Zongtah ဇောင်းသ ခေါ် မျောက်ငိုသီး



ကွန်မင့်တွေထဲမှာ ပီး ကို ပြီး၊ မှု့ ကို မှု၊ ကြော်၊ ဆူးပုတ် (ဆူးပုပ်)၊ အကြိုး (အကျိုး)၊ တေ (တွေ)၊ စိမ့် (ဆိမ့်)၊ 
ကျ ကို ကြလို့ ပြင်စရာတွေပါတယ်။

မျောက်ငိုသီး မေးကြတယ်။ နှမ်းဖတ်ချဉ်လည်း မေးကြတယ်။ ကျွန်တော်က မျောက်ငိုသီးကို ပြည်ပထွက်ပြေးတော့မှသာ စားဖူးတယ်။ အခုရေးတာလည်း တဆင့်စကား နှစ်ဆင့်စကား တပည့်ခံပြီးသိတာသာဖြစ်တယ်။

မီဇိုးစကားနဲ့ Zongtah ဇောင်းသလို့ ခေါ်တယ်။ မြန်မာလို မျောက်ငိုတဲ့။ Petai Beans လို့ မလေးစကားနဲ့ခေါ်တယ်။ မြန်မာနိုင်ငံမှာ ချင်းပြည်နယ်နဲ့ ဆက်နေတဲ့နေရာဒေသတေမှာ စားကြတယ်။ အင်ဒိုနီးရှားနဲ့ အိန္ဒိယမှာလည်း စားသုံးကြတယ်။ ရုက္ခဗေဒလို Parkia speciose လို့ခေါ်တယ်။ အပင်က ပေ ၉ဝ အထိ မြင့်တယ်။ မျောက်ငိုသီးတောင့်က အပြားလိုက် လိမ်ကောက်နေတယ်။ အစိမ်းနု-ရင့်အရောင်ရှိတယ်။ အဆစ်လေးတွေ ပါတယ်။ တဆစ်မှာ အစေ့တစေ့။ တတောင့်မှာ ၇ စေ့၊ ၈ စေ့ပါတယ်။ အနံ့က တညင်းသီးနံ့လိုရတယ်။ အရသာက ဖန်တယ်။ ဆိမ့်တယ်။ အနောက်ဖက် နယ်စပ်ဖြတ်ရင် မြောက်ဖက်က နာဂ၊ အလယ်က မဏိပူနဲ့ တောင်ဖက်က မီဇိုရမ်နဲ့ ထရီပူရပြည်နယ်ကလူတွေ စားကြတယ်။

အနံ့ပြင်းတယ်။ မကြိုက်တဲ့သူတွေ မကြိုက်။ ကြိုက်တဲ့သူတွေက စွဲမက်ကြတယ်။ စားတဲ့နေ့ ရေများများသောက်သင့်တယ်။ နုတာကို အစိမ်းလည်းစားလို့ရတယ်။ အများစုက အဲလိုမစားနိုင်ကြပါ။

လုပ်စားနည်း အမျိုးမျိုးရှိတယ်။ သိသလောက် အတောင့်ရှည်အပေါ်ယံအခွံကို ဇွန်းနဲ့ခြစ်လိုက်ရတယ်။ တချို့နေရာတွေမှာ ခြစ်စရာကရိယာလေး လုပ်ထားကြတယ်။ အတွင်းအသားကိုသာ စားရတယ်။ ရေနွေးဖျောရတယ်။ ပါးပါးလှီးဖြတ်ပြီး အငန်နဲ့ တို့စားနိုင်တယ်။ ချက်တာ မစားဖူးသေးပါ။ ရင့်နေရင် အစေ့သက်သက်စားကြတယ်။

အများဆုံးက သုပ်စားကြတယ်။ ကိုယ်နှစ်သက်တာ ထည့်ကြတယ်။ အစပ်ပါမှ အရသာစုံတယ်။ မီဇိုငရုပ်၊ မိုးမျှော်ငရုပ်နဲ့ လိုက်တယ်။ မဏီပူ Eromba အိတုန်ပတ်ထဲမှာ ရွှေလံဘိုငရုပ်နဲ့ ထည့်စားကြတယ်။ နာဂတွေလည်း အဲလိုစားကြတယ်။ ကျွန်တော်လို ဗမာတွေကတော့ ကောင်းတာဆို အကုန်လိုက်စားကြတယ်။

