Breech Presentation ကလေးအနေအထား တင်ပါးဆုံပြုခြင်း

၁။ ဆရာ မင်္ဂလာပါ သမီးကိုယ်ဝန်က ၂၅ ပတ်ရှိပါပြီ ကလေးက ​ဗိုက်ရဲ့ဘယ်ဘက်အောင့်နားမှာဘဲနေနေပါတယ် ကလေးကလှုပ်တော့လှုပ်ပါတယ် အာထရာဆောင်းရိုက်တော့ ကလေးက ဆုံပိုင်းလို့ပြောပါတယ် ညဘက်အိပ်တဲ့အခါ ဘယ်ဘက်ကိုအရမ်းစောင်းမအိပ်ရဲပါဘူး အိပ်မိရင်လဲ တခုခု ခံနေသလိုခံစားရမိလို့ ကလေးထိခိုက်တာမျိုး ဖြစ်မှာစိုးလို့ ညာဘက်ဘဲစောင်းအိပ်ဖြစ်ပါတယ် စိုးရိမ်ရပါသလားဆရာ မွေးခါနီးရင် ကလေးအနေအထားပြောင်းသွားနိုင်ပါသလားဆရာရှင့် 

၂။ ဆရာရှင့် ကျမအသက်က ၃၄နှစ်ပါ။ ကိုယ်ဝန် ၃၈ပတ်ထဲမှာပါ။ ၂၄ပတ်မှာ USG ရိုက်တော့ ကလေးက ခေါင်းအောက်ဘက်ရောက်နေပြီ အနေအထားမှန်တယ်ဆိုလို့ ရိုးရိုးမွေးဖို့စဉ်းစားထားပါတယ်။ အိုဂျီကလဲ ရိုးရိုးမွေးဖို့အဆင်ပြေတယ်ပြောထားပါတယ်။ အခု ၃၇ ပတ်မှာ ထပ်ရိုက်ခိုင်းလို့ရိုက်ကြည့်တော့ ကလေးက ဆုံပိုင်းဖြစ်နေတယ်ဆရာ။ အိုဂျီနဲ့ကနောက်ငါးရက်နေမှတွေ့ရမှာပါ။ ကလေးပြန်ပြီး လှည့်နိုင်သေးလား သိချင်တာပါဆရာ။ မလှည့်တော့ရင်ရော ခွဲမွေးမှအဆင်ပြေမလားဆရာ။ ကျေးဇူးပြု၍ ဖြေကြားပေးပါရှင့်။ ကျေးဇူးတင်ပါတယ်ဆရာ။

၃။ ဆရာ ကျွန်မအသက် ၂၈ နှစ်ပါ။ ကိုယ်ဝန် အပတ် ၃ဝပြည့်ပါပြီရှင့်။ ကလေးက breech ဖြစ်နေတယ်လို့ ပြောပါတယ်ရှင့်။ ကျွန်မက ခွဲရမှာ အရမ်းကြောက်ပါတယ်။ ကလေးပြန်လှည့်နိုင်သေးလား သိပါရစေဆရာ။ ဘယ်လိုနေထိုင်သင့်ပါသလဲရှင့်။ မေးခွန်းတွေကို အမြဲဖြေကြားပေးတဲ့ ဆရာ့ကို အရမ်းကျေးဇူးတင်ပါတယ်။ ဆရာ ကျန်းမာပျော်ရွှင်ပါစေ။

ပုံမှန်ကိုယ်ဝန်မှာ ကလေးခေါင်းဟာ အောက်စိုက်နေပါတယ်။ အဲလိုမဟုတ်ပဲ တင်ပါးဆုံက အောက်ဖက်မှာရှိနေတာကို Breech Position ခေါ်တယ်။ ဗမာတွေက ခြေကဖွါးလို့ခေါ်ကြတယ်။ ၃-၄% သောကိုယ်ဝန်တွေမှာ တင်ပါးဆုံပြုနေတယ်။ ကလေးအနေအထားကလည်း ရဝ% က ပေါင်ကွေး၊ ဒူးဆန့်နေတယ်။ ၁ဝ% က ပေါင်ရော ဒူးပါကွေးနေတယ်။ ၂ဝ% က ပေါင်တဖက် သို့မဟုတ် ၂ ဖက်လုံး ဆန့်နေတယ်။

ကိုယ်ဝန်နုစဉ် တင်ပါးဆုံပြုနေပေမယ့် နောက်မှာ ခေါင်းလှည့်လာတတ်တယ်။ ခြေတဖက်ထွက်တာဖြစ်ရင်တော့ ခွဲမွေးရမယ်။ လမစေ့ကလေး အသက်ရှင်ရန်လမ်းမရှိရင် မွေးလမ်းကမွေးပေးနိုင်တယ်။ တင်ပါးဆုံပြုအနေအထားနဲ့ ကိုယ်ဝန်ကို ဂရုတစိုက် မွေးယူလို့ရတယ်။ သတိထားရမှာက ကလေးနဲ့ ချက်ကြိုးကို ထိခိုက်မိတတ်တယ်။

