COVID-19 Infection and Vaccine ကိုဗစ်ဖြစ်ပြီးသူနှင့် ကာကွယ်ဆေး မေးခွန်းများ

၁။ ဆရာရှင့် Covit 19 ဖြစ်ပြီးဘယ်လောက်ခြားပြီးမှကာကွယ်ဆေးထိုးလို့ရလဲရှင့်

၂။ ဆရာကျွန်မအသက် ၃၇ နှစ်ပါ။ ခု covid တတိယလှိုင်းမှာကျွန်မ covid ဖြစ်ပါတယ်။ ခုတော့ပြန်ကောင်းလာပါပြီရှင်။ ကျွန်မသိချင်တာက covid ဖြစ်ထားတဲ့လူက ကာကွယ်ဆေးကိုဖြစ်ပြီး ဘယ်နှလ (နှစ်လ) နေမှ ထိုးလို့ရတာလဲ ဒါမှမဟုတ် ဖြစ်ပြီးပျောက်သွားတာနဲ့ ချက်ချင်းထိုးလို့ရ မရ သိချင်ပါတယ်ဆရာ။ 

၃။ ဆရာရှင့် COVID Positive ဖြစ်ပြီးတာ ဖြစ်တဲ့နေ့ကစရေတွက်ရင် ယနေ့ဆို ၁လနဲ့ ၉ရက်ရှိပါပြီ Antibody လည်းထွက်ပါပြီ ကာကွယ်ဆေးထိုးလို့ ရမရသိချင်လို့ပါရှင့်

၄။ မင်္ဂလာပါ ဆရာခင်ဗျာ့ Covid ဖြစ်ပြီး ကာကွယ်ဆေးက (၆) လကြာမှ ထိုးရတာပါလား ခင်ဗျာ

၅။ ဆရာ covid ကွာကွယ်ဆေးနဲ့ ပတ်သက်ပီး (ပတ်သက်ပြီး) မေးချင်လို့ပါဗျ Covid positive ဖြစ်ပီး (ဖြစ်ပြီး) ဘယ်နှစ်လကြာမှ ကာကွယ်ဆေး ထိုးသင့်ပါသလဲ ကျွန်တော်က covid positive ဖြစ်တာ တစ်လ (တလ) ကျော်ပါပီ (ကျော်ပါပြီ) တရုတ်ထုတ် Sinophram ကာကွယ်ဆေး ထိုးလို့ရပါသလား အခုထိုးမယ်ဆိုရင်

၆။ ဆရာ ကိုဗစ်ဖြစ်ပီး(ပြီး)တဲ့လူက ဘယ်လောက်ကြာမှ ကာကွယ်ဆေးထိုးလို့ရပါလဲ။

၇။ ဆရာရှင့် အမှားပါရင် ခွင့်လွှတ်ပါရှင့် covid ဖြစ်နေတာမသိဘဲ ကာကွယ်ဆေးထိုးမိရင် ဆိုးကျိုးရှိပါသလားရှင့် covid တော့စစ်ထားပါတယ်ရှင့် အဖြေမသေချာမှာစိုးလို့ပါရှင့် (ဆိုးကျိုးတော့ မဖြစ်လောက်လို့ယူဆ။ ဆေးသုတေသန မစုံလင်သေးပါ။)