ကွန်မင့်များ
• အာလူးနဲ့ချက်စား ခရမ်းချဉ်သီးနဲ့လည်းချက်လို့ရတယ်။ မျောက်ငိုသီး ရေနွေးဖျောပြီး သုပ်စားလည်း ရတယ်။ အရသာက ဆိမ့်တဲ့ဘက်။ အနံ့က တညင်းသီး ရေထိကရုန်း အနံ့နဲ့တူတယ်။
• ကျမတို့ကျောင်းတက်တုံးက စီးပွါးရေးတက္ကသိုလ် ssc မှာ စိုက်ပျိုးရေးသမားတွေအတွက် စိုက်ထားတဲ့အပင်တွေမှာနာမည်တပ်ထားတဲ့အပင်တပင်ရှိတယ် မျောက်ငိုပင်တဲ့ ပွင့်တဲ့အခါ တော်တော် အနံ့ဆိုးတယ်ဆရာ ခေါင်းမူးလောက်အောင်ပါဘဲ
• အရွယ်ရောက်တဲ့ မျေ ာက်ငိုပင်ရဲ့ အသီးတန်ဖိုးဟာ တနှစ်ကို တသိန်းကျေ ာ်ရပါတယ် ဆရာ စျေးကွက်က အိန္ဒိယနယ်စပ်ဖြစ်တဲ့ ကလေးနဲ့ တမူးမြို့ပါ အပူပိုင်းရာသီ ဥတုကိုလည်း နှစ်သက်မယ်လို့ ယူဆပါတယ် တောင်ယမားဒေသနဲ့ ကိုက်ညီနိုင်တယ်လို့ ယူဆပါတယ်ဆရာ
• ဒညင်းဝက်လို့ခေါ်ပါတယ်။ ယိုးဒယားကို ၁၉၉၁ ခုနှစ်မှာရောက်တော့မှ စားဖူးတာပါ။ ပဲကြီးနဲ့ချက်ရင် သိပ်ကောင်းတယ်
• မလေး၊ အင်ဒိုဖက်သဘောင်္နဲ့ ရောက်တုန်းစားဘူးတယ် ပတိုင်းလို့အနီးစပ်ဆုံးအသံထွက်တယ် အစိမ်းရော၊ ဟင်းအဖြစ်ပါစားဘူးတယ် မြန်မာတညင်းသီးအလွမ်းပြေပေါ့ဆရာ
• ပုဇွန်နဲ့ အစပ်ကြော်လိုက်ရင် အရမ်းစားကောင်းပါတယ်ဆရာ စိမ့်နေတာပဲ
• မဏီပူရကသည်းတွေရဲ့ဖေးဖရိတ်ပါ ပေါ်စဆိုအလုအယက်ပဲ ဝယ်ကြတယ်
• ဝက်သားနဲ့အစပ်ကြော်စားရင် အရမ်းစားကောင်းပါတယ်။ ထိုင်းမှာတော့ စတော်လို့ ခေါ်ပါတယ်။ အိုးစိမ်ပြီး တို့စားလည်းရပါတယ်။
• ဒီအသီးစားလို ့ကျောက်ကပ်ထိခိုက်တတ်တယ်ဆိုတာ ဟုတ်ပါသလား ဆရာရှင်။
• ကျောက်ကပ်ထိခိုက်ရင်တော့ တို့ချင်းတောင်မှာ ကျောက်ကပ် တလုံးမှရှိတော့မှာမဟုတ်ဘူး
• ထိုင်းမှာလဲစားကြပါတယ် ဆရာ
• ထိုင်းမှာလဲပေါတယ် ထိုင်းတောင်ပိုင်က အစားများတယ် သူတိုကအစေ့ကို ဝက်သားစင်ကေ့ာနဲ့ ငရုပ်သီးနဲ့ ကျော်စားကျတယ် ကျမတို့ကလေးမြို့ဘက်ကျတော့ ဇွန်းချက်ပြီး ငပိချက်စားတယ်မီးအုံးပြီး အပေါ် အစိမ်းရောင်ခွာပြီး ဆီဆားလေးနဲ့သုတ်စားကျတယ်
