Chickenpox ရေကျောက်

၁။ မင်္ဂလာပါဆရာ ၆ နှစ်အရွယ်သမီးလေးပါ အဖုတွေပေါက်လာလို့ရေကျောက်လို့ပြောတယ်ရှင့် အဖုတွေကတော်တော်ဆိုးဝါးလို့စိတ်ပူလို့ပါရှင် ကလေးကတော့လန်းပါတယ် ယားလည်းမယားဘူးပြောတယ်ဆရာ
ဒီနေ့နဲ့ဆိုတပတ် ပြည့်ပါပြီ စပေါက်ခါစကအရည်ကြည်လေးပါ ခုကအပေါ်ကပံုလိုဖစ်(ဖြစ်)နေလို့ပါအရမ်းစိတ်ပူလို့ပါဆရာရှင့်ဖြေပေးပါဦးနော် ရှေ့လကမှ သွေးလွန်တုပ်ကွေးလည်း ဖစ်(ဖြစ်)ထားတော့စိတ်ပူလို့ပါဆရာရှင့်
၂။ ကျမ လွန်ခဲ့တဲ့ ၁ ပါတ် ၁ဝ ရက်လောက်တုန်းက ရေကျောက်ပေါက်ပါတယ်။ ရေကြည်ဖုလေးတွေပါ။ တကိုယ်လုံးမှာပါပဲ။ တခါမှမဖြစ်ဖူးပါဖူး။ အဲ့လိုဖြစ်တော့စိတ်တော်တော်ပူသွားတယ်။ ကလေးကလည်း မွေးခါနီးပြီးဆိုတော့ ဗိုက််အပ်ထားတဲ့ဆရာဝန်ကို သွားပြတော့ဆရာဝန်က ACYCLOVIR 800mg (VILEAM) 35 tab ကိုပေးပြီး ၄ နာရီခြား တခါ တနေ့ကို ၅ ကြိမ် ဆေးကုန်တဲ့အထိသောက်ခိုင်းပါတယ်။ အခု အနာတွေကခြောက်နေပါပြီ။ ကံဆိုးချင်တော့ အနာက ကျမမှာခြောက်ပြီး ကျမအမျိုးသားဆီကိုကူးသွားပါတယ်။ အခုသူပေါက်နေတာ နှစ်ရက်လောက်ရှိပြီ။ သူက အစာအိမ်ရောဂါရှိပါတယ်။ သိချင်တာက ကျမ သောက်တဲ့ဆေးကိုပဲ အပြင်ကဝယ်ပြီးသူ့ကို တိုက်လို့ ရ-မရ ကိုပါ။ သူကအခုကိုယ်ပါပူနေတယ်။ အရိုးအဆစ်တွေလည်းကိုက်တယ်။ ကျမတုန်းကတော့ကိုယ်မပူပါဖူး။ အဆစ်တွေတော့ ကိုက်ပါတယ်။ ကလေးကလည်းမွေးဖို ့တပါတ် ဆယ်ရက်လောက်ပဲလိုတော့တယ်။ ကလေးကိုကူးမှာ အရမ်းစိုးပါတယ် ဒေါက်တာ။ ကလေးမမွေးခင်ဖြစ်နိုင်ရင်ပျောက်ချင်ပါတယ်။ ကူညီပြီးဖြေပေးပါဦးဒေါက်တာ။ (အရမ်းဆိုးပါတယ်လို့ ရေးရပါမယ်)။
၃။ ကျွန်တော့် ကလေး အသက် (၃ နှစ် ၆ လ) မှာ ရေကျောက်တွေ ပေါက်နေလို့ပါ။ ပေါက်တာ ၃ ရက်ရှိပါပြီ။ ဆရာဝန်ကတော့ ရေကျောက်လို့ ပြောပါတယ်။ အရေကြည်ဖုလေးတွေပါ။ မျက်ခမ်း၊ လည်ဂုတ်၊ နောက်ကျော၊ ဖင်ကြား၊ လိင်အင်္ဂါပေါ်နဲ့ ဗိုက်တွေမှာပါ။ ခေါင်းမှာလည်း ပေါက်ပါတယ်။ ဆောင်ရန်-ရှောင်ရန်လေးတွေ ညွှန်ပြပေးစေချင်ပါတယ်။
