Undescended testicle ယောက်ျားလေး အစိအောက်ထိ မကျသေးခြင်း

(ကန်တော့) 
၁။ ဆရာရှင့် မရိုမသေ မေးပါရစေရှင့် မွေးရာပါ အူကျတာပါ ultrasound လည်းရိုက်ပြီးပါပြီ ခွဲစိတ်အထူးကု ဒေါက်တာ( - )ကိုလည်းပြပြပါပြီ ခွဲရမယ်လို့ပြောပါတယ် ကလေးက အခုအသက် ၂နှစ်နဲ့ ၆လပါ ခွဲရမှာ ကြောက်လဲကြောက်ပါတယ် ကလေးကငယ်သေးတော့ ခွဲရမှာကြောက်နေတယ်ဆရာရှင့် ခွဲရင် ရပါ့မလားဆရာရှင့်။
ရောဂါအမည်ကို ဆေးစာနဲ့ မသိရ။
Undescended Rt testes ညာဘက်အစိအောက်ထိ မကျသေးခြင်း။
Rt inguinal hernia ဟာနီယာ ခေါ် အူကျတာပါတွဲဖြစ်နေတယ်။ 
၂။ ဆရာခင်ဗျား ကျွန်တော့်အကို အသက် ၃၃ အိမ်ထောင်မရှိ လူပျိုပါ သူ့ရဲ့အမျိုးသားအင်္ဂါ(ကန်တော့)က ဖောင်းဖောင်းနေလို့ပါ သူမွေးစငယ်ငယ်ကတည်းက ဥတလုံးကကပ်ပယ်လ်အိတ်ထဲမကျဘဲ အပေါ်ကိုနဲနဲတက်နေတာလို့အမေကပြောပါတယ် အခုသူကအမြဲမဟုတ်ပေမယ့် မကြာခဏ ဥကအပေါ်တက်သွားပြီးအောင့်အောင့်နေပါတယ် အောင့်တဲ့အချိန်ဆိုရင် တော်တော်ကြီးလာပြီး လက်နဲ့ပြန်ဖိချနေရပါတယ် အရင်ကအလေးအပင် မ မိတဲ့အခါမျိုးမှာဖြစ်တတ်တယ်လို့ပြောပေမယ့် အခုနောက်ပိုင်းကျ မကြာခဏဖြစ်ဖြစ်နေလို့ပါဆရာ ကျေးဇူးပြုပြီးဘယ်လိုလုပ်ရပါမလဲ ဖြေပေးပါဆရာ အဲ့လိုဖြစ်တဲ့အချိန်ဆို ဂွီဆိုပြီးအသံကျယ်ကျယ်လဲမြည်ပါတယ် ဆရာ 
ဟာနီယာ ခေါ် အူကျတာပါတွဲဖြစ်နေတယ်။ ဥတလုံး ရေးတာ မှန်။ ကွန်ဂရက်ကျူလေးရှင်း။
၃။ အသက် (၂၇) နှစ်၊ ကျား၊ အိမ်ထောင် မရှိပါ။ ကျွန်တော့ ကပ်ပယ်အိတ်ထဲမှာ ဝှေးစေ့ တလုံးပဲရှိပါတယ်။ ကျန်တလုံးက ဝဲဖက် ဆီးခုံအောက်နားလေးမှာပါ၊ သေချာဖိရင်တော့ အောင့်ပြီးနာပါတယ်၊ မထိမိရင် ပုံမှန်ဆိုရင် မနာပါဘူး။ ခွဲစိတ်စရာ လို မလို သိချင်ပါတယ် ခင်ဗျာ။ ကျေးဇူးတင်ပါတယ်။
၄။ ဆရာရှင့် ကျွန်မသားက အခု အသက် ၁ နှစ်နဲ့ ၇ လပါ။ အခုမှ သတိထားမိတယ်ဆရာ။ ကန်တော့ပါနော်။ သားရဲ့ ဂွေးဥကို စမ်းကြည့်တာ ၂ ဖက်စလုံး မရှိလို့ပါ။ အဲ့ဒါ သားကြီးလာရင် ကလေးမရနိုင်တော့ဘူးလားဆရာ။ ပုံမှန်ဖြစ်အောင် ခွဲစိတ်ရမှာလားဆရာ။ ရှင်းပြပေးပါနော်။ ကျေးဇူးတင်ပါတယ်။
၅။ မင်္ဂလာပါဆရာ။ ကျမအသက် ၃ဝ ပါဆရာ။ အိမ်ထောင်ကျတာ တနှစ်ကျော်ပါပြီဆရာ။ အမျိုးသားက ဂွေးစိတခုပဲ ပါတယ်ဆရာ။ အဲဒါနဲ့ပါတ်သတ်ပြီးစာလေးတင်ပါလားဆရာ။ ကျေးဇူးတင်ပါတယ်ဆရာ။ (မေးတဲ့အသက်ကို မသိလို၊ ဖြစ်တဲ့သူအသက်သာသိလိုပါတယ်။)
၆။ Undescended testis အကြောင်းလေးသိချင်ပါတယ်ဆရာ ညီလေးကမွေးကတည်းကပါ။ ခုဆို လူပျိုအရွယ် ရောက်နေပါပြီ။ အဲ့ဒါဘာဖြစ်နိုင်တယ်၊ ဘာဆက်လုပ်ရမယ်ဆိုတာသိချင်ပါတယ်။
၇။ ဆရာ ကျမသားလေးအခု ၁၈ ရက်ရပါပြီ။ မရိုသေစကား သူ့ယောကျ်ားအင်္ဂါက ညာဘက်ဥလေးတခြမ်းက ပုံမှန်မဟုတ်ပဲသေးနေပါတယ်။ အင်္ဂါလေးလဲ တခြားကလေး (ကျမတူလေးများ မောင်ဝမ်းကွဲလေးများ မွေးစဉ်ကထက်စာရင် အနည်းငယ်သေးနေပါတယ်။) ညာဆီးခုံလေးပေါ်မှာတော့ မောက်နေပါတယ်။) ဆရာဝန်ကတော့ ဥလေးတလုံးက နောက်မှ ဆင်းလာမယ်ပြောပါတယ်။ တနှစ်ကျော်မှ ဆင်းမလာခဲ့ရင် ဆက်စဉ်းစားရမယ်ပြောပါတယ်။ ကျမအဖေကတော့ သူကြားဖူးတာ နောက်ပိုင်းဆင်းလာဦးတောင် လမ်းကြောင်းကျယ်လာပြီး အူကျတတ်ကြောင်း ပြောပါတယ်ဆရာ။ ဒီအကြောင်းလေးလဲ ဆရာအားတဲ့အချိန် သီးသန့် post လေးတင်ပေးနိုင် တင်ပေးဖို့ မေတ္တာရပ်ခံပါတယ်။
၈။ ဆရာ ကျနော်အသက်က ၂၉ ပါ။ ဝှေးစေ့တလုံးမပါဘူးဆရာ။ အိမ်ထောင်ပြုရင်ကလေးမရဘူးဆို ဘယ်လိုလုပ်ရမလဲ အကြံပြုစေချင်ပါတယ်။
၉။ မင်္ဂလာပါဆရာ။ ကျွန်မရဲ့သားလေးက အခုသုံးနှစ်ကျော်ပါရှင့်။ သူကမွေးကတဲ့က ဥနှစ်လုံးမှာ တလုံးက မွေးကတည်းက မပါတာပါရှင့်။ အဲဒါဘယ်လိုလုပ်ရင် ကောင်းမလည်းဆိုတာလေကိုလည်း အကြံပေးပါရှင့်။
ယောက်ျားလေးမှာ ဥခေါ်တဲ့အစိတဖက်မပါတာကို ကျားအစိအောက်မကျခြင်း Undescended testicle (Cryptorchidism) လို့ ခေါ်တယ်။ ယောက်ျားတွေမှာ (တက်စ်တိစ်) ဥနှစ်လုံးက သူရှိရမဲ့ ကပ်ပယ်အိတ် တဖက်စီထဲအထိ ကျဆင်း မလာတာဟာ နေ့စေ့လစေ့ မွေးလာသူတွေထဲက ၄% နဲ့ စောမွေးတဲ့ကလေးတွေထဲက ၃ဝ% မှာဖြစ်တယ်။ ၃ ပုံ ၂ ပုံက တဖက်တည်းမှာ မရှိဖြစ်နေတယ်။
