတယ်။

ကဝိဓဇသတ်ပုံကျမ်းမှာ ဖေါက်ကားရောင်းဝယ်ရေး၊ ဖေါက်ခွဲသည်၊ ဖေါက်ချည်သည်၊ ဖေါက်ဖေါက်ပြန်ပြန်၊ ဖေါက်ထွင်းသည်၊ ဖေါက်၍ပေးသည်၊ ပေါက်အောင်ဖေါက်၊ ထွင်းဖေါက်သည်၊ ရက်ကန်းရက်ဖေါက်၊ အလယ်ကောင်ဖေါက်၊ သွေးဖေါက်၊ မဖေါက်မပြန်၊ ဖေါက်သည်စျေးနှုန်း၊

ဖေါင်တော်ဦးဘုရား၊ ဖေါင်ကြိုး၊ ဖေါင်ဆိုက်ကြိုး၊ ဖေါင်လားကြိုး၊ ဖေါင်ဖေါင်မြည်၊ ဖေါင်ဖေါင်ကိုက်ဝါး၊ ကျူရိုးဖေါင်၊ သစ်ဖေါင်၊ ရေဖေါင်ဖေါင်၊ လှေဖေါင်၊ ဖေါင်သမား၊ ဖေါင်ထိုး၊ ဖေါင်လိုက်၊ သစ်ဖေါင်ချ၊ ဖေါင်မဂ္ဂင်၊ စကားဖေါင်ဖေါင်ပြော၊

ဖေါင်းကန် = ဖျဉ်းအိုး၊ ဖေါင်းအိုး၊ ဖေါင်းကား = ကြက်တူရွေး၊ ဖေါင်းကြွသည်၊ ဖေါင်းပွသည်၊ ဖေါင်းကားရွာ၊ ဖေါင်းဝတ်ဖြူ၊ ဖေါင်းမဲ၊ ဖေါင်းဝတ်ခြောက်၊ ဖေါင်းပွင့်၊ ဖေါင်းရစ်၊ အမြှုပ်ဖေါင်း၊ ဖေါင်းလုံး၊ ဖေါင်းကားမင်း၊ ဖေါင်းလန်အောင်ဝသည်၊ ဖေါင်းအောင်မှုတ်၊ နွားလည်ဆွဲဖေါင်း၊

ကျွန်တော့်အမြင်ကတော့ ခ င ဂ ဒ ပ ဝ ၆ လုံးကိုတော့ (ာ) နဲ့မရေးသင့်တာ မှန်ပြီး၊ ကျန်တာတွေမှာ တရားသေပြောတာ မသင့်လို့ ယူဆပါတယ်။

ကျွန်တော့်အမြင် ဓာရေးရေး၊ ဓါရေးရေး မမှားပါ။ မြန်မာစာမှာ အဓိပ္ပါယ်မလွဲစေတဲ့ မူကွဲသတ်ပုံရှိတယ်။ စစ်မိန့်ပေးသလို လုပ်တာ မသင့်မှန်ပါ။ ရွှေမော်ဓေါ၊ ရွှေမော်ဓောအပြင် ရွှေမှော်တောလို့လည်းရှိတယ်။

ဖေါ်မြူလာနဲ့ သတ်ပုံသင်နည်း အရင်က မရှိခဲ့ပါ။ မ နောက်က ဘဲ လိုက်။ ရေတွက်လို့ရရင် တစ်။ ခင် ငူ ဂေါ ဒေါပုံ ဝ စသည်။ ပုံသေနည်းတွေက အတော်များများမှာ အသုံးကျတာ မှန်တယ်။ ကျောင်းသားတွေသင်ပေးရတာ လွယ်တယ်။ ဒါပေမဲ့ ၁၀၀% သုံးမရနိုင်။ ဆောရီး။ ကန်တော့။

မြန်မာစာသတ်ပုံမေးခွန်းနဲ့ ကြော်ငြာဆေးမေးခွန်းတွေကို ဖြေရတိုင်း အားနာရတယ်။ ခွါရေးရေး၊ ခွာရေးရေး ခြေထောက်မှာသာပါတယ်။

ဒေါက်တာတင့်ဆွေ


Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Water poisoning ရေအဆိပ်သင့်ခြင်း

Colorectal cancer အူမကြီး ကင်ဆာ