ရေကျောက် Chickenpox ကို စတွေ့ခဲ့သူဟာ ပါရှား-ဆရာဝန်တဦး ဖြစ်တယ်။ ကလေးတွေမှာ အဖြစ်များပြီး တခြားဆင်တူတဲ့ ကူးစက်ရောဂါ Small pox ကျောက်ကြီး၊ Measles ဝက်သက်တွေနဲ့ အသေအခြာ ခွဲပြောခဲ့သူဖြစ်တယ်။ အသက် ၁၂ နှစ်အောက် ကလေးတွေမှာ အများဆုံးဖြစ်တယ်။ အလွန်ယားယံတဲ့ အဖုလေးတွေကြောင့် အလွန်မတန် အနေရခက်တယ်။ တုပ်ကွေး လိုနဲ့စတယ်။ ဆေးမကုလဲ ပျောက်မှာပါ။
Varicella-zoster ခေါ်တဲ့ (ဗိုင်းရပ်စ်) ကနေဖြစ်စေတယ်။ ကာကွယ်ဆေးရှိတယ်။ တနှစ် နဲ့ တနှစ်ခွဲကြား ကလေးတွေကို ထိုးပေးတယ်။ ၄-၆ နှစ်မှာ တခါ ထပ်ထိုးသင့်တယ်။ ကြီးတဲ့ကလေးတွေ ရေကျောက် မပေါက်ဘူးသေးရင်လဲ ကာကွယ်ဆေး ထိုးသင့်တယ်။ တလခြား ၂ ခါထိုးပါ။
- လေကနေတဆင့် ကူးစက်တယ်။ ချောင်းဆိုး-နှာချေရာကနေကူးတယ်။ အသားအရေချင်း ထိကပ်လို့လဲ ကူးနိုင်တယ်။ 
- ပိုးဝင်ခံရပြီးနောက် ၁ဝ-၂ဝ ရက်နေမှ ရောဂါပေါ်တယ်။
- အရင်ဆုံး ကိုယ်ပူမယ်။ ဗိုက်အောင့်မယ်။ လည်ချောင်းနာမယ်။ ခေါင်းကိုက်မယ်။ မအီမသာ ဖြစ်တယ်။ အသားတွေ နာမယ်။ ပျို့-အန်ချင်မယ်။ အစားပျက်မယ်။
- Vesicular skin rash နီတဲ့၊ ယားတဲ့ အစက်အပျောက်လေးတွေ ဗိုက်-ကျောနဲ့ မျက်နှာမှာ စပေါ်မယ်။ နောက်တော့ တကိုယ်လုံး။ ခေါင်း၊ ပါးစပ်၊ နာရွက် နဲ့ လိင်အင်္ဂါတွေလဲ ပါမယ်။ 
- သိသာမြင်သာတဲ့ အနီပြင်တွေဟာ ၄-၇ ရက်ကြာတယ်။ အရည်ကြည်ဖုလေးတွေက ၅ ရက်ဆို ပျောက်သွားမယ်။
- အနီစက်ထွက်ပြီး ၄ ရက်အတွင်မှာ ကူးစက်တာ များတယ်။
ဖြစ်နေတဲ့ ကလေးကို -
- အစာမစားခင် လက်တွေကို အသေအခြာ ဆေးခိုင်းပါ။ မကြာမကြာဆေးတာ ပိုကောင်းတယ်။
- အနေရခက်တာတွေ သက်သာစေအာင် ရေအေးဝတ် ကပ်ပေးနိုင်တယ်။ 
- Warm water bath ရေနွေးချိုးပေးနိုင်တယ်။ တချို့က ၄ နာရီခြား ရေချိုးပေးတယ်။ 
- အယားသက်သာအောင် Oatmeal bath products ဆိုတာသုံးနိုင်တယ်။
- ယားတာကို မကုပ်ဘဲ ပွတ်သပ်ပေးပါ။
- Calamine lotion သုံးတာကောင်းတယ်။ မျက်စိထဲမဝင်စေနဲ့။
- Zinc oxide ပါတဲ့ဆေးလိမ်းတာလဲ သက်သာတယ်။
- Hydrocortisone cream တွေလိမ်းရင်လဲ ယားတာ သက်သာစေတယ်။
- Antihistamine (Cetrizine) အယားသက်သာဆေးလဲ သုံးနိုင်တယ်။ 
- Chlorine bleach (Sodium hypochlorite) ချွတ်ဆေးနဲ့ ဆေးကြောရင် ပိုးတွေသေစေတယ်။
- Acetaminophen/Paracetamol ပါရာစီတမော ပေးနိုင်တယ်။ 
- Aspirin နဲ့ Ibuprofen တွေကို မသုံးပါနဲ့။
များသောအားဖြင့် မဆိုးပါ။ ကိုယ်ခံအားနည်းနေသူ၊ အာဟာရနည်းသူတွေဆိုရင် နောက်ဆက်တွဲ ဗက်တီးရီးယားပိုးဝင်လို့ ဆိုးတာတွေ ဆက်ဖြစ်နိုင်တယ်။
- အသက်ကြီးသူဖြစ်ရင် ပိုဆိုးတယ်။ ယောက်ျားတွေမှာ ပိုဆိုးတယ်။ 
- လူကြီး ၅ ယောက်မယ် တယောက်လောက်က Shingles ဆိုတဲ့ရောဂါ ဖြစ်နိုင်တယ်။ ဗိုင်းရပ်စ်ဆေးနဲ့ ကုပေးရတယ်။ 
- Shingles (ရှင်ဂဲလ်စ်) ဆိုတာ Herpes zoster ရေယုံကိုပြောတာ ဖြစ်တယ်။ ရေကျောက် ဗိုင်းရပ်စ်က ရောဂါပျောက်သွားပေမဲ့ အထဲက အာရုံကြော (တရှူး) တွေမှာ ကျန်နေရာကနေ ဖြစ်စေတယ်။ Shingles vaccine ကာကွယ်ဆေးကို အသက် ၅ဝ ကျော်သူတွေကို ပေးနိုင်တယ်။ 
- Cancer ကင်ဆာ၊ HIV တွေမှာ ပိုဖြစ်တယ်။ Stress စိတ်ဖိအားများသူတွေလဲ နောက်ဆက်တွဲရောဂါတွေ ရစေနိုင်တယ်။ Pneumonia နူမိုးနီးယား၊ Hepatitis အသဲရောင် နဲ့ Encephalitis ဦးနှောက်ရောင်ဖြစ်ရင် သေဆုံးတဲ့အထိ ဖြစ်နိုင်တယ်။ 
- တခြားသိပ်မဆိုးတဲ့ ဆက်တွဲရောဂါတွေကတော့ Impetigo, Cellulitis, Erysipelas အရေပြားအနာတွေဖြစ်တယ်။ 
- Myocarditis နှလုံးရောင်၊ Hepatitis အသဲရောင်နဲ့ Glomerulonephritis ကျောက်ကပ်ရောင်တွေက ရှားတယ်။
- ခုခံအားနည်းသူတွေမှာ Hemorrhagic complications သွေးယိုတာတွေ ဖြစ်လာနိုင်တယ်။
- Antiviral medication ဗိုင်းရပ်စ်ဆေးကို Eczema နှင်းခူနာ၊ Sunburn နေလောင်နာ၊ Asthma ပန်းနာရှိနေသူတွေအတွက် သုံးနိုင်တယ်။
ကိုယ်ဝန်ဆောင်ဖြစ်ရင် ၁ဝ% မှာ နူမိုးနီးယားဖြစ်စေမယ်။ ကိုယ်ဝန်ဆောင်နေသူတွေ ရေကျောက်ဖြစ်နေတဲ့ ကလေးနဲ့ ဝေးဝေးနေပါ။ အထူးသဖြင့် ကိုယ်ဝန် ၂ဝ-၂၈ ပါတ်။ အထဲက ကလေးအတွက် သတိထားဘို့လိုတယ်။ ကိုယ်ဝန်ဆောင်ဟာ အရင်က ရောကျောက်ပေါက်ဘူးထားရင် အထဲက ကလေးအတွက်ပါ ရောဂါပြီးစေမယ်။ မွေးမဲ့ကလေးအတွက် တသက်လုံးတော့ မဟုတ်ဘူး။ ဒါ့ကြောင့် ကလေးအသက် တနှစ်နေရင် ကာကွယ်ဆေး ထိုးပေးသင့်တယ်။ ကာကွယ်ဆေးက ရဝ-၈၅-၉၅% ထိရောက်တယ်။
ရေကျောက်ပေါက်တဲ့ ကလေးတိုင်းကို Antibiotics ပိုးသေဆေးတွေပေးဘို့မလိုပါ။ ဗက်တီးရီးယားဝင်မှ လိုတယ်။ တချို့ ကလေး အထူးကု ဆရာဝန်တွေက ဗိုင်းရပ်စ်ဆေး Acyclovir Acyclovir or Valacyclovir ပေးတယ်။ Sorivudine ဆေးလဲ ရှိတယ်။နောက်ဆက်တွဲ ရောဂါတွေကနေ သက်သာစေဘို့ ဖြစ်တယ်။ အနီစက်တွေပေါ်ပြီး ၂၄ နာရီအတွင်းမှာ ပေးတာကောင်းတယ်။
အနီစက်တွေ မထွက်ခင် ၂ ရက်ကစပြီး အနီပြင်တွေ ညိုမဲရာကနေ ပျောက်တဲ့အထိ သူများတွေကို ကူးစက်နိုင်တယ်။ တခြား ကလေးတွေအတွက် ဖြစ်တဲ့ကလေးကို အပြင်ကို မထွက်စေတာ၊ ကျောင်း တပါတ်လောက် မသွားစေတာ ကောင်းတယ်။ Chicken pox parties ဆိုတာ ရောဂါရှိတဲ့ကလေးနဲ့ စုဝေးတာကို ခေါ်ပါတယ်။
Vaccines to Prevent Chickenpox ရေကျောက်ကာကွယ်ဆေး ၂ မျိုးရှိတယ်။ 
1. Varicella: Varicella (chickenpox) vaccine 
2. MMRV: Combined Measles, Mumps, Rubella, and Varicella (chickenpox) combination vaccine
Varicella (chickenpox) ရေကျောက် ကာကွယ်ဆေး
• တခါမှမထိုးဘူးသေးတဲ့ကလေး 
- ပဌမ = ၁၂-၁၅ လ၊ 
- ဒုတိယ = ၄-၆ နှစ်။ (ပဌမအကြိမ်နောက် ၃ လနေရင်လဲ စောထိုးနိုင်တယ်။) 
• ၁၃ နှစ်အထက်ကလေးများ 
- ပဌမ၊
- ဒုတိယ = နောက် ၂၈ ရက် (တလ) အကြာ။
MMRV ကာကွယ်ဆေးထဲမှာ measles ဝက်သက် + mumps ပသိရောင်ရောဂါ + rubella ရူဘဲလား (ဂျာမန်ဝက်သက်) + Varicella (chickenpox) ရေကျောက် ကာကွယ်ဆေး ၄ မျိုးပါတယ်။

Dr. တင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