Inverted nipples နို့ပါးစပ်
(ကန်တော့)
မေးခွန်းတွေ မတထည့်တော့ပါ။ တချို့က ပုံပါပို့မေးကြတယ်။ ပုံတွေ မလိုပါ။
နို့သီးထိပ်ရဲ့တစိတ်တပိုင်းဝင်နေတာကို Dimpled ခေါ်တယ်။ အကုန်ဆိုရင် Inverted ခေါ်တယ်။ တချို့တ တဖက်ထဲ ဖြစ်တယ်။ နည်းနည်းသာဖြစ်သူက ကလေးကိုနို့တိုက်လို့ ပြဿနာမကြီးဘူး။
အဖြစ်များပြီး အများအားဖြင့် အန္တရာယ်မရှိတတ်ပါ၊၊ မွေးစကတည်းက ရှိနေတတ်ကြပါသည်။
လူ ၁၀ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းခန့်တွင် ဖြစ်ပွားတတ်ပြီး ပြန်လည်ပြင်နိုင်စွမ်းအပေါ် မူတည်၍ အဆင့် ၃ ဆင့် ခွဲခြားထားပါသည်-
အဆင့် ၁ (Grade 1): နို့သီးခေါင်းကို နှိုးဆွပေးခြင်း (သို့) လက်ချောင်းဖြင့် ဆွဲထုတ်ခြင်းဖြင့် အလွယ်တကူ ထွက်လာပြီး ခဏတာမျှ ဆက်လက် ထွက်နေပါသည်။
အဆင့် ၂ (Grade 2): နို့သီးခေါင်းကို ဆွဲထုတ်နိုင်သော်လည်း လက်လွှတ်လိုက်သည်နှင့် ချက်ချင်းဆိုသလို ပြန်လည် ဝင်သွားပါသည်။
အဆင့် ၃ (Grade 3): နို့သီးခေါင်းမှာ အလွန်အမင်း ဝင်နေပြီး လက်ဖြင့် ဆွဲထုတ်၍ မရနိုင်ပါ။
ဖြစ်ပွားရသည့် အကြောင်းရင်းများ
မွေးရာပါ: မွေးစကတည်းက ဖြစ်ခြင်း။ နို့ရည်လမ်းကြောင်းများ (သို့) အမျှင်တန်းများ သဘာဝအလျောက် တိုနေခြင်း (သို့) တင်းနေခြင်းကြောင့် နို့သီးခေါင်းကို အတွင်းဘက်သို့ ဆွဲကပ်ထားခြင်း ဖြစ်သည်။ ယေဘုယျအားဖြင့် ရင်သားနှစ်ဖက်စလုံးတွင် ဖြစ်တတ်သည်။
နောက်ပိုင်းမှ ဖြစ်လာခြင်း: အသက်ကြီးလာခြင်း၊ ခွဲစိတ်မှု (သို့) ထိခိုက်ဒဏ်ရာကြောင့် အမာရွတ်ဖြစ်ခြင်း၊ ကိုယ်အလေးချိန် အလွန်အကျွံ ကျဆင်းခြင်း၊ (သို့) နို့သီးခေါင်းရောင်ရမ်းခြင်း (Mastitis) ကဲ့သို့သော ရောဂါပိုးဝင်ခြင်းများကြောင့် ဖြစ်သည်။
သတိပေးချက်: ရုတ်တရက် သို့မဟုတ် အသစ်ပေါ်လာသော အတွင်းဝင်ခြင်း—အထူးသဖြင့် ရင်သားတဖက်တည်းတွင် ဖြစ်ခြင်း၊ မူလအတိုင်း ပြန်မထွက်လာခြင်း (သို့) အကျိတ်၊ နာကျင်ခြင်း၊ အရေပြားတွန့်ခြင်း၊ သွေးပါသော အရည်ထွက်ခြင်းတို့နှင့် တွဲ၍ ဖြစ်လာပါက ရင်သားကင်ဆာ (သို့) ပေဂျက်ရောဂါ (Paget's disease) ကို တခါတရံ ညွှန်ပြနေတတ်သည်။
ထိန်းသိမ်းခြင်းနှင့် ကုသခြင်း
ကုသမှု မလိုအပ်ပါ: နာကျင်မှု သို့မဟုတ် ကျန်းမာရေး အပြောင်းအလဲ မရှိသော မွေးရာပါ အတွင်းဝင်နေသည့် နို့သီးခေါင်းများအတွက် ဆေးကုသမှု ခံယူရန် မလိုပါ။