မမွေးခင်ဝမ်းဗိုက်အပြင်ဖက်ကနေ လှည့်ပေးနိုင်တယ်။ External cephalic version ခေါ်တယ်။ မွေးလမ်းကြောင်းက သွေးယိုနေသူ၊ အချင်းက သားအိမ်ဝ ရောက်နေသူ၊ ကလေးသေးလွန်းသူ၊ ရေမြွှာရေနည်းလွန်းသူ၊ ကလေးနှလုံးခုန် မမှန်သူ၊ ရေမြွှာစောပေါက်ထားသူ၊ အမွှာကိုယ်ဝန်ကို လုပ်ပေးမရပါ။ မွေးမယ့်ရက်နဲ့ နီးနေသူ၊ ရေမြွှာရည်လုံလောက်သူ၊ ကလေးအလေးချိန် မနည်းသူ၊ ကလေးအမွေးများသူ၊ အချင်းပုံမှန် ဖြစ်သူတွေကို လုပ်ပေးရင် ၆၅% အောင်မြင်တယ်။ ဝမ်းဗိုက်အပြင်ဖက်က လှည့်ပေးခြင်းရဲ့အန္တရာယ်တွေက ကလေးစောမွေးခြင်း၊ ရေမြွှာစောပေါက်ခြင်း၊ သွေးထွက်ခြင်း (ကလေး၊ မိခင်)၊ ကလေး ဒုက္ခရောက်ခြင်း၊ ပြင်ပေးပြီးမှ ပြန်ဖြစ်ခြင်းတွေဖြစ်တယ်။

Breech ကိုယ်ဝန် မွေးလာပုံအဆင့်ဆင့်

(၁) အောက်ပိုင်း မွေးပေးခြင်း

သားအိမ်အဝ လုံးဝပွင့်ပြီး၊ ကလေး၏ တင်ပါးတယ် မွေးလမ်းထဲ ဆင်းလာတယ်နဲ့ မိခင်အား ဗိုက်နာလျင် ညှစ်ရန်ပြောပါ။ လိုအပ်ပါက မွေးလမ်းကြောင်း အဝအား ချဲ့ပေးပါ။ ကလေး၏ တင်ပါး စမွေးလာမည်။ ခေါင်းမွေးသကဲ့သို့ လည်မယ်။ ကလေးရဲ့တင်ပါးကို ကိုင်ပါ။ ဆွဲမထုတ်ပါနဲ့။ ပဌမ ခြေတဖက် မွေးပေးပါ။ ဒူးဆစ်ကို ကွေးအောင် ပြင်ပေးပါ။ ခြေခြင်းဝတ်ကိုကိုင်ပြီး ဝမ်းဗိုက်ရှေ့ကနေ မွေးပေးပါ။ နောက် ခြေတဖက်ကိုလည်း မွေးပေးပါ။ ကလေးတင်ပါးကို မိမိရဲ့ လက်နှစ်ဖက်နဲ့ ကိုင်ပါ။ ခါးအောက်ပိုင်းအထိ ထွက်လာမယ်။ ခန္ဓာကိုယ်အား ဖိမကိုင်ပါနဲ့ ကျောက်ကပ်၊ အသည်းတို့ကို ထိခိုက်စေနိုင်တယ်။ အဲဒီနောက် ပခုံးကို မြင်ရမယ်။

(၂) လက်များမွေးပေးခြင်း

လက်တွေ အလိုလိုထွက်လာပါစေ။ လိုအပ်ရင် ရင်ဘတ်ရှေ့က ထွက်အောင် ကူညီပေးပါ။ ကလေးခြေထောက်ကိုကိုင်ပြီး မိခင်ရဲ့ဝမ်းဗိုက်ဆီသို့ မြှင့်-နှိမ့်ပေးရင် ကလေးလက်တွေမွေးရတာ လွယ်ကူစေတယ်။ မိမိလက်ချောင်း ၁-၂ ချောင်းကို ကလေးရဲ့တဒေါင်ဆစ် အကွေးပိုင်းထဲထည့်ပြီး ကလေးလက်ကို ကွေးထားစေကာ ကလေးမျက်နှာရှေ့ကနေ မွေးထုတ်ပေးရမယ်။ နောက်လက် တဖက်ကို ဆက်မွေးပေးပါ။

