Neem Leaves တမာရွက်ရဲ့ဆေးစွမ်း ဆန်းစစ်ချက်
(၁၀ နှစ်တိတိကစာ)
(စ) အခုအချိန်ဆိုရင် မြန်မာပြည်ထဲက တမာပင်တွေ ဖူးနေကြ၊ ပွင့်နေကြ၊ သီးနေကြပြီလားလို့ မှန်းဆကြည့်နေမိပါတယ်။ ကျွန်တော်တို့ ကျောင်းသားဘဝတုန်းက မန္တလေး ဝိဇ္ဇာသိပ္ပံတက္ကသိုလ် အမျိုးသမီးအဆောင်ရှေ့က တမာပင်တန်း အောက်မှာ ကျွန်တော်တို့သူငယ်ချင်းတွေ မယ်ဒလင်ကလေးတလက်၊ တယောကလေးတလက်နဲ့ ဆိုတီးဖူးခဲ့ကြတဲ့ သီချင်းကလေးတပုဒ်။ စိတ်ကိုလှည့်စား ပင်လယ်ကြီးခြားလိုက်ချင်ပြီကွယ် (ဆုံး)
ပို့စ်တင်သူကလည်း သူငယ်ချင်းဆရာဝန်။ ကျွန်တော်ကတော့ စိတ်ကူးမယဉ်အားလို့ ဆေးပညာစာပဲ တင်ပါတယ်။
တမာထဲကဓါတ်ကို Azadirachta indica ခေါ်တယ်။ Ayurveda အာယုဗေဒဆေး၊ Unani အူနာနီ နဲ့ Homoeopathic medicine ဟိုမီယိုပက်သစ်ဆေးနည်းတွေမှာသုံးကြတယ်။ Cynosure of modern medicine ခေတ်ပေါ်ဆေးနည်ရဲ့ အဓိကသုံးလို ဖြစ်လာနေတယ်။
သူ့ကိုဓါတ်ခွဲရင် ဒြပ်ပေါင်း ၁၄ဝ မကပါတယ်။ တမာရွက်၊ တမာပွင့်၊ တမာစေ့၊ တမာမြစ်၊ တမာသီး၊ တမာခေါက်တွေကို စမ်းတာဖြစ်တယ်။ ရောင်ရမ်းဖြစ်စဉ်၊ ပိုးဝင်ခြင်း၊ ကိုယ်ပူ၊ အရေပြားနာတွေနဲ့ သွားမကောင်းတာတွေအတွက် သုံးကြတယ်။ အများဆုံးက တမာရွက်ကိုသုံးတယ်။
ဆေးဝါးဗေဒအရ ခုခံအား၊ ရောင်ရမ်းဖြစ်စဉ်၊ ငှက်ဖျား၊ ဖန်းဂတ်စ်၊ ဗက်တီးရီးယား၊ ဗိုင်းရပ်စ်၊ ကင်ဆာအစွမ်းတွေအပြင် အနာသက်သာနဲ့ သကြားဓါတ်ကျစွမ်းတွေလဲ ရှိတယ်။
တမာရဲ့ဆေးစွမ်းကောင်း (၆) မျိုး
(၁) Treating Skin Infections အရေပြားနာများ
တမာရွက်ကို နူးသွားအောင်ပြုတ်ပါ။ ပြုတ်ရည်ကအစိမ်းရောင်ဖြစ်လာမယ်။ အရွက်တွေအရောင်ပြောင်းလာမယ်။ ပြုတ်ရေကို ဆေးအဖြစ်လိမ်းပါ။ ရေချိုးရေထဲလဲထည့်သုံးပါ။
(၂) Addressing Acne Problems ဝက်ခြံ
တမာရွက်ပြုတ်ရည်ကို ဂွမ်းစလေးနဲ့ ဝက်ခြံပေါ်လိမ်းပေးပါ။ (တမာ+သခွါးသီး) နဲ့ (တမာ+ရောဂတ်) တွေကို မျက်နှာမှာ ကပ်နိုင်တယ်။
(၃) Used as Skin Toner အရေပြားတင်းဆေး
တမာရွက် ပြုတ်ရည်ကို မျက်နှာအရေးအကြောင်းတွေထင်နေတာ သက်သာစေမယ်။ ငယ်ရုပ်ဆင်စေမယ်။ ဝက်ခြံအမာရွတ် ထင်နေတာ သက်သာစေမယ်။ (တမာ+နှင်းဆီ) ကိုမျက်နှာမှာကပ်နိုင်တယ်။ ပြီးရင်မျက်နှာသစ်လိုက်ပါ။
(၄) Remedy for Dry Skin အရေပြားခြောက်နေရင်
တမာမှုံ့ထဲမှာ စပျစ်စေ့ဆီနဲ့ရောပြီး မျက်နှာကို ညီညီညာညာလိမ်းပါ။ မိနစ်အနည်းငယ်ကြာရင် ရေအေးနဲ့မျက်နှာသစ်ပါ။
(၅) Cure for Skin Pores အရေပြားအပေါက်များ
ဝက်ခြံခေါင်းမဲကနေ ကျန်ရစ်တဲ့အပေါက်တွေကို သက်သာစေမယ်။ (တမာရွက် + လိမ်မော်ခွံ) ရောထောင်းပါ၊ (ပျားရည် + ရောဂတ် + ပဲပုပ်ဆီ) နဲနဲစီရောပါ၊ တပါတ် ၃ ကြိမ်လိမ်းပါ။ တမာဆီလဲသုံးနိုင်တယ်။
(၆) Takes care of Hair Troubles ဆံပင်
ဆံပင်ပေါက်သန်စေမယ်။ တမာဆီကို ဘောက်၊ မှိုရောဂါတွေအတွက်သုံးနိုင်တယ်။ တမာမှုံ့နဲ့ရေရောပြီး ခေါင်းလိမ်းပြီး တနာရီစောင့်ပါ၊ နောက် ခေါင်းလျှော်လိုက်ပါ။
မှတ်ချက်
တမာရွက်စားလို့ တက်တယ်လို့ ဆေးစာတွေထဲမှာတော့ မရှိ။ မြန်မာပြည်မှာတော့ အပြည့်။
ဒေါက်တာတင့်ဆွေ
၂၈-၅-၂၀၁၆

Comments
Post a Comment