အစိဟာ သန္ဓေသားဘဝတုံးက ဗိုက်ထဲက ကျောက်ကပ်နာမှာ စဖြစ်တယ်။ ကိုယ်ဝန် ၉ ပြည့်ရင် အစိနှစ်ဖက်လုံးက အောက်ဆင်းလာပြီး သူ့နေရာမှာသူ ရောက်နေပြီးသားဖြစ်ရမယ်။ တဝက်လောက်က ၆ လသားရှိမှ အောက်ကျလာတယ်။ တချို့ကလေးတွေမှာ တက်လိုက်ကျလိုက်နေတာလည်း ဖြစ်တယ်။
အစိက ကပ်ပယ်အိတ်မှာ ရှာမတွေ့ရင် -
- သူ့လာရာလမ်း တနေရာရာမှာ ရှိနိုင်တယ်။ ဗိုက်ထဲ ဗိုက်ဖုံးအလွှာနောက်မှာ ကျောက်ကပ် အောက်နားကနေ အောက်ဘက် ပေါင်ခြံဆီ ဆင်းလာရာလမ်းမှာ ရှိနေမယ်၊
- (အင်ဂွိုင်နယ်-ကင်နယ်လ်) ခေါ်တဲ့ ပေါင်ခြံကနေရာ ရဝ-၉ဝ%၊
- သူ့လမ်းမှာ မဟုတ်ဘဲ တခြားတနေရာရာ ဥပမာ အရေပြားအောက်၊ ပေါင်၊ စတဲ့နေရာ၊
- ဖွံ့ထွားမှု မမှန်ဖြစ်နေမယ်၊
- လုံးဝမရှိတာ ဖြစ်မယ်။
အစိက သူ့နေရာမှာ မရှိပေမဲ့ ကလေးမှာ ဘာမှခံစားရတာ မရှိပါ။ တနှစ်သားမှာ ဒီလိုဖြစ်တာ ရှိနေ-မနေ သိဘို့လိုတယ်။ လူပျိုပေါက်မှာ သူ့နေရာသူ ရောက်နေရင်တော့ ခွဲစိတ်ကုသစရာ မလိုပါ။ တကယ်ဘဲ သူ့နေရာအထိ ကျမနေရင် စောစော ခွဲစိတ်ကုသတာ ပိုကောင်းတယ်။
ခွဲစိတ်တာကို Orchiopexy နည်းလို့ခေါ်တယ်။ သူ့နေရာသူမရှိတဲ့အတွက် -
- Reduced fertility အစိဖွံဖြိုးမှုကို ထိခိုက်မယ်၊
- Infertility သုက်ပိုးထုတ်တာကို ထိခိုက်လို့ ကလေးမရဖြစ်မယ်၊
- Psychological problems စိတ်ကိုသက်ရောက်မယ်၊
- Testicular germ cell tumors ကင်ဆာဖြစ်နိုင်ခြေ သူများထက်များမယ်၊
- Inguinal Hernia အူကျရောဂါဖြစ်မယ်။
- Testicular torsion အကြောလိမ်တာဖြစ်နိုင်တယ်။
တဖက်တည်း မကျသူတွေက ကလေးမရတာ အဖြစ်နည်းတယ်။ Testicular Cancer ကင်ဆာဖြစ်ဘို့ အခွင်အလမ်း ပိုများတယ်ဆိုလို့ ကြောက်စိတ် သိပ်မဝင်စေချင်ပါ။ ၁ဝဝဝ ကနေ ၂၅ဝဝ မှာ ၁ ယောက်သာ ဖြစ်ပါတယ်။ ကျားအစိ ပုံမှန်သမားတွေကတော့ ၁ သိန်းမှာ ၁ ယောက်ဖြစ်တယ်။