• ကျွန်မ ကလေးမြို့မှာနေပါတယ် မျောက်ငိုသီးပေါ်ချိန်ဆို ဆိုင်ကယ်တွေနဲ့ အခိုင်လိုက် တွဲပြီး သယ်သွားကြတာ စျေးထဲမှာ အပေါ်ခွံကို ဇွန်းနဲ့ခြစ်ထားပြီး ရောင်းတာတွေ တွေ့ရင် ဝမ်းပါးပေမယ့် တခါမှ မစားမိဘူးဆရာ
• မနုမရင့်ကို မီးဖုတ် ခရမ်းချဉ်သီးမီးကင်ငပိကင်နဲ့ နံနံပင်ကြက်သွန်မြိတ်ထည့် သုပ်စားအားကြီးကောင်း။
• ဒါက အဝေရာသီးတွေပါ
• မြောက်ငိုသီးပါဘုရား။
• ကျနော်တို့ အထက်ချင်းတွင်းမှာ ရှိပေမယ့် စားသူကတော့ မများလှဘူးဆရာ
• တမူး အလည်ရောက်တုံးက စားဖူးတယ် အပင်လဲတွေ့ခဲ့တယ် တညင်းသီးနဲ့တူတယ်နော်
• ဘန်ကောက်မှာ ဝက်သားနဲ ့အစပ်ချက်တာ စားဘူးပါတယ် ကြိုက်လဲကြိုက်ပါတယ် ခုမှ မျောက်ငိုသီးလို့ သိတာပါ ကျေးဇူးတင်ပါတယ် ဆရာ အခုလိုသိခွင့်ရတာ သမီးက petai အနေနဲ့ဘဲ သိတာရှင့် copy ယူခွင့်ပြုပါဆရာ
• မလေးမှာတုံးက စားဘူးတယ် သူ့အရသာကို ကြိုက်တယ် ပုဇွန်နဲ့ အစပ်ကြော် ဒီမှာလာရောင်းရင် ကောင်းမယ်
• ရခိုင်ခြောက်နဲ့ ငရုပ်သီးအစပ်ကြော်တာ သိပ်စားကောင်းပါတယ် စင်္ကာပူမှ သူ့ရာသီမှ စားရတယ်
• ကျွန်တော်တို့ဒေသမှာတော့ ဒီအသီးကို ဒေသအခေါ်ဖြင့် သစ်လိမ်သီးလို့ ခေါ်ကြပါတယ်။
• မီးဖုတ်ပြီး ခရမ်းချဉ်သီးနဲ့ ချက်စားလဲကောင်းပါတယ်ဆရာ
• အယ့်တာကို တညင်းသီး နုနုလေးတွေ ထင်နေခဲ့တာ ဆရာ ကျေးဇူးပါ
• ဒိနေ့ လူများ ကြော်စားပါတယ်ဆရာ ဆူးပုတ်သီး ထင်နေတာ
• ရခိုင်က ကျွန်တော်တို့အိမ်မှာ အပင်စိုက်ထားတယ်
• တော်တော်ကြိုက်တယ် သူ့ရဲ့အက်ိဳးကိုသိချင်ပါတယ် ဆရာ
• ပုဇွန်နဲချက်စား အလွန်ကောင်းပါတယ်ဆရာ
• စားပြီး မူးတယ် မတည့်လို့လားမသိဘူး
• စတော် သစ်လေသီး
• ဘိတ်မှာတော့ ဆစ်လိမ်သီးလို ့ခေါ်တယ်ဆရာ
• ဘောစကိုင်းသီးဆိုတာများလား
• မျောက်ငိုသီးလို့ ခေါ်တယ်တဲ့ တမူးမြို့နယ်ကထွက်တယ်
