Breast Reconstruction ရင်သား အသစ်တပ်ပေးခြင်း

(ကန်တော့)
၂၀၁၆ ခုနှစ်က ရေးထာတာ။ စာအဟောင်းတွေမှာ စာရိုက်အမှားတွေ ပါလေ့ရှိတယ်။ ဆောရီး။ အမှားတွေရင် ပြင်ပါမယ်။
ရင်သားမှာ ကင်ဆာဖြစ်လို့ တဖက်လုံး၊ နှစ်ဘက်လုံး ဖြတ်ထုတ်လိုက်ရသူတွေကို အမြင် အရင်လိုဖြစ်စေဘို့နဲ့ အထိအတွေ့ ကောင်းစေဘို့ရာ ရင်သားအသစ် ခွဲစိတ်ထည့်ပေးနိုင်တယ်။ Implants ရင်သားအတုထည့်တာကို Mastectomy ရင်သား ခွဲထုတ်ပြီး ချက်ချင်းလဲ လုပ်နိုင်တယ်။ တချို့ကို နောက်မှ အေးအေးဆေးဆေး လုပ်နိုင်တယ်။ အခုနောက်ပိုင်းမှာ ဖြစ်နိုင်ရင် ချက်ချင်း လုပ်ကြတယ်။ လူတိုင်းက လုပ်ဘို့ သင့်ကြတာတော့ မဟုတ်ပါ။ လုပ်မယ်ဆိုရင် Plastic surgeon (ပလပ်စ်တစ်) ခွဲစိတ်ဆရာဝန်၊ Breast surgeon ရင်သား-ခွဲစိတ်ဆရာဝန်၊ Oncologist ကင်ဆာ အထူးကုဆရာဝန်၊ Radiation oncologist ဓါတ်ရောင်ခြည်-ဆရာဝန်တွေနဲ့ တိုင်ပင်ရမယ်။ လုပ်ပြီးရင် မွေးရာပါ လိုတော့ ကောင်းမှာ မဟုတ်ပေမဲ့ အများကြီး စိတ်သက်သာရာရစေမှာ အမှန်ပါ။ အမြင်ကောင်းလာစေမယ်။ ကျေနပ်မှု တိုးတက်လာစေမယ်။ လူတောတိုးနိုင်လာမယ်။
Breast implants ရင်သားအတုထဲမှာ Saline ဆားရည်၊ ဒါမှမဟုတ် Silicone (စီလီကွန်) သုံးတယ်။ ဆာရည်နဲ့ဟာဖြစ်ဖြစ် Silicone (စီလီကွန်) ဖြစ်ဖြစ် Shell အကာကတော့ (စီလီကွန်) အမာစားဘဲ ဖြစ်တယ်။ လိုအပ်ရင် ကိုယ့်ကို်ယ်ခန္ဓာ တခြား နေရာကနေ ယူထားတဲ့ အရေပြား၊ အဆီ နဲ့ ကြွက်သားကိုယူပြီး တည်ဆောက်ရတယ်။ ဘယ်ဟာ အကောင်းဆုံးနည်း ဆိုတာကို ဆရာဝန်တိုင်းက လက်ခံထားတာတော့ မရှိပါ။ နည်းတိုင်းမှာ အကောင်းနဲ့ အဆိုး ဒွန်တွဲနေတာပါ။ ကိုယ့် ကိုယ်ခန္ဓာ တခြားနေရာက ယူစရာတွေလိုမယ်ဆိုရင် ဒါးရာ၊ ချုပ်ရိုး ပိုကြီးမယ်၊ အတုပစ္စည်း သန့်သန့်ဆိုရင် တမျိုး။ အတုနဲ့ ကိုယ့်အသားကို တွဲသုံးတာက ပိုပြီး ကိုယ်ပိုင်ထင်မယ်ပေါ့။
