Cancer and Sugar Myth ကင်ဆာ နှင့် သကြား အထင်မှား
၁။ သွေးကင်ဆာ ရောဂါရှင်က သကြားမစားရဘူးဆိုတာ ဟုတ်ပါသလားဆရာ ကော်ဖီ သောက်လို့ရလား လဖက်ရည်သောက်လို့ရလား ပေါင်မုန့်စားလို့ရလား ဆရာရှင့်
၂။ ဆရာရှင့် ကင်ဆာရောဂါတွေဖြစ်တဲ့အခါ သကြားလုံးဝမစားရဘူးလို့လည်း ပြောကြပါတယ် သင့်တင့်မျှတတဲ့အာဟာရ ရအောင် စားသင့်တယ်လို့လည်းပြောကြပါတယ်ရှင့် ဘယ်ဟာကအမှန်လဲသိချင်ပါတယ်ရှင့်
အတိုဆုံး ဖြေရရင် ကင်ဆာနဲ့အတူ ဆီးချိုပါတွဲရှိသူ အချိုစားတာသောက်တာ ဆင်ခြင်ရမယ်။ ဆီးချိုမရှိရင် ကင်ဆာရှိနေသူဟာ လူတိုင်းစားတာ ၁၀၀% စားသောက်နိုင်တယ်။
ဘိုလိုရေးတာကိုပါ ထည့်မယ်။
Myth: People with cancer shouldn't eat sugar, since it can cause cancer to grow faster. Fact: Sugar doesn't make cancer grow faster. All cells, including cancer cells, depend on blood sugar (glucose) for energy. But giving more sugar to cancer cells doesn't speed their growth.
ကင်ဆာရောဂါရှိနေသူ သကြားမစားရလို့ပြောခြင်းသည် အယူအဆအမှားသာဖြစ်သည်။ ကင်ဆာဆဲလ်အပါဝင် ဆဲလ်တိုင်း အင်နာဂျီရဘို့ သကြားဓါတ်လိုကြတယ်။ ဒါပေမဲ့ သကြားဓါတ်ပိုစားမိလို့ ကင်ဆာဆဲလ်တွေ ပိုပွါးများစရာအကြောင်းမရှိ။
ထပ်ဖြည့်မယ်။ ဆီးချိုရှိနေသူတော့ သကြားမသင့်။ ဆီးချိုမရှိသူ သကြားပိုစားမိလည်း ကိုယ်ခန္ဓာစနစ်က ထိန်းပေးတယ်။ တခြားကျန်းမာရေးတွေအတွက် သကြားဓါတ်များတာ မကောင်း။
ထပ်ဖြည့်ဦးမယ်။ မမှန်တာကို မပြောသင့်။ မသိပဲနဲ့ မလိမ်ညာသင့်။ အလိမ်မခံသင့်။ အမှားတွေ မဖြန့်ဝေသင့်။
မေးကြ ရေးကြတာတွေကို မထည့်တော့ပါ။ ကင်ဆာနဲ့ သကြား မတည့်ဘူးသာ တွင်တွင်ပြောနေကြတယ်။
ဆေးသိပ္ပံပညာအရသာ ရေးမယ်။ မတည့် မရှိပါ။ ကျွန်တော် သကြားမရောင်းပါ။
သကြားစာရင် ကင်ဆာဆဲလ်တွေ ပိုပွွါးစေမယ်လို့ထင်တာ မမှန်ပါ။ Myth ခေါ် အထင်မှားတာ။ Fact ခေါ် အမှန်က ဆဲလ်တိုင်းက သကြားလိုတာတော့ မှန်တယ်။ သကြားရမှ Energy အင်နာဂျီ ခေါ် စွမ်းအင်ရတယ်။ သကြားကြောင့်တော့ ကင်ဆာဆဲလ်တွေ ပွါးများတာကို အားမပေးပါ။
သကြားစားတာများရင် ကိုယ်အလေးချိန်တက်မယ်။ အဝလွန်တာနဲ့ ကင်ဆာ ဆက်စပ်မှုရှိတယ်။
ကင်ဆာဆဲလ်တွေက ပုံမှန်ဆဲလ်တွေထက် ပွါးမျာတာ မြန်တယ်။ အဲတော့ အင်နာဂျီပိုသုံးတယ်။ ကင်ဆာဆဲလ်တွေက သကြားဓါတ်သာမက အာဟာရဓါတ်တွေပါသုံးတယ်။ Amino acids အမိုင်နိုအက်စစ်နဲ့ Fats အဆီတွေ။
ကင်ဆာနဲ့ မသင့်တဲ့ အစားအသောက်တွေဆိုတာ
• Processed meats ပြုပြင်စီမံထားတဲ့အသားတွေ၊
• Red meats အမဲသား၊ ဝက်သား၊ ဆိတ်သား ခေါ် ရဒ်မိ တွေ၊
• Salty, sugary, or oily foods အငန်များတာ၊ အချိုများတာနဲ့ အဆီများတာတွေ၊
• Alcoholic beverages အရက်သေစာ၊
• Deep-fried foods ကြာကြာကြော်ထားတာတွေ၊
• Grilled foods ကင်ထာတာတွေ၊
• Foods with a lot of preservatives like pickles အထားခံအောင် အချဉ်တည်ထားတာတွေ။
တကယ်တော့ အဲလိုအစားအသောက်တွေက ပုံမှန်ကျန်းမာရေးအတွက်ပါ မသင့်တာဖြစ်တယ်။ ကင်ဆာအတွက်သာ မသင့်တာ မဟုတ်ပါ။
American Heart Association အမေရိကန် နှလုံးအသင်းရဲ့အကြံပြုချက်
• အမျိုးသမီးတွေ တနေ့မှာ သကြား လက်ဖက်ရည်ဇွန်း (၆) ဇွန်း (25 grams) ထက် မပိုသင့်။
• အမျိုးသားတွေ တနေ့မှာ သကြား လက်ဖက်ရည်ဇွန်း (၉) ဇွန်း (37 grams) ထက် မပိုသင့်။
• အသီးအရွက် ၅၀% စားသုံးပါ။
အဲဒါက နှလုံးကျန်းမာရေးအတွက်ဖြစ်တယ်။ ကင်ဆာအတွက် မဟုတ်။ ကင်ဆာနဲ့အတူ ဆီးချိုပါတွဲရှိသူ အချိုစားတာသောက်တာ ဆင်ခြင်ရမယ်။ ဆီးချိုမရှိရင် ကင်ဆာရှိနေသူဟာ လူတိုင်းစားတာ ၁၀၀% စားသောက်နိုင်တယ်။
ဒေါက်တာတင့်ဆွေ


Comments
Post a Comment