နို့တိုက်ခြင်းအတွက် အထောက်အကူပြုခြင်း: အတွင်းဝင်နေသော နို့သီးခေါင်းရှိသူ အများစုသည် ကလေးကို အောင်မြင်စွာ နို့တိုက်နိုင်ကြပါသည်။ တခါတရံ ကြိုတင်၍ လက်ဖြင့် နှိပ်နယ်ခြင်း၊ နို့စုပ်စက်သုံးခြင်း (သို့) နို့သီးခေါင်းကာ (nipple shields) များကို အသုံးပြုကြရသည်။
ခွဲစိတ်မှု မလိုသော ပစ္စည်းများ: စုပ်ယူပေးသည့် ကိရိယာများ (နို့သီးခေါင်း ပြန်ဖော်သည့် ကိရိယာများကဲ့သို့) သည် အနည်းငယ် အတွင်းဝင်နေခြင်းကို ယာယီအားဖြင့် ဆွဲထုတ်ပေးနိုင်ပါသည်။
ခွဲစိတ်ကုသခြင်း: တင်းနေသော နို့ရည်လမ်းကြောင်းများ (သို့) အမျှင်တန်းများကို ပြေလျော့စေရန်အတွက် အသေးစား ခွဲစိတ်ကုသမှုဖြင့် အမြဲတမ်း ပုံမှန်အထွက်အတိုင်း ဖြစ်လာအောင် ပြုလုပ်နိုင်ပါသည်။ သို့သော် အသုံးပြုသည့် နည်းလမ်းပေါ်မူတည်၍ နောင်တွင် နို့ထွက်ခြင်းအပေါ် သက်ရောက်မှု ရှိနိုင်ပါသည်။
အဆင့် (၁) လက်နဲ့ဆွဲထုတ်ပေးလို့ လွယ်တယ်။ နို့သီးဘေးက အညိုရောင်အဝိုင်း Areola ပေါ်မှာ ဖိထားပြီး၊ ထိပ်ဖျားကို ထုတ်ပေးရတယ်။ အဆင့် (၂) ဆွဲထုတ်လို့ရပြီး၊ ပြန်ဝင်သွားတဲ့အဆင့်။ မခွဲတဲ့နည်းကို စမ်းနိုင်တယ်။ မရရင် ခွဲစိတ်ရမယ်။ အဆင့် (၃) ဆွဲထုတ်လို့မရ။ ခွဲစိတ်ပြုပြင်ရမယ်။
ခွဲစိတ်နည်း
ထုံဆေးနဲ့ခွဲတယ်။ နို့သီးထိပ်ရဲ့အခြေ၊ အရောင်ရင့် အဝိုင်း Nipple areola junction မှာ ဒါးနဲ့ခွဲပေးပြီး၊ နို့သီးဖျားကို ခွက်ဝင်နေအောင် ဆွဲထားတဲ့ Tethered structure ကို ရှင်းပေးရတယ်။ ဘယ်လောက်အထိ ရှင်းရမလဲဆိုတာက ဖြစ်နေတဲ့အပေါ်မှာ မူတည်တယ်။ ခွဲစိတ်ပြီးနောက် ဆေးထည့်တာကို (စပါယ်ရှယ်) လုပ်ပေးရတယ်။ Plastic and white non-stick padding dressings ကို ခွဲစိတ်အပြီး၊ ၂၄ နာရီအတွင်းမှာ သုံးရတယ်။ နို့သီးထိပ်ပိုင်းကို ဖိနှိပ်ထားသလိုမျိုး မဖြစ်စေအောင် လုပ်ရတယ်။ ဆေးခန်းသုံးဂွမ်းစ အလည်မှာ အပေါက်ဖေါက်ပေးတာမျိုး ပြောတာပါ။ ပြီးမှ Bra ခပ်နုနု သိပ်မချောင်တာမျိုး ဝတ်စေရတယ်။ Tape (တိပ်) ကနေ အသားနု တက်လာမဲ့ အရေပြားနဲ့ (တရှူး)တွေကို မထိခိုက်စေရပါ။ ပိုးသေဆေးအပြင် အနာသက်သာဆေးပေးတယ်။
မခွဲစိတ်နည်း
လက်နဲ့ဘဲ ဆွဲထုတ်နည်းပါ။ အရောင်ရင့်အဝိုင်း နို့သီးထိပ်ဘေးကပ်လျက်နေရာမှာ လက်မနဲ့ လက်ညှိုးကိုထားပြီး၊ ခပ်တင်းတင်း အောက်ကို ဖိချ၊ တပြိင်နက်တည်းမှာ ဘက်နှစ်ချောင်းကို အဝေးကို ခွါပေးရတာပါ။ အနည်းဆုံး တနေ့ ၂-၅ ကြိမ်လုပ်ရတယ်။