မိန်းကလေးတယောက်ရဲ့ ပုံပန်း၊ ခန္စာဗေဒအရ ရင်သားအတုကို လိုက်ဘက်ညီအောင် ရွေးရတယ်။ အဆင့်တွေက မနည်းလှပါ။ ဆေးရုံတက်ချိန်ယူရမယ်။ လိုအပ်ရင် နောက်ဆက်ပြရမယ်။ ဆေးလိပ်သောက်သူတွေတော့ မကောင်းပါ။ တဖက်ထဲ လုပ်ရရင် ကျန်သဘာဝတဖက်နဲ့ တူနိုင်သမျှတူအောင် လုပ်ဘို့ လိုမယ်။ ဒါ့ကြောင့် ရင်သား အရွယ်အစား မကြီးလှသူ၊ တွဲကျမနေသူတွေ လုပ်ပေးရတာ ပိုကောင်းတယ်။ အမှန်က ကြီးနေတာ သေးအောင်၊ သေးနေတာကို ကြီးအောင် လုပ်ပေးနိုင်ပါတယ်။
Implant procedure ရင်သားအတုထည့်ပေးနည်းမှာ အဆင့် ၂-၃ ဆင့်ရှိတယ်။ ပဌမဆုံး Tissue expander နေရာချဲ့ပေးတာကို အရင် ကြွက်သား နဲ့ အရေပြားကြားမှာ ထည့်ရတယ်။ အိတ်လိုနေရာလေး ဖန်တီးလိုက်တာ ဖြစ်ပါတယ်။ ဒီဟာလေးက ဆားရည် ရင်သားတုလိုပါဘဲ။ တလမ်းသွားအထိန်းလေးပါတယ်။ လိုတဲ့အခါ ဆားရည် ထပ်ထည့်ပေးနိုင်အောင်လို့ပါ။ ၄-၆ လလောက် ဆေးခန်းကိုလာပြီး လိုအပ်တဲ့ အရွယ်ရတဲ့အထိ ဆားရည်ကို ထည့်ထည့်ပေးရမယ်။ နောက်တဆင့်ကတော့ ထည့်ထားတာကို ပြန်ထုတ်ပြီး အမြဲထားမဲ့ ဆားရည်ဖြစ်ဖြစ် (စီလီကွန်) ဖြစ်ဖြစ် အတုကိုထည့်ပေးရတယ်။ တခါတလေ ဆားရည်သုံးတာမှာ အရင်ထည့်ထားတာ ကြာကြာထားရတတ်တယ်။
တချို့ကို Tissue expansion နေရာချဲ့ပေးတာကို မလုပ်ဘဲ အတုကို တခါထဲထည့်တာမျိုး တန်းလုပ်ပေးနိုင်တယ်။ သူ့မှာ ရင်သားခွဲထုတ်ပြီးနောက်မှာ ပကတိ အရေပြားနဲ့ ကြွက်သား အလုံအလောက် ကျန်နေသေးလို့ လုပ်နိုင်တာပါ။ လူတိုင်းကိုတော့ လုပ်မရပါ။
Saline နဲ့ Silicone implants ဘယ်ဟာပိုကောင်းသလဲ
- Saline implants တွေက ပိုမာတယ်။ အသက် ၁၈ နှစ်နဲ့အထက် အမျိုးသမီးတွေ Breast augmentation ရင်သား ပိုထွားအောင်အတွက် လုပ်နိုင်တယ်။ Breast reconstruction ရင်သား သစ်အတုထည့်တာဆိုရင် ဘယ်အသက်ဖြစ်ဖြစ် လုပ်ပေးနိုင်တယ်။
- Silicone တွေက အပြော့-အမာမှာ သဘာဝရင်သားနဲ့ ပိုတူတယ်။ အသက် ၂၂ နှစ်အထက် Breast augmentation ရင်သား ပိုထွားအောင်အတွက် လုပ်နိုင်တယ်။ Breast reconstruction ရင်သားသစ် အတုထည့်တာ ဆိုရင် ဘယ်အရွယ်ဖြစ်ဖြစ် လုပ်ပေးနိုင်တယ်။
ဘယ်အန္တရာယ်တွေ သတိထားရမလဲ -
• ရင်သားနေရာ နာနေမယ်၊
• သွေးယိုမယ်၊
• ပိုးဝင်နိုင်တယ်၊
• အမာရွတ်ရှိနေမယ်၊
• အနာမကျက်နိုင်တာ၊
• အထိအတွေ့ ခံစားမှု မတူတော့တာဖြစ်မယ်၊
• ထည့်ထားတာက အရေပြား အပြင်ထွက်လာတာ၊
• အမာရွတ်က အထဲကအတုကို ဖိနေတာ။
• ထည့်ထားတာက ယိုစိမ့်၊ ပေါက်ပြဲသွားတာ၊ ချပ်ပြားသွားတာ၊
• နောက်ထပ် ခွဲစိတ်ရနိုင်တယ်။
Implant ruptures ထည့်ထားတာက ယိုစိမ့်၊ ပေါက်ပြဲ၊ ချပ်ပြားသွားသွားရင် ဘာလုပ်ရမလဲ -
• Saline စုပ်ပြဲတာဖြစ်ရင် ပြန်ဖေါင်းစေအောင် လုပ်ပေးနိုင်တယ်။ အိတ်ထဲကဆားရည်ကို ကိုယ်ခန္ဓာကနေ စုပ်ယူလိမ့်မယ်။ လိုအပ်ရင် ပြန်ထုတ်ပြီး အသစ်တခု ထပ်ထည့်နိုင်တယ်။
• Silicone ပေါက်နေတာကို သတိမထားမိဘဲ နေတတ်တယ်။ ရေရှည်ဆိုးကျိုး ဆိုးတာတွေ မရှိပါ။ ကင်ဆာ မဖြစ်စေပါ။ နာနေနိုင်တယ်။ အရွယ်အစား ပုံပန်း ပြောင်းသွားမယ်။ ခွဲစိတ်မှုတခု လိုပါမယ်။
• Silicone ထည့်ထားသူတွေကို ၃ နှစ်နောက်ပိုင်းမှာ MRI scans ကို ၂ နှစ်တခါ ရိုက်သင့်တယ်။ အနေအထားသိအောင်လို့။
• Breast implants ထည့်ထားသူတွေကို Radiation therapy ဓါတ်ကင်ရင် သတိကြီးရမယ်။ အရောင် ပြောင်းနိုင်တယ်။ (တစ်ရှူး) တွေ ကျုံ့နိုင်တယ်။
Natural grafts/tissue flap surgery သဘာဝ ကိုယ်ပိုင် (တစ်ရှူး) အစားထိုးနည်း
ကိုယ်ပိုင်အသားဖြစ်လို့ သဘာဝဆန်တယ်။ ဒါပေမဲ့ လုပ်ရတာ ကရိကထ များတယ်။ အချိန်ယူရမယ်။ အသားယူတဲ့ နေရာမှာ အမာရွတ် ကျန်နေရစ်မယ်။ အယူခံတဲ့နေရာမှာ အားနည်းသွားမယ်။ ဗိုက်၊ နောက်ကျော နဲ့ တင်က အသားတွေ ယူရတယ်။ Skin-sparing mastectomy ရင်သားကို ထုတ်ပြစ်ရတဲ့အခါ အရေပြားကို ချန်နိုင်သလောက် ချန်တဲ့ ခွဲစိတ်နည်း လုပ်ရင် ချက်ချင်း ရင်သားအတု ထည့်လို့ရတယ်။ ကင်ဆာထပ်ဖြစ်မှာနဲ့ ချိန်ဆရမယ်။
Reconstructive surgery ရင်သားအတုတပ် ခွဲစိတ်နည်း
(၁) Pedicle flap surgery ကိုယ့်ခန္ဓာက အသားစကို သွေးလွှတ်ကြော မပြတ်စေဘဲ အညှာချန်တဲ့နည်း၊
(၂) Free flap surgery ကိုယ့်ခန္ဓာက အသားစကို အပြီးဖြတ်တောက်ယူနည်းမှာ Microsurgical techniques အနုစိတ် ခွဲစိတ်နည်းကိုပါ သုံးရမယ်။ ပိုကြာမယ်။
- Abdomen (TRAM flap) နည်းမှာ Transverse rectus abdominal muscle ကိုယူတယ်။ Pedicle flap surgery ကိုယ်ခန္ဓာက အသားစကို သွေးလွှတ်ကြော မပြတ်စေဘဲ အညှာချန်နည်းဖြစ်ဖြစ် Free flap surgery ကိုယ်ခန္ဓာက အသားစကို အပြီးဖြတ်တောက်ယူနည်းဖြစ်ဖြစ် လုပ်နိုင်တယ်။
- Abdomen (DIEP flap) နည်းမှာ Deep inferior epigastric perforator ကိုယူတယ်။ နည်းသစ်ဖြစ်တယ်။ ကြွက်သားကို တတ်နိုင်မျှ နည်းနည်းသာ ယူတယ်။ အဆီနဲ့ အရေပြားယူမယ်။ Pedicle flap surgery ကိုယ့်ခန္ဓာက အသားစကို သွေးလွှတ်ကြော မပြတ်စေဘဲ အညှာချန်တာကို သုံးတဲ့နည်းကိုသာ သုံးရတယ်။
- ဒီနည်းကို ဆန်းသစ်ထားတာတော့ Superficial inferior epigastric artery (SIEA) flap ဆိုတာကို ယူတယ်။ ယူတာတူပေမဲ့ အတွင်းမှာရှိနေတဲ့ သွေးလွှတ်ကြောကို အားထားတယ်။ လူတိုင်းကိုတော့ လုပ်ရပြန်ဘူး။
- Back နောက်ကျော ဒါမှမဟုတ် Latissimus dorsi flap နည်း၊ နောက်ကျော အထက်နားက ကြွက်သား၊ အဆီ နဲ့ အရေပြားကို ယူတယ်။ ယူတဲ့ဟာကို ရင်ပတ်ဆီအထိ မြောင်းသွယ်သလို လုပ်ပေးရတယ်။ ရင်သား အရွယ်အစား သိပ်မကြီးတာမျိုးအတွက် လုပ်နိုင်တယ်။ ရင်သားအတုထည့်စရာ အိတ်အနေနဲ့လဲ ဒီနည်းလုပ်နိုင်တယ်။
- Buttocks တင်ပါး ဒါမှမဟုတ် Gluteal flap နည်း၊ ဗိုက်နဲ့ နောက်ကျောမှာ ယူစရာ အသားဆိုင် နည်းပါးသူတွေအတွက် လုပ်နိုင်တယ်။
Nipple-areola reconstruction နို့သီးထိပ်ဝိုင်းနဲ့ ထိပ်ဖျား
နို့သီးထိပ်ဖျား လုပ်ပေးတာကို Permanent implant ဒုတိယ ခွဲစိတ်မှုလုပ်ချိန်မှာ တခါထဲလုပ်ပေးတယ်။ တချို့က ၂ လ အနည်းဆုံး ခြာပြီးမှ လုပ်တယ်။ သဘာဝနဲ့ တူနိုင်သမျှတူစေဘို့ပါ။ အတုတပ်လိုက်တဲ့ ရင်သားရဲ့ အရေပြားကနေ အနာ ကောင်းကောင်းကျက်ချိန်မှာ လုပ်ပေးနိုင်တယ်။ ရင်သားအရောင်ရင့်အဝိုင်းကို ပေါင်ခြံကအရေပြားကိုယူပြီး အရောင် ရင့်လာအောင် ထိုးကွင်းထိုးတည်းနဲ့ လုပ်ရတယ်။ Nipple-sparing mastectomy ရင်သားကို ထုတ်ရတုံးမှာ ချန်ထားလို့ ဖြစ်နိုင်ရင် နို့သီးနေရာကို ချန်ခဲ့နိုင်တယ်။ လူတိုင်းကိုတော့ မရဘူး။ လိုအပ်ရင် အဲလိုလုပ်ထားတာကို နို့သီးထိပ်နေရာကို ကင်တာမဖြစ်အောင် ဓါတ်ကင်တာပါ လုပ်ပေးရမယ်။
Acellular dermis technique နည်းဆိုတာလဲ ရှိတယ်။ ရင်သားခွဲထုတ်တုံးမှာ အရေပြားအောက်မယ် ပုခက်လို အရာလေး တခုထည့်ပေးထားတယ်။ ပြီးရင် Expander ဖြစ်ဖြစ် Implant ဖြစ်ဖြစ် ထည့်ပေးနိုင်အောင်လို့။ နောင် ဆေးခန်းပြန်လာရတဲ့ အကြိမ်နည်းစေတယ်။ ရင်သားကြီးကြီးကိုလဲ လုပ်ပေးနိုင်တယ်။ ဒါးရာလဲ နည်းတယ်။ Expander ကနေ Final implant ကိုလဲတာလဲ အချိန်တိုတိုနဲ့ ရတယ်။ လူတိုင်းကိုတော့ လုပ်ပေးလို့ မရပါ။ နောက်ပေါ်နည်းကို Gummy bear implant ခေါ်တယ်။ စမ်းနေဆဲဖြစ်လို့ စာရင်းသွင်းထားသူတွေကိုသာ လုပ်ပေးတယ်။
ဘယ်လိုကြိုးစာထားတာဖြစ်ဖြစ် သဘာဝ မိမွေးတိုင်းတော့ မကောင်းနိုင်ပါ။ စိတ်ထိခိုက်မှု အနည်းနဲ့ အများခံစားရမှာကို ကုဘို့လိုရင် ကုရမယ်။ ခွဲစိတ်ပြီးနောက် နာတတ်တာများလို့ လက်ကို ခေါင်းပေါ်မှာ မြှောက်နေကြဘို့ အကြံပေးတယ်။ ရာသက်ပန်မခံတာ သတိထားဘို့ လိုပါမယ်။ ၂၀-၂၅ နှစ်ခံမယ်လို့ ခန့်မှန်းချက်ရှိတယ်။
• လှချင်လို့လုပ်တာတွေက အများဆုံးပါ။
• ၁၉၆၂ မှာ ပဌမဆုံး ရင်သားအတုထည့်တဲ့ အမျိုးသမီးဟာ အမေရိကားကဖြစ်တယ်။ သူ့နောက် တကမ္ဘာလုံးမှာ ၅ သန်းကနေ ၁၀ သန်းအထိရှိနေပြီ။
• ၁၉၉၂ ခုနှစ်မှာ အမေရိကန် FDA ကနေ (စီလီကွန်) တွေကို သူ့နိုင်ငံထဲမှာ မရောင်းတော့ဘို့ လုပ်လိုက်တယ်။ ၂၀၀၆ ရောက်တော့ Allergan and Johnson & Johnson's Mentor ကနေ ထုတ်တာတွေကို ပြန်ပြီး ခွင့်ပြုလိုက်တယ်။ အမျိုးသမီး ၄၀၀၀၀ ကို ၁၀ နှစ်ကြာ ဆက်လေ့လာစောင့်ကြည်မှု လုပ်ရမယ်ဆိုတဲ့ အာမခံချက်နဲ့ ခွင့်ပြုတာဖြစ်တယ်။
• ဗြိတိန်မှာ (ပလပ်စတစ်) ခွဲစိတ်ကုသမှုထဲမှာ အများဆုံးလုပ်ရတဲ့ ခွဲစိတ်နည်းဖြစ်တယ်။
• (ဘရာဇီးလ်) မှာလဲ အတော်ကြီး ပေါ်ပြူလာဖြစ်တယ်။ တနှစ်မှာ အမျိုးသမီးပေါင်း ၂ သိန်းကနေ ၃ သိန်း လုပ်ပေးနေရတယ်။
• တခါလုပ်ရင် ဒေါ်လာ ၅၀၀၀ ကနေ ၈၀၀၀ ကုန်တယ်။ နောက်ပြန်ခွဲရတာက ပိုကုန်တယ်။
• အလှအပကို တန်ဘိုးထားလှတဲ့ (ဗယ်နီဇွဲလား) မှာ မိဘတွေက သမီးချောလေးတွေကို လက်ဆောင်အနေနဲ့ လုပ်ပေးသတဲ့။ အဲဒီမိန်းကလေးတွေ တသက်မှာ အနည်းဆုံး ၂ ခါတော့ ဒါးရာပါနေတာ အဝတ်ချွတ်ရင် မြင်ရလိမ့်မယ်။
ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