(၃) ကလေးဦးခေါင်းအား မွေးပေးခြင်း၊ Mauriceau Smellie Veit manoeuvre နည်း

ဆရာမလက်ကို ကလေးပေါင်နှစ်ဖက်ထဲသွင်းပြီး ကလေးဝမ်းဗိုက်၊ ရင်ဘတ်ရှေ့က မတင်ထားပါ။ ကလေးမျက်နှာက အောက်ဖက် လှည့်နေမယ်။ ကလေးပါးစပ်ထဲသို့ မိမိလက်ညှိုးထည့်ပြီး၊ လက်မနဲ့ လက်ခလယ်တို့က ကလေးရဲ့ ပါးတဖက်စီဘေးမှာ ထားပါ။ မိမိကျန်လက်တဖက်နဲ့ ကလေးပခုံးနှစ်ဖက်ကကိုင်ပါ။ ကလေးမေးရိုးကို ဆွဲချပြီး ကလေး ဦးခေါင်းကို ကွေးပါစေ။ နောက် ကလေးကိုအောက်ဖက် ဆွဲယူပါ။ နောက်ဆရာမတဦးက မိခင်ရဲ့ဆီးစပ်ရိုးအထက်နားက လက်နဲ့ ဖိပေးပြီး ကလေးဦးခေါင်းကွေးစေအောင် အကူအညီပေးနိုင်တယ်။

တင်ပါးဆုံပြု ကလေးဦးခေါင်း မွေးမရသေးလျင် ညှပ်ဆွဲမွေးပေးနည်း

ကလေးဦးခေါင်း မွေးမရသေးရင် ဆီးခြူပေးပါ။ ကလေးကိုယ်ကို အဝတ်နဲ့ပတ်ထားပါ။ လိုအပ်ရင် (ဖေါ့ဆက်ပ်) ညှပ်ဆွဲမွေးပေးရမယ်။ တခါတလေ ကလေးဦးခေါင်းကို မိခင်ရဲ့ဝမ်းဗိုက် ဆီးစပ်အထက်နားက ဖိပေးနိုင်တယ်။ ကလေး မွေးပေးအပြီး ကလေးကို ချွဲစုပ်ပါ။ ချက်ကြိုးဖြတ်ပါ။ လိုအပ်ရင် CPR လုပ်ပါ။ လိုအပ်ရင် အောက်စီဂျင် ပေးပါ။

Lovset’s manoeuvre တင်ပဆုံပြု ကလေးအား လှည့်ပေး၍မရလျင် ပြုလုပ်ပေးရမည့်နည်း

ကလေးလက်တွေ ဆန့်တန်းနေရင် ဒီနည်းလုပ်ပါ။ ကလေးကိုတင်ပါးကကိုင်ပြီး ကိုယ်တဝက် လှည့်ပါ။ အောက်ဖက်ဆီသို့ ဆွဲပေးပါ။ နောက်ကျောဖက် ရောက်နေတဲံ ကလေးလက်တယ် ရှေ့ဖက်ရောက်လာကာ ဆန့်နေတဲ့ ကလေးလက်က ထွက်ဘို့ လွယ်ကူလာမယ်။ မိမိလက်ချောင်း ၁-၂ ချောင်းက ကလေးလက်ကို ကလေးရှေ့မျက်နှာဖက်ကနေ အသာအယာ ဆန့်တန်း ဆွဲထုတ် ပေးရမယ်။ ကျန်လက်ကိုလည်း မွေးထုတ်ပေးပါ။ ကလေးလှည့်ပေးမရရင် ရှေ့ပခုံး (နောက်ဖက်မှာရှိတဲ့ ပခုံး) ကို အရင် မွေးပေးပါ။ ကလေးခြေခြင်း ဝတ်နေရာက အထက်ကို မြှောက်ကိုင်ပါ။ ကလေးကိုယ်ကို မိခင်ပေါင်တဖက်ဆီ ဆွဲယူပါ။ ကလေးနောက်ဖက်ကို အရင်တွေ့မယ့် ပခုံးကိုမွေးပေးပါ။ နောက် ကလေးလက်တွေကို မွေးထုတ်ပါ။ နောက် ခြေမျက်စိကကိုင်ပြီး ကလေးအောက်ဖက်ဆီချပြီး ဒုတိယပခုံးကို မွေးပေးပါ။ ဆက်ပြီး လက်တွေ မွေးပေးပါ။

မွေးပြီး ၁ မိနစ်အတွင်း Oxytocin 10 units IM ပေးပါ။ ရောဂါပိုးကာကွယ်ရန် Ampicillin 2 g IV + Metronidazole 500 mg IV or Cefazolin 1 g IV + Metronidazole 500 mg IV ပေးပါ။

ဒေလီမှာနေခဲ့တုန်းကဖွင့်ခဲ့တဲ့ ယမုန်နာဆေးခန်းမှာ မွေးလူနာ ၃ဝဝ ထဲမှာ တင်ပါးဆုံပြုမွေးခဲ့တာ ၃ ယောက်သာ ရှိပါတယ်။ ၁% တိတိဖြစ်ပါတယ်။ အဲဒီ သုံးယောက်လုံးကို ရိုးရိုးလမ်းကနေသာ မွေးပေးခဲ့ပါတယ်။

ဒေါက်တာတင့်ဆွေ


Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Water poisoning ရေအဆိပ်သင့်ခြင်း

Colorectal cancer အူမကြီး ကင်ဆာ