• အသီးပေါချိန်ဆို ရေနွေးလေးဖြောပြီး ဝက်ဆီနဲ့လုပ်ထားတဲ့ဝက်ငပိ (Sa um) လေးရယ် တာဟန်း ငရုတ်သီးစပ်စပ်လေးရယ် ဆားနည်းနည်း အသားမှုန့်နည်းနည်းရယ် ခပ်စပ်စပ်လေးကိုထမင်းနဲ့စားရတာ ရှယ်ပဲ အသီးရှားရင် ရင့်သွားတဲ့အသီးကိုထုထောင်းပြီး အထဲကအစေ့ကိုလည်း စားကြတယ်
• ဆရာရှင့် အဲအသီးကိုအစိထုပ်ပြီး အခွံ ပါးပါးလေးကိုခွာ ပုဇွန် ငရုပ်သီး ကြက်သွန်ဖြူ ကြက်သွန်နီ ဆီသတ်ပြီးရင်ငပိနည်းနည်းထည့်ပြီး ကြော်စားရင် အလွန်ကောင်းပါတယ် သမီလည်း စင်္ကာပူရောက်မှစားဘူးတာပါ
• တရုတ် ကွမ်တုံလိုတော့ သူတိုခေါ်တာ ရှောက်တောင်း လို့ ကျွန်တော်ကြားတာပဲခင်ဗျ သူ့စားပြီးလို့ကတော့ အပေါ့သွားလည်း နံ toilet တခုလုံး ဖုံးလွှမ်းသွားလောက်အောင် အန့ံပြင်းပါတယ် ခင်ဗျ
• ဖလမ်းချင်းစကားလိုတော့ ဇောင်ငိုးလို့ခေါ်တယ်ဆရာ သမီးလည်းစားဖူးတယ် အသီးအနုလေးကို ဇွန်းနဲ့ခြစ် တလက်မလောက်လှီးဖြတ်ပြီး ဆီနဲ့ကြော်စားလဲအရမ်းကောင်းတယ်ဆရာ
• သမီးအရေးမှားတာ ဖလမ်းချင်းစကားလို ဇောင်တလို့ခေါ်ပါတယ်ရှင့် ချင်းပြည်မှာစားဖို့ရာထက် စီးပွားဖြစ်စိုက်ကြတယ်ဆရာ မျောက်ငိုသီးစေ့က စျေးအရမ်းကောင်းတယ်ဆရာ နို့ဆီဘူးတဗူးဆို ၇ဝဝ ကနေ ၁၀၀၀ ထိ ရှိတယ်ဆရာ အဲဒါကြောင့်သူတို့ကမစားပဲ စီးပွားဖြစ်စိုက်ကြတယ်ဆရာ
• ထိုင်းမှာပေါနေရော အစိမ်းတခါမှမချက်ဖူးဘူး ဆိုင်ကရောင်းတာကို ဝယ်စားဖူးတယ် ဝက်သားစဉ်းနဲ့ ရောကြော်ထားတာ အဲဒီအစေ့ကို စားကောင်းတယ်
• ကော့သောင်းကနေ ထိုင်းကိုတင်ကြတာလေ ကော့သောင်းမှာလည်း ပေါတယ်
• ဟုတ်တယ်ကော့သောင်းမြို့နယ်မှာအရမ်းပေါ ပသျူးလူမျိုးတွေအစိုက်များတယ် ခြံတိုင်းမှာဒီအပင်တွေရှိ
• ဟုတ်လားမသိဘူး ထိုင်းမှာရောင်းကြတာတွေ့တော့ ထိုင်းမှာပေါတယ်လို့ပြောတာ မဝယ်ဖူးဘူး ချက်လည်းချက်တတ်ဘူး နာမည်တောင်ခုမှသိရတယ်ဟီး
• ဘိတ်ဘက်မှာက သစ်လိမ်သီး (or) မျောက်ငိုသီး ပသျူးလူမျိုးတွေက (လိုတော့) ခေါ်တယ် လေယူလေသိမ်းကွဲလွဲနိုင်ပါတယ်
• ထိုင်းတောင်ပိုင်းမှာ စိုက်ပါတယ် ထညင်းသီး လို့ပဲအိုးစိမ် ထည့်စားတယ် ဝက်သားနဲ့ကြော်တယ် ထိုင်းတွေက စတော်သီးလို့ခေါ်တာပဲ ဒီရောက်မှစားဖူးတယ် စားကာစက မကြိုက်ဘူး အခုတော့ကြိုက်နေရော
• ထိုင်လိုစတော့လိုခေါ်တယ်
• ငပိရည် ငရုပ်သီးလှော် စပ်စပ်လေးနဲ့တို့စားတာအရမ်းကြိုက် သမီးဆိုတခါစားရင် ၃ တောင့်ကုန်တယ် စလုံးမှာက $2 ၃တောင့်အတောင့်ရှည်ကြီး
• မော်လိုက်မြို့မှာပေါပါတယ်ဆရာမျောက်ငိုသီးအတော်လေးရင့်ရင်မီးဖုတ် ပြီးအသားလေးနဲ့ အစေ့ကို ခရမ်းချဉ်သီးနဲ့ ချက်စားအစပ်လေးပါထည့်ကောင်းမှကောင်းပါရှင်
• မော်လိုက်သူတွေ အရမ်းကြိုက်
• အစေ့ကနေစိုက်ရတာလား မျိုးလိုချင်လိုက်တာ
• အစေ့ကနေပျိုးပြီး အပင်စိုက်ရတာ ချင်းတွင်းမှာပေါပါတယ် စုံစမ်းကြည့်ပါ
• ကလေးမှာမျိုးရပါတယ် တောင်ငူကျောက်တိုင်ရွာမှာလဲရောင်းပါတယ်
• အင်ဒိုနီးရှားမှာတော့ လမ်းဘေး စားသောက်ဆိုင်လေးတွေမှာက အစ ရှိပါတယ်။ အစေ့ ရှိနဲ့နေရာလေးကို ဓားနဲ့ ခွဲပြီး အတောင့်လိုက် မီးသွေးဖိုမှာ မီးဖုတ်ပေးတယ်။
• ဆရာ စီပွါးရေးရှုဒေါင့်ဘက်ကနေ ရေးပြပေးပါလားခင်ဗျာ။
• မြန်မာပြည်နေရာအနံမှာစိုက်နေကြပီးလေ မြေပဒေသာမှာအပင်ပေါက်လေးတွေမျိ ု းပင်ရောင်းပေးတယ်လေ
• အိန္ဒိယတမူးနယ်စပ်မှာ စျေးကောင်းတယ်
• ဟုတ် မိရိ အံ ရေ ဆက်စပ်ဒေသ အိန္ဒိယဘက်ရဲ့စျေးကွက် အနေအထားလေးကို ဆိုလိုရင်းပါခင်ဗျ။ ကျနော် အရေးအသား အားနည်းခဲ့သည်ရှိသော် တောင်းပန်ပါတယ် ခင်ဗျာ။
• ဝယ်လို့ရတယ်လား မျိုးပင်ပေါက် လိုချင်လို့
• ကြိုက်တယ်ဆရာ ဝက်သားနဲ့အစပ်ကြော်စား ချက်စားလဲကောင်းတယ် ငပိဖျော်နဲ့လဲ စားကောင်းတယ်။ ရန်ကုန်ဘက်မှာတော့ မတွေ့ဘူး
• ဦးလေး စလုံးကနေ ဝယ်လာပေးတာ တညင်းသီးနံ့ နဲ့တူလို့ ငပိရည်နဲ့ စားပစ်လိုက်တယ် ဆရာ
• မြန်မာပြည်လို ဘယ်လိုခေါ်မှန်းမသိဘူး ရွှေပဲသီးနဲ့ ရောကြော်ပြီး ငပိရည်လေးနဲ့ တွဲစားရင် အရမ်းစားလို့ ကောင်းပါတယ်
