Health Gossip ခပ်တည်တည်နဲ့ လိမ်ညာခြင်း

စာက ရေးထားတာ ၄ နှစ်ကြာပြီ။ ဖေ့စ်ဘွတ်မှာ Gossip Girl ရုပ်ရှင်ကြောငြာတခုတွေတာနဲ့ တိုက်ဆိုင်လို့ ပြန်တင်ပါတယ်။

လွန်ခဲ့တဲ့ ၇ နှစ်တိတိက မေးပါတယ်။ ဆရာခင်ဗျား ဇဝေဇဝါဖြစ်အောင်ရေးထားတဲ့အတိုင်း ဖြစ်နိုင်၊ မဖြစ်နိုင် အများသူငှာသိနိုင်ဖို့ ပို့စ်လေး ရေးပေးပါခင်ဗျာ။ ရိုသေလေးစားလျက်ပါ။

၁။ Myawady Health မှာနာနတ်သီးစားမိရာမှ AIDS ဖြစ်ခေါင်းစဉ်နဲ့ တင်ထားတာဖြစ်ပါတယ်။ သတင်းပါအကြောင်းတွေ ချုပ်ရင် အသက် ၁ဝ နှစ်အရွယ် ကောင်လေးတယောက်၊ နာနတ်သီးစိတ်ဝယ်စား၊ နောက် ၁၅ ရက်ကြာတဲ့အခါ နေမကောင်းဖြစ်၊ ဆေးစစ် HIV ရောဂါပိုးတွေ့ရှိ၊ နာနတ်သီးစားမိရာမှ HIV ကူးစက်ခဲ့။ လမ်းဘေးအစားအစာ ဝယ်စားတာ သတိထား တဲ့။ 

မှားတယ်။ HIV ဆိုတာ (၁) လိင်ဆက်ဆံမှု။ (၂) ပိုးရှိမိခင်ကနေမွေလာတဲ့ကလေး နဲ့ (၃) ဆေးထိုးအပ်ကနေသာ ကူးစက်နိုင်တယ်။ ဘာစားစား မကူးပါ။

ချက်ချင်းဆိုသလိုပဲ ဆေးရုံကနေ နာနတ်သီးရောင်းသူထံ အမြန်သွားခဲ့ကြပါတယ်လို့ ရေးထားတယ်။ အဲတာလည်း မှားတယ်။ HIV တရားခံရှာတဲ့အလုပ်ကို ဆေးရုံက ဘယ်ဆရာဝန်ကိုမှ သွားကြည့်ဖို့ တာဝန်ပေးထားနိုင်တာမရှိပါ။ ကပ်ရောဂါလိုဖြစ်ရင်သာ ရောဂါကာကွယ်တိုက်ဖျက်ရေးတာဝန်ရှိသူတွေက ချက်ချင်းