Gestational Diabetes ကိုယ်ဝန်နဲ့ဆီးချို

၁။ ဆရာရှင့် ကိုယ်ဝန်ဆောင်နဲ့ပျားမီးရွတ်တည့်လားရှင့်။ သမီးအသက်က ၂၉နှစ်ပါ။ ကိုယ်ဝန်ဆောင်တာ ၆လပါ ဆီးချိုမျိုးရိုးလဲရှိပါတယ် OG လဲအပ်ထားပါတယ်။ ဆီးချိုနဲ့ပတ်သတ်တဲ့ စစ်ဆေးမှုတွေအကုန်လုပ်ပြီးပါပြီ OGTTစစ်တာ Glugose သောက်ပြီး 250mg/l ပါ။ တခြားစစ်ဆေးမှုက HbA1C စစ်တာ၂ကြိမ်မှာ ၁ကြိမ်က 6.7 နဲ့နောက်တကြိမ် 5.6 ရှိပါတယ်။ အိမ်မှာ ကိုယ်တိုင်သွေးဖောက်စစ်တာကတော့ အစားမစားမီ 120-140 mg/l စားပြီး 180-190mg/l ရှိပါတယ်ဆရာ။ အဲလောက်ပမာဏတွေဆို အန္တရာယ်ရှိနိုင်လား ရိုးရိုးမွေးဖို့ဖြစ်နိုင်လားဆရာ။ ultrasound ရိုက်တာကတော့ အနေထားတွေအားလုံးကောင်းပါတယ်ဆရာ။ ဆီးချိုအတွက် ဆေးတွေလဲ ကလေးကိုထိခိုက်မှာစိုးလို့ မသောက်ချင်လို့ပါ။ ဒါ့ကြောင့်ထမင်းစားပြီးတိုင်း ပျားမီးရွက်တစ်ရွက်စားပြီးဆီးချိုချတာ Side effect ရှိနိုင်လား သိချင်ပါတယ်ဆရာ။ OG တွေက သေချာဆွေးနွေးချိန်မပေးလို့ပါ။


ပျားမီးရွတ်ကို မသိပါ။ ပျားမီးရွက်လည်း မသိပါ။ သိလည်း မသိလိုပါ။ ဆောရီး။


၂။ မင်္ဂလာပါဆရာ။ ကျွန်မဒုတိယကိုယ်ဝန်ဆောင်းထား ၁၀ ပတ်ရှိပြီ။ သွေးစစ်တာ သကြားဓါတ်တွေ့တယ်တဲ့ဆရာ။ စိုးရိမ်းရလာဆရာ။ ကျွန်မတော့အရမ်းစိုးရိမ်းတယ်။ မှားတာပါခွင့်လွတ်ပါနော်။  ရိုသေးလေးစားစွာဖြင့်။


၃။ ဆရာရှင့် အသက် ၃၀ အမျိုးသမီးပါဆရာ။ ယခုလ ၇ ရက်နေ့ ရာသီမလာသေးလို့စစ်ကြည့်တာမျဉ်းနှစ်ကြောင်းပေါ်ပြီး ကိုယ်ဝန်ရှိပါတယ်ဆရာ။ ဆီးချိုကလည်းနဂိုအခံရှိပါတယ်ရှင့်။ ဖြစ်နေတာ တနှစ်ကျော်လောက်ရှိပါပြီ။ ယခင် ကိုယ်ဝန်နှစ်လလောက်မှာပျက်ကြဖူးပါတယ်။ အရင်ကိုယ်ဝန်တုန်းက ဆရာဝန်က အင်စူလင်ထိုးခိုင်းပါတယ်ဆရာ။ အခုကိုယ်ဝန်ကျ သမားတော်က metformin1500( တနေ့သုံးကြိမ်နှင့် Diabend MR 30 တနေ့နှစ်ကြိမ် သောက်ခိုင်းပါတယ်ဆရာ။ အရင်သောက်နေကျ sitagliptin ကိုဖြုတ်ခိုင်းပါတယ်ဆရာ။ ကျွန်မသိချင်တာက metformin ကကိုယ်ဝန်ဆောင်တယောက်မှာ ဘယ်လောက်ထိသောက်လို့ရပါသလဲဆရာ။ ကလေးထိခိုက်နိုင်ပါလားဆရာ။ အရင်သမားတော်က ကိုယ်ဝန်ရှိတုန်း အင်စူလင်ထိုးခိုင်းပြီး ခုသမားတော်က ဆေးသောက်လို့ ရတယ်ပြောလို့ စိုးရိမ်လို့ပါဆရာ။ ဖြေကြားပေးပါဦးဆရာရှင့် အစဉ်အမြဲလေးစားလျက်။


မကြာမကြာမေးကြတယ်။ အဖြစ်မနည်းပါ။ ကိုယ်ဝန် ၂၄ ပါတ်လောက်မှာ အရင်က မရှိဘူးတဲ့ဆီးချို ရှိနေတာ တွေ့တတ်တယ်။ ၂ဝ၁၄ လေ့လာမှုတခုအရ ကိုယ်ဝန်ဆောင်အားလုံးထဲမှာ ၉့၂% ဖြစ်ကြတယ်။ ဘာလို့ဖြစ်သလည်း တိတိကျကျမပြောနိုင်ပါ။


အဲလိုရှိနေရင် မိခင်ရော ကလေးကိုပါ သူများတွေထက်၊ အရင်ဆီးချိုမရှိပဲမွေးခဲ့တဲ့ ကိုယ်ဝန်ထက် ပိုဂရုစိုက်ရပါတော့မယ်။ သိပ်တော့မစိုးရိမ်ပါနဲ့။ ကလေးမှာမွေးရာပါချို့ယွင်းချက် ထူးရှိစရောအကြောင်းမဟုတ်ပါ။ အသက် ၂၅ နှစ်ကျော်မှာ ကိုယ်ဝန်ရှိသူတွေ၊ မိသားစုထဲမှာဆီးချိုရှိသူပါနေသူတွေ၊ ကိုယ်အလေးချိန်များသူတွေမှာ ပိုဖြစ်တာတွေ့ရတယ်။ အသားမည်းနဲ့ အာရှအမျိုးသမီးတွေက အဖြူတွေထက်များတယ်။


ကလေးအလေးချိန်များနေတတ်တယ်။ တချို့မှာ အဲတာကြောင့်ခွဲမွေးရတတ်တယ်။ စောမွေးတလည်း သူများထက်ပိုတယ်။ တီးချိုကိုထိန်းရင်နဲ့ သကြားဓါတ်အလွန်နည်းတာကိုလည်းသတိထားရမယ်။ မွေးပြီးကောင်းတာများပေမယ့် တချို့မှာ ဆီးချို အမျိုးအစား (၂) ဆက်ရှိတတ်တယ်။ ၄ ယောက်မှာ ၁ ယောက်ဖြစ်တယ်။ ဆီးချိုနဲ့အတူ သွေးတိုရှိတတ်တယ်။ PET ကိုယ်ဝန်သွေးဆိပ်တက်တာလည်းဖြစ်နိုင်တယ်။


ဘယ်လိုထိန်းမလဲ

ကိုယ်ဝန်အပ်ပါ။ ခေါ်ချိန်တိုင်းမှာသွားပါ။ ဆိးချိုစစ်နေပါ။ သွေးထဲကသကြားဓါတ်ကို အမြဲစစ်ဆေးနေပါ။ အစားအကောက် အလွန်အရေးကြီးတယ်။ ကျန်းမာရေးနဲ့ ညီညွတ်တာကိုသာ စားရမယ်။ တားမြစ်ထားတဲ့အစားအသောက်ကိုရှောင်ရမယ်။ ကိုယ်လက်လေ့ကျင့်ခန်းလုပ်ပါ။ တချို့ကိုဆီးချိုဆေးပေးမယ်။ Metformin 500 mg တနေ့ ၂ ကြိမ်၊ 2550 mg ထက် မကျော်စေရ၊ ၁ဝ-၂ဝ% က အင်စူလင်ထိုးဘို့အထိလိုတယ်။ တချို့ကိုစားဆေးပေးမယ်။


ဆီးချိုရောဂါဝေဒနာရှင်များအတွက် အကြမ်းအားဖြင့် အဓိက အစာအုပ်စု (၃) မျိုးရှိတယ်။

(၁) လုံးဝရှောင်ကြဉ်ရမဲ့ အစားအစာတွေ = ဂလူးကို့စ်၊ သကြား၊ နို့ဆီ၊ ထန်းလျက်၊ ကြံသကာ နဲ့ အဲဒါတွေကနေ လုပ်ထားတဲ့ အစားအစာတွေ၊

(၂) အသင့်အတင့်သာ စားသုံးနိုင်တဲ့ အစားအစာတွေ = ဆန်၊ ဂျုံ၊ ပြောင်း၊ အာလူး၊ ကန်စွန်းဥ၊ ပိန်းဥ စတဲ့ ကစီဓါတ်များတဲ့ အစာများ၊ ချိုတဲ့ အသီးအနှံများ၊ ပဲအမျိုးမျိုးနဲ့ အဲဒါတွေကနေ လုပ်ထားတဲ့ အစားအစာတွေ၊


(၃) ကြိုက်သလို စားသုံးနိုင်တဲ့ အစားအစာတွေ = အသား၊ ငါး၊ အချိုဓါတ်မရှိတဲ့ အသီးအနှံများ၊ အရွက်များ။


• ဆန်ဖြူ ထက် ဆန်လုံးညိုက သင့်တယ်။ ခေါက်ဆွဲက ပိုသင့်တယ်။ ပေါင်မုံ့က ကြားကြတယ်။

• သစ်ဥ-သစ်ဖုတွေ အစဉ်လိုက်ဆိုရင် မျောက်ဥ၊ မုန်လာဥနီ၊ ကန်စွန်းဥ၊ အာလူး၊

• ပဲတွေ အစဉ်လိုက်ဆိုရင် ပဲပုတ်၊ ကုလားပဲ၊ ပဲကတ္တီပါ၊ ပဲနီလေး၊ ပဲထောပါတ်၊

• သစ်သီးအမျိုးမျိုး အစဉ်လိုက်ဆိုရင် ပန်းသီး၊ သစ်တော်သီး၊ ဆီးသီး၊ စပျစ်သီး၊ လိမ္မော်သီး၊ ငှက်ပျောသီး၊ သရက်သီး၊ နာနတ်သီး၊ သင်္ဘောသီး၊ ဖရဲသီး၊

• နို့နဲ့ နို့ထွက်ပစ္စည်းတွေ အစဉ်လိုက်ဆိုရင် နွားနို့၊ ဒိန်ချဉ်၊ နို့ဆီ၊ ရေခဲမုန့်၊

• သကြားအမျိုးမျိုး အစဉ်လိုက်ဆိုရင် သစ်သီးသကြား (Fructose)၊ နို့သကြား (Lactose)၊ ကြံသကြား (Sucrose)၊ ပျားရည်၊ ဂလူးကို့စ် (Glucose)၊

• အချိုရည်အမျိုးမျိုး အစဉ်လိုက်ဆိုရင် ပန်းသီးဖျော်ရည်၊ လိမ္မော်ရည််၊ ကိုကာကိုလာ၊ လင်မနစ်၊


ဒီဆေးတွေနဲ့ မသင့်ပါ။

• Furosemide or Frusemide (Lasix) ဆီးသွားစေသည့်ဆေး ဆီးချိုးရှိသူတို့အား မပေးရ၊

• Estrogen and Progestogen ဟော်မုန်း နှစ်မျိုး ပါဝင်သည့် ကိုယ်ဝန်တားစားဆေး၊ ဆီးချိုရောဂါ ရှိနေလျင် မသုံးသင့်။

• Depo-Provera ကိုယ်ဝန်တား ၃ လခံထိုးဆေး၊ ဆီးချိုရောဂါ ရှိလျင် မသုံးသင့်။

• Dexamethasone (စတီရွိုက်)၊ ထိုးဆေး၊ စားဆေးကနေ ဘေးထွက် ဆိုးကျိုး ဆီးချိုဖြစ်နိုင်သည်။


သွေးထဲရှိသကြား (ဂလူးကို့စ်) ဓါတ်စစ်ဆေးခြင်း အဖြေ

(၁) ပုံမှန်

ဘာမှမစားပဲစစ်ခြင်း Fasting Value = ရဝ မှ ၁ဝဝ။

အစာစားပြီးစစ်ခြင်း (စားပြီး ၂ နာရီနောက်) Post Prandial = ၁၄ဝ ထက်နည်းရမည်။


(၂) ဆီးချိုအစအပိုင်း

ဘာမှမစားပဲစစ်ခြင်း Fasting Value = ၁ဝ၁ mg / dl မှ ၁၂၆ mg / dl

အစာစားပြီးစစ်ခြင်း Post Prandial = ၁၄ဝ mg / dl မှ ၂ဝဝ mg / dl


(၃) ဆီးချိုဖြစ်နေပြီ

ဘာမှမစားပဲစစ်ခြင်း Fasting Value = ၁၂၆ mg / dl အထက်။

အစာစားပြီးစစ်ခြင်း Post Prandial = ၂ဝဝ mg / dl အထက်။


ဆီးချိုအတွက် အရပ်ဆေးနည်းတွေ များလှပြီ။ ဘယ်နည်းကမှ ဆီးချိုကို မပျောက်စေပါ။ ဆရာဝန်တွေနည်းကလည်း သွေးထဲမှာ စားပြီးတိုင်းတက်လာတဲ့သကြားဓါတ်ကို ထိန်းပေးတာသာတတ်နိုင်တယ်။ ပျောက်ဆေးမပေါ်သေးပါ။ မယုံကြစေချင်ပါ။ ဆီးချိုပျောက်ဆေးစစ်မှန်ရင် ဆေးပညာနိုဗယ်ဆု ကြားဖြတ်တောင်ပေးနိုင်တယ်။ သကြားဓါတ်ဆိုတာ စားပြီးတိုင်းတက်တယ်။ တနေ့ တခါစာ တခါ၊ လေးခါစား လေးပါတက်တယ်။


ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Daflon 500 mg လိပ်ခေါင်းဆေး

Vaginal itching မိန်းမကိုယ် ယားခြင်း

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