• ကျေးဇူးပါဆရာ အဲအသီးတွဲလောင်းပင် မြင်ဖူးပေမဲ့ ဘာအသီးမသိလို့ ဖာသိဖာသာပဲ အောက်က လျှောက်သွားမိပါတယ်
• မတည့်သူ တွေမှာ လူငယ်တောင် သိသိသာသာ အကြောတက်ပါတယ်၊ လူကြီးဆိုရင် ပြောမနေနဲ့တော့
• မြိတ်မှာတအားပေါပါတယ် မီးဖုတ်ပြီးတို့ စားကြသလို အစိမ်းလဲစားတာ တွေ့ဖူးပါတယ်
• ဘိတ်မှာထက်ကော့သောင်းမှာပိုပေါတယ်ညီမ အင်းကော့သောင်ဘက်တော့ရောက်ဖူးသေးဘူး တို့က ဘိတ်ကပါ အခုကော့သောင်းမှာခဏလာနေတာ ပသျှူးလူမျိုးတွေတအားစိုက်တယ် သူတို့ခေါ်တာက လိုတောလား မသိဘူး တို့ဘိတ်မှာက သစ်လိမ်သီးလို ့လဲခေါ်ကြတယ်လေ
• မလေး ရောက်မှ စားဖူးပါတယ်ဆရာ။ ငါးပိချက်လိုမျိုး ချက်ထားတာ စားလို့တော့ ကောင်းတယ်
• ဆရာငယ်ငယ်ကစားလာတဲ့ဒညှင်းသီ Fb မှာတခါတွေ့ဖူးတယ် အဆိပ်ဖြစ်တယ်ဆိုလား မစားရဲတော့ဘူး ကျေးဇူပြုပြီပြောပြပါဆရာ စားလို့ရမရ နံကာမှနံရော လွမ်းလို့ပါဒညှင်းသီးကို
• အရမ်းကြိုက်တဲ့အသီးပါ စစ်ကိုင်တိုင်း ကလေးမြို့နယ် တဝိုင်မှာပေါတယ် ချင်းလို ဇောင်းတ လို့ခေါာတယ်
• မစားဖူးသေးပါခင်ဗျာ မိတ်ဆွေတယောက်ခြံ ၌ စိုက်ထားတာမြင်ဖူးပါတယ်
• တနင်္သာရီတိုင်းမှာပေါပါတယ် အသီးတောင့်ကလိမ်နေတော့ သစ်လိမ်သီးလို့ခေါ်ကြပါတယ်ဗျ
• မလေးမှာတော့ ငရုတ်သီးနဲ့ ချက်တာ စားဖူးတယ်။။ ပထမတော့ တညင်းသီး ထင်တာ။။။
• စလုံးက လူတွေအရမ်းစားတယ် အနံ့ပြင်းတယ်
• တမူးက ထွက်တယ်လေး မျောက်ငိုသီး ကောင်းတယ်
• တမူးမှာနေတုန်းက စားခဲ့ဖူးတာလေး ဆရာပြောမှ သတိရနေမိပြန်ပြီ
• အစေ့မှာအဟာရဓာတ်ကြွယ်ဝစွာပါဝင်လို့ စားသုံးသင့်ပါတယ်
• ဆရာမလေးမှာတော sambal sauce ချက်စားကောင်းတယ်ဗျား
• ထိုင််းလို စတော်လို့ခေါ်တယ်။ ထိုင်းတောင်ပိုင်းမှာပေါတယ်။
• မလေးရှာမှာ ပုဇွန်ဆိပ်နဲ့ငရုပ်သီးနဲ့ အစပ်ချက်ပါတယ်
• အိန္ဒိယမှာ သူဌေးတွေမှ မျောက်ငိုသီးစားနိုင်ကြတာတဲ့ဆရာ
• အခန့်မသင့်ရင် လေအောင့်တတ်တယ်
• ညီမအသိ အကိုတယောက်က ဒီအသီးကို နာမည်ပေးထားတယ် မူကြိုဒညင်းသီးတဲ့ အနံ ့က ဒညင်းသီးနံ့ကိုး အစိမ်းတို့စားရတာကြိုက်တယ်