မခွဲစိတ်ခင် တခါတလေ B-HCG or Testosterone ဟော်မုန်းဆေး ထိုးပေးတယ်။ သုတေသနတချို့အရ GnRH ဟော်မုန်းက ပိုထိရောက်တာ တွေ့ရတယ်။ ဒါပေမဲ့ အမေရိကားမှာ hCG IM ဟော်မုန်းကိုသာ သုံးတယ်။ 1,500 to 2,500 Unit ကို တပတ်မှာ ၂ ကြိမ်၊ စုစုပေါင်း ၄ ပတ် ထိုးပေးတယ်။ ၅ ပတ်အတွင်းမှာ ၁ဝ ခါ ထိုးတာ များတယ်။ ဆေးတန်ခိုးနဲ့ ဘေးထွက် အကျိုးလဲရနိုင်တယ်။ ပန်းတံပိုကြီးမယ်၊ အစိပိုကြီးမယ်။ ဆီးစပ်မွှေးပေါက်မယ်။ စိတ်က ကြမ်းတမ်းမယ်။ နောက်တော့ ကောင်းလာပါမယ်။
Orchiopexy ခွဲစိတ်နည်းလုပ်ရင် သတိထားစရာတွေ ရှိတယ်။ Testicular atrophy အစိသေးတာဖြစ်မှာကို  သတိထားရတယ်။ ခွဲစိတ်တဲ့အခါမှာ တကယ်လို့ အစိသွားသွေးကြောတွေက နည်းနေတာ၊ ဆန့်မရတာဖြစ်နေရင် ခက်မယ်။ တကယ်လို့ အစိက ဗိုက်ထဲမှာသာ ရှိနေသေးရင် အဆင့်နဲ့ခွဲရမယ်။ အရင်ဆုံး နေရာရှာပြီး သွေးကြောစနစ် ပြုပြင်ပေးရမယ်။
ကလေးမရတတ်တာကိုတော့ သတိထားရမယ်။ ခွဲစိတ်ပြုပြင်ပြီးနောက်လဲ ရှိနေနိုင်တယ်။ ယောက်ျားဦးရေရဲ့ ၆% မှာ ကလေးမရနိုင်သေးတာဖြစ်ပေမဲ့ အစိတဖက်မကျသူတွေထဲမှာ ၁ဝ% ရှိတယ်။ နှစ်ဖက်လုံး မကျလို့ ခွဲစိတ်ရသူတွေမှာ သာမန်လူတွေထက် ၆ ဆပိုတယ်။
မွေးလာတော့ အစိနေရာမကျတဲ့ ယောက်ျားလေးတွေဟာ ကြီးလာတဲ့အခါ လိင်ပိုင်းပြဿနာတွေ မဖြစ်ကြပါ။ စိတ်ပိုင်းသက်ရောက်မှုမဖြစ်အောင် မိသားစုနဲ့ အသိုင်းအဝိုင်ကနေ ပံ့ပိုပေးရမယ်။ ကုသမှုကို စနစ်တကျခံယူရင် အားလုံးကောင်းသွားမယ်ဆိုတာ သိထားရမယ်။
ဒီလိုမွေးရာပါရောဂါ မြန်မာပြည်မှာ အဖြစ်မနည်းပါ။ ကျွန်တော်လည်း ၄-၅ ယောက်ကို ခွဲပေးခဲ့ရပါတယ်။
ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Daflon 500 mg လိပ်ခေါင်းဆေး

Vaginal itching မိန်းမကိုယ် ယားခြင်း

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