၈။ ဆရာ ကိုဗစ်ဖြစ်ပီး(ဖြစ်ပြီး)တဲ့လူက ဘယ်လောက်ကြာမှ ကာကွယ်ဆေးထိုးလိုရပါလဲ။

၉။ ကျမဖေဖေ နေမကောင်းဖြစ်ပီး (ဖြစ်ပြီး) test စစ်တော့ N ထွက်ပါတယ် ဖေဖေက အသက်၇၂ ဆီးချိုရှိပါတယ် နေမကောင်းဖြစ်တယ်ဆိုတာ ကိုယ်ပူလိုက်ကျလိုက်ဖြစ်တာ၃ရက်လောက် အစားပျက် လူနုံးဖြစ်ပါတယ် ကျမလည်း အနည်းငယ်နေမကောင်းဖြစ် ချောင်းဆိုးတဲ့အတွက် test စစ်တော့ P ထွက်ပါတယ် ကျမတို့အိမ်မှာမိသားစု ၃ ယောက်ရှိတာ ကျမရယ် ကျမဖေဖေရယ် သားလေးရယ်ပါ သားလေးကိုတော့ test မစစ်ပါဘူး သူက ၁၉နှစ်ပါ သူကပဲအမေနဲ့အဖိုးကိုပြုစုပါတယ် အခုကျမက ၁၇ရက်မြောက် ဖေဖေက နေမကောင်းတာ ၂၀ရက်မြောက်ပါ ဖေဖေက စနေမကောင်းထဲက O2 က ၉၅အောက် ၉၂လောက်ထိ ၂ခါလောက်ကျဖူးပါတယ် ကျန်တဲ့အချိန်တွေမှာ ၉၅ ၉၆ဝန်းကျင်ပါ နှလုံးခုန်နှုန်း ၅၀လောက်ဖြစ်ဖူးပါတယ် အခု ကျမရောဖေဖေရောသက်သာပါတယ် ကျမမေးချင်တာ ဖေဖေ့ကို ကာကွယ်ဆေးထိုးပေးလို့ရလားရှင် test စစ်ထားတာ N လက္ခဏာတွေက p လက္ခဏာဆိုတော့ ကာကွယ်ဆေးထိုးပေးရမလား မထိုးရဘူးလားဝေခွဲမရပါရှင့် နောက်ပီး (နောက်ပြီး) ဖေဖေရောကျမရောသွေးစစ်ဖို့လိုလားရှင့်

- WHO ကိုဗစ်ကူးစက်ခံရပြီးသူတွေလည်း ကိုဗစ်ကာကွယ်ဆေး ထိုးူရမည်။ သက်ဆိုင်ရာကျန်းမျာရေးဌာနက သတ်မှတ်ချက်အတိုင်း ထိုးနိုင်သည်။
- ယူကေမှာပိုးတွေ့ (သို့) ရောဂါလက္ခဏာပြတဲ့အချိန်ကနေ (၂၈) ရက်ကြာရင် ထိုးနိုင်ပြီလို့သတ်မှတ်ထားပါတယ်။

ကိုဗစ်ကူးစက်ခံရပြီးသူတွေလည်း ကိုဗစ်ကာကွယ်ဆေး ထိုးရမည်။ သက်ဆိုင်ရာကျန်းမျာရေးဌာနက သတ်မှတ်ချက်အတိုင်း ထိုးနိုင်သည်။ ကိုဗစ် ကူးစက်ခံရသူတွေ ရောဂါလက္ခဏာတွေရှိနေစဉ် ကိုဗစ်ကာကွယ်ဆေး မထိုးရသေးပါ။ ကိုဗစ် ကူးစက်ခံရဘူးသူတွေလည်း ကိုဗစ်ကာကွယ်ဆေး ထိုးရမယ်။ ဒါပေမဲ့ သက်ဆိုင်ရာကျန်းမာရေးဌာနက ရက်သတ်မှတ်ချက်အရ ထိုးရတယ်။ လူနာတယောက်နဲ့တယောက်၊ တိုင်းပြည်တခုနဲ့တခု မတူတတ်ပါ။

- Isolation ခေါ် သီးခြားနေထိုင်ရခြင်းကာလကနေ လွတ်ရင် ကာကွယ်ဆေးထိုးနိုင်ပြီ။ 
- တနည်းအားဖြင့် တခြားသူတွေကို ကူးစက်နိုင်တဲ့ရက်ကျော်ရင် ထိုးနိုင်ပြီ။
- အသက် (၁၈) နှစ်အောက်တွေကို ကိုဗစ်ကာကွယ်ဆေး နိုင်ငံတွေအလိုက် သတ်မှတ်ချက် မတူ။ ဥပမာ ယူအက်စ်အေမှာ အခု (၁၂) နှစ်အထက်ထိုး။
- တနည်းအားဖြင့် တခြားသူတွေကို ကူးစက်နိုင်တဲ့ရက်ကျော်ရင် ထိုးနိုင်ပြီ။

ကိုဗစ် စစ်လို့ (+) ပြသူတွေ 
• နောက် ၁၀ ရက်အထိသာကူးစက်နိုင်တယ်။
• နောက်တခုက သာမန်လက္ခဏာစတင်ခံစားရပြီးနောက် ၁၀ ရက်။
• နောက်တခုက ဆိုးတဲ့ရောဂါလက္ခဏာတွေ စတင်ခံစားရပြီးနောက် ၂၀ ရက်။
• နောက်တခုက လက္ခဏာပျောက်ပြီးနောက် ၁၀ ရက်။
• လေ့လာမှုတခုက ၉ ရက်။ 

၁၀။ ဆရာ ခင်ဗျာ ကျနော့် ညီ မိသားစု ၄ ယောက် ပြီခဲ့တဲ့လ ၃၁ ရက်နေ့က P ဖြစ်လို့ အပြင်မှာ အိမ်ခွဲပြီးနေပါတယ် ယနေ့ ၂၁ ရက် ပြည့်စစ်ကြည့်တော့ C တစ်လိုင်းစီ (တလိုင်းစီ) ဘဲ အဖြေထွက်တယ် အိမ်ပြန်ပြီး မိသားစု အတူတကွ နေဖို့ ဖြစ်နိုင်ပါ့မလား ခင်ဗျာ အဖြေ G မထွက်တဲ့အတွက် အတူတကွ ပြန်နေဖို့ ကောင်းပါ့မလား ခင်ဗျာ

မြန်မာပြည်က စစ်ဆေးနည်းမျိုးကို ယူအက်စ်အေမှာ မသုံးပါ။ ကျွန်တော်လည်း နားမရှင်းသေးပါ။ အမေရိကန် CDC ရဲ့ လမ်းညွှန်ကိုသာ တင်ပြပါမယ်။
Antibody ကိုဗစ် အင်တိုင်ဘော်ဒီ စစ်ဆေးခြင်း သို့မဟုတ် serology tests ဆီရော်လော်ဂျီ စစ်ဆေးခြင်းလို့ ခေါ်တယ်။
ကိုဗစ်ကူးစက်ခံထားရသူ သို့မဟုတ် ကာကွယ်ဆေးထိုးထားသူတွေမှာ အပေါင်းပြမယ်။ အင်တိုင်ဘော်ဒီတွေ ဘယ်လောက်ကြာကြာ ရှိနေမလဲ တယောက်နဲ့တယောက် မတူတတ်ပါ။ 
Antibody tests စမ်းသပ်နည်းကို အင်ဖက်ရှင် ခေါ် ကူးစက်မှု ရှိနေ မနေအတွက် မသုံးပါ။ ဖြစ်ခဲ့တာအတွက်သာ သုံးတယ်။ အင်ဖက်ရှင်ရှိနေလည်း စောရင် မပြသေး။ ၁-၃ ပါတ်နေမှာသာ (+) ပြမယ်။ 

Effect of vaccination ကာကွယ်ဆေး
ကာကွယ်ဆေးထိုးပြီးသူတိုင်း (+) ပြမယ်။ ဒါပေမဲ့ လူတိုင်းတော့ (+) ပြချင်မှသာ ပြမယ်။ 
အဲဒါကြောင့် ကာကွယ်ဆေးထိုးထားသူတွေ ခုခံအားရ မရ အတွက် ကိုဗစ် အင်တိုင်ဘော်ဒီ စစ်ဆေးခြင်းနည်းကို မသုံးပါ။
ထိုးထားပြီ (-) ပြသူတွေကို ကာကွယ်ဆေးထပ်ထိုးပါလို့ မဆိုလိုပါ။
ကာကွယ်ဆေးထိုးထားပြီးသူ တချို့ ပြန်ပြီးကူးစက်ခံရနိုင်တယ်။ အရေအတွက် မများပါ။

If you test positive အပေါင်းအဖြေထွက်ခြင်း
ကူးစက်ခံထားရသူတွေလည်း ကာကွယ်ဆေးထိုးရန် လိုတယ်။ အင်တိုင်ဘော်ဒီတွေ ပိုရလာစေပါမယ်။ 
ကူးစက်ခံတာတွေ မခံစားရ၊ ကာကွယ်ဆေးလည်းမထိုးရသေးသူတချို့မှာ (+) ပြတာမျိုး ရှိနိုင်တယ်။ asymptomatic infection ကူးစက်ခံရပေမဲ့ လကဏာမပြသူဖြစ်တယ်။

If you test negative အနှုတ်အဖြေထွက်ခြင်း
အင်တိုင်ဘော်ဒီ မရှိသူ။
ကူးစက်ခံရခြင်း မရှိသူတွေနဲ့ ကာကွယ်ဆေးလည်း မထိုးရသေးသူတွေ။
တချို့မှာ false positive အဖြေမှား ပြနိုင်တယ်။ ဆင်တူတဲ့ အင်တိုင်ဘော်ဒီရှိနေလို့ဖြစ်တယ်။

၁၁။ ဆရာရှင့် Covid က ကာကွယ်ဆေးထိုးပြီးသားလူကော ဖြစ်နိုင်ပါသလားရှင့်

ကိုဗစ်ကာကွယ်ဆေး ထိုးထားသူတွေလည်း ကူးစက်တာ မဖြစ်လောက်လို့ အထောက်အထားတွေက ဆိုပါတယ်။ ရောဂါမခံစားရတာနဲ့ သူများကို ကူးစက်စေနိုင်တာကို ဆိုလိုတယ်။ ဆေးသုတေသနကို (Pfizer-BioNTech and Moderna) ကာကွယ်ဆေးထိုးထားသူတွေကို ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ အဲဒါတွေက ယူအက်စ်အေမှာ ထိုးပါတယ်။ ကျန်ဆေးတမျိုးဖြစ်တဲ့ Johnson & Johnson/Janssen ကိုတော့ လေ့လာနေဆဲ။ (၂၀၂၁၊ မေ ၂၇)

နောက်လေ့လာမှုတခုအရ ကိုဗစ်ကာကွယ်ဆေး ထိုးထားသူတွေ ကူးစက်ခံရဦးတော့ ဆေးရုံတက်ရတာလည်း ဖြစ်နိုင်ခြေ နည်းတယ်။ ရာနှုန်းပြည့် အာမခံချက်တော့ မရှိပါ။ ကူးကောင်းကူးနိုင်တယ်။ သူများကိုလည်း ထပ်ဆင့်ကူးစေနိုင်တယ်။ 

၁၂။ ဆရာ Covid က ၅ နှစ်အထက် ၁၀ နှစ်အောက် ကလေးတွေကို ကူးစက်နိုင်လားဆရာ
ကလေးတွေနဲ့ ဆယ်ကျော်သက်တွေလည်း ကိုဗစ် ကူစက်ခံရနိုင်တယ်။ သူများကို ဆက်ကူးစက်နိုင်တယ်။ ကူးစက်ခံရရင် သက်သာတာတွေ့ရတယ်။ တချို့မှာ ရောဂါလက္ခဏာတွေ မပေါ်ပါ။ လေ့လာမှုတွေ ဆက်လုပ်နေတယ်။ အခုစာရေးနေတဲ့အချိန်ထိ ကူးစက်ခံရသူအားလုံးထဲမှာ ကလေးသူငယ် ၈့၅% သာပါတယ်။ သေဆုံးမှုလည်း အတော်နည်းတယ်။ ဆိုးဆိုးဝါးဝါးခံစာရသူ နည်းနည်းလည်း ရှိတယ်။ ကလေးဆိုတာ ၁၈ နှစ်အောက်ကို ဆိုလိုတယ်။ အသက် ၁၈ နှစ်အောက် ကို ကိုဗစ်ကာကွယ်ဆေး ထိုးပေးနေပြီ။ အခုလက်ရှိ ၁၂ နှစ်အထိရောက်နေပြီ။

အင်တီဘော်ဒီမပေါ်လည်း စိုးရိမ်ရန် မရှိပါ
၁၃။ Sinopharm second time ထိုးပြီး 48 days မှာစစ်တာ atibody မပေါ်ပါ။ vaccination ထပ်ထိုးရမှာလား?ဘယ်လောက်ကြာမှ ထပ်ထိုးရမှာလဲ
ယူအက်စ်အေမှာတော့ ကာကွယ်ဆေး ထပ်ထိုးဘို့ လမ်းညွှန်မရှိပါ။ ကာကွယ်ဆေးထိုးသူတွေကို အင်တီဘော်ဒီ တက်စ်လည်း အလုပ်မခိုင်းပါ။ အင်တီဘော်ဒီ ရှိခြင်း မရှိခြင်းဆိုတာ အကြောင်းအမျိုးမျိုးကနေ ဖြစ်စေနိုင်တယ်။ CDC က ကာကွယ်ဆေးထိုးထားသူတွေကို အင်တီဘော်ဒီ စမ်းပါလို့ အားမပေးပါ။
ယူအက်စ်အေထုတ် ကိုဗစ်ကာကွယ်ဆေးတမျိုးမျိုးထိုးထားပြီး အင်တီဘော်ဒီမပေါ်လည်း စိုးရိမ်ရန် မရှိပါ။ အိန္ဒိယ၊ ရုရှားနဲ့ တရုပ်ထုတ် ကိုဗစ်ကာကွယ်ဆေးတွေ လေ့လာမှု မကျယ်ပြန့် သတင်းထုတ်ပြန်မှု မပြည့်စုံပါ။ 

၁၄။ မဂ်လာပါဆရာ ART ဆေး သောက်နေတဲ့ သူအတွက်  Sputnik V covid vaccine ထိုးလို့ရပါလားဗျ ရုရှားကာကွယ်ဆေးက ပိုးကောင်ကိုလူကိုယ်ထဲ သွင်းတာလို့ ကြားဖူးလို့ပါ HIV သမားတွေက ပိုးကောင်သွင်းတဲ့ဆေးမျိုးမထိုးရဘူးဆိုပြီး ဖတ်မိဖူးလို့ပါဆရာ

၁၅။ ဆရာရှင့် အမှားပါရင်ခွင့်လွှတ်ပါရှင့် မနက်ဖြန် covid ကာကွယ်ဆေးထိုးမှာပါရှင့် ကိုယ်အပူချိန် ဘယ်လောက်ဆို ကာကွယ်ဆေးထိုးလို့ရပါသလဲရှင့်အခုကလက်ဖဝါးလေးတွေပဲပူနေလို့ပါရှင့် 

ကိုဗစ်ကာကွယ်ဆေး မထိုးသင့်သူများ 
၁။ အလာဂျီ ဆိုးဆိုးဝါးဝါးမဖြစ်ဖူးသူတိုင်း ကိုဗစ်ကာကွယ်ဆေး ထိုးနိုင်။
၂။ သက်ဆိုင်ရာနေရာ ကျန်းမာရေးဌာနကသတ်မှတ်ထားတဲ့အသက် မဟုတ်သူတွေ မထိုးရပါ။
၃။ ကာကွယ်ဆေး ပဌမအကြိမ်ထိုးစဉ်က ဆေးကုသမှုခံယူလောက်တဲ့အထိ ဘေးထွက်သက်ရောက်မှုရှိခဲ့သူများ ဒုတိယဆေး မထိုးရပါ။

မြန်မာပြည် လက်ရှိကျန်းမာရေးဌာနက ကာကွယ်ဆေးအပါအဝင် ကိုဗစ် ကူးစက်ကိန်ဂဏန်း၊ သေဆုံးကိန်း ဂဏန်းတွေလည်း အမှန်အတိုင်း မဟုတ်နိုင်လို့ သံသယထားခံနေရတယ်။ ကာကွယ်ဆေးအချက်အလက်တွေ စမ်းသပ်နည်းအချက်အလက်သတင်းတွေကလည်း လိုတာမလုပ် မလိုတာလုပ်နေကြတာပါ တွေ့ရလို့ အကောင်းအဆိုး ပြောရတာ ခက်တယ်။ 

အကြံပြုလိုတာက -
1. လိုတာထက်လည်း ပိုပြီး မစိုးရန်ပါနဲ့။ 
2. တကယ်လိုအပ်တာထက်လည်း မပေါဆပါနဲ့။ 
3. သတင်းမှန် အချက်အလက်မှန်ကိုသာ ဖတ်ရှု လိုက်နာကြပါ။ 
4. မဟုတ်မမှန် ထုတ်ပြန်ချက်တွေ၊ ဆေးကြော်ငြာတွေ၊ ပွဲစားလုပ်သူတွေ ဆက်မလုပ်ကြစေလိုပါ။
5. ကိုဗစ်ကာကွယ်ရေးလမ်းညွှန် (၁ - ၅) ကို လပေါင်းများစွာ ဆက်လုပ်နေကြရပါမယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