• ဆရာကျမ်းမာရေးအတွက်ဘာကောင်းလဲ
• တမူးမှာပေါတယ်ဆရာ 
• အိန္ဒိယက ပွဲတော်ရှိရင် သွားရောင်းကြတယ်လေ သင်္ကြန် မတိုင်ခင်က တမူးရောက်လို့ ဝယ်ဖူးတယ် စားကောင်းဘူး
• မြောက်ငိုသိးငပိကျော် မြောက်ငိုသိးငါးပေါင်းခိုက်သွားမယ်
• ခုမှပဲ သိရတော့တယ် ဆရာရယ် ကျေးဇူးတင်ပါတယ်
• ချင်းတောင်မှာ အရမ်းပေါတယ်
• ကလေးမြို့ဖက်မှာပေါက်တယ် စားဖူးတယ်
• ဟင်းချိုချက်စားလဲကောင်းမှကောင်းပါရှင်
• ဆရာတညင်းသီးစားလား
• မလေးမှာစျေးကောင်းတယ် 1kgကို rm80
• ချင်းလို ယောင်းတခေါ်တယ်
• အဟာရနဲ့ဖြစ်မဖြစ်သိချင်ပါတယ်
• ဟုတ်တယ် မလေးမှာ အစားများတယ်
• မလေးမှာပေါလည်းပေါတယ်ဆရာစျေးလည်းကြီးတယ်
• ပုဇွန်န့့လဲချက်တယ် မလေးအစါးအစါ
• ဆရာ အဲအပင်ကို ဝေယာပင်လို့ခေါ်တာ ကျွန်တော်တို့ အအညာမယ် အဲဒီအပင်ဘဲလား တူတာလားဆရာ
• မတူပါ ခပ်ဆင်ဆင်ပါ ဒါပေမယ့် မျောက်ငိုစေ့က လက်မလက်သဲခွံလောက် ကြီးပါတယ် အဝေရာကတော့ ကြီးမလာပါ အစေလ သေးသေးလေးပါဘဲ
• ဒညှင်းသီးအစား မျောက်ငိုသီးကို အစားထိုးစားမယ်ဆိုရင် ကျန်းမားရေးပိုးကောင်းနိုင်မလားဆရာ ကျွန်တော်ကတော့ မျောက်ငိုသီးကို ပိုကြိုက်တယ်ဆရာ ကျန်းမာရေနဲ့ ညီညွတ်မှု့ရှိမရှိတော့ မသိပါဘူးဆရာ
• ကျန်းမာရေးအတွက်အကျိုးထူးပါတယ် စားရင်ခေါင်းကြည် လေကောင်း ကျွန်တော့ဆီမှာသီးနေပါပြီ
• အသား မျိုးစုံနဲ့ အစပ်ကြော်လဲအရမ်းကောင်းပါတယ် အနံ့လဲကောင်းပါတယ်
• ထိုင်းမှာစားဖူးတယ်ကောင်း
• ထိုင်းမှာ စားကြတဲ့ စတောဆိုလား အဲ့ဒီအသီးနဲ့လည်း တူတယ် အသီးပုံက

ကွန်မင့်ပေးကြသူတွေကို ကျေးဇူးတင်တယ်။ ဘောစကိုင်း (အဝေယာ) သီး မဟုတ်ပါ။ ဒညင်းဝက် မဟုတ်ပါ။ ဆူးပုတ်သီး မဟုတ်ပါ။ လုပ်စားနည်းအမျိုးမျိုးကို သိလာပါတယ်။ စီးပါွးလည်းဖြစ်တယ်။ မကြိုက်တဲ့သူလည်းရှိတယ်။ အလွန်ကြိုက်သူတွေလည်း ရှိတယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Water poisoning ရေအဆိပ်သင့်ခြင်း