နို့စုပ်စရာနဲ့စုပ်နည်း၊ ဝယ်လို့လွယ်တယ်။ တောတွေမှာ ဝယ်မတော့ သင်္ဘောရွက်အရိုးနဲ့ စုပ်ပေးကြတယ်။ Evert-it Nipple Enhancer ဆိုတာလည်း (စီလီကွန်) နဲ့လုပ်ထားတဲ့ ဆေးထိုးပိုက်လို ကရိယာဖြစ်တယ်။ နို့မတိုက်ခင် လုပ်ပေးရတယ်။ နို့သီးထိပ်ကို ဆွပေးတာပါ။ လက်မနဲ့ လက်ညှိုးသုံး၊ ၁-၂ မိနစ် ကိုင်ပြီး၊ လှိမ့်ပေးပါ။ ပြီးရင် ချက်ချင်း အေးနေတဲ့ (ရေခဲ)အဝတ်နဲ့ ထိပေးပါ။ ရေခဲကို အကြာကြီးတော့ မသုံးပါနဲ့။ ထုံသွားမှာစိုးလို့။ ဟိုရုပ်ရှင်မျိုးရိုက်ရင် အဲဒီနေရာကို အသားပေဘို့ လုပ်တဲ့နည်းအတိုင်းပါဘဲ။
Medela SoftShells ဆိုတာက မခွဲစိတ်ဘဲ သုံးနိုင်တယ်လို့ ကြော်ညာတဲ့ ပစ္စည်းဖြစ်တယ်။ ခပ်ခုံခုံး ပလပ်စတခွံမှာ soft, flexible silicone နူးညံ့တဲ့ (စီလီကွန်) ပစ္စည်းနဲ့လုပ်တာ။ လေဝင်ဘို့ အပေါက်လည်းပါတယ်။ နို့ရည် စုပ်နိုင်အောင် Highly absorbent foam ထည့်ထားတယ်။ နို့ရဲ့ အရောင်ရင့်ပိုင်းကို ဖိပေးထားတာမို့ နို့သီးထိပ်ကို စူထွက်လာစေတယ်။ အပေါ်ကနေ ပုံမှန်ဝတ်ဆင်ထားရင် ပါနေမှန်း မသိရဘူး။
Avent Niplette ဆိုတာကလည်း Plastic thimble-like cup (ပလပ်စတ) ခွက်တခုပါ။ နို့ထိပ်ပိုင်းကို ပန်းပုထုသလို လုပ်တာမျိုးပါဘဲ။ ထိပ်ဖျားစူထွက်စေအာင် ဘေးက အရောင်ရင့်ပိုင်းကို ဖိပေးစရာ ဖြစ်နေအောင်လုပ်တာပါ။ ဘရာကို တလကိုးသီတင်း ဝတ်ထားရင် နို့သီး ထွက်နေမယ်လို့ ဆိုတယ်။ ကိုယ်ဝန်မဆောင်ခင်နဲ့ ကိုယ်ဝန် ၆ လအတွင်း သင့်တယ်လို့ ပြောတယ်။ မွေးရာပါအတွက်တော့ အာမခံတာ မတွေ့ရဘူး။
ဘယ်ကလေးမဆို နို့တိုက်တာကို မွေးပြီး၊ အစောဆုံး (၂-၃ နာရီ အတွင်း) တိုက်သင့်တယ်။ အဖြူရောင်နို့ရည် မထွက်သေးလည်း တိုက်ပါ။ ရောဂါကို ခံနိုင်တဲ့ (အင်တီဘော်ဒီ) တွေပါတယ်။ နို့သိပ်တင်းလာမှာကို ကာကွယ်ရာလည်း ကျတယ်။ ကလေးကိုလည်း နို့တွေ သိပ်မများခင် အစို့သင်ရာလည်း ရောက်တယ်။ နို့တိုက်နေတုံး နို့အုံကို အရောင်ရင့် အဝိုင်း Areola အပြင်မှာ လက်မက အပေါ်၊ ကျန်လက်ချောင်းတွေက အောက်ထားပြီး၊ ဖိပေးရတယ်။ နို့တခါ တိုက်ပြီးတိုင်း နို့ထိပ်ကို ခြောက်နေပါစေ။ တချို့က Lansinoh brand lanolin ကို သုံးတယ်။
ကွန်မင့်ကနေ မဖွယ်မရာရေးသူတွေကို ဘလော့ပါမယ်။
Dr. တင့်ဆွေ

Comments
Post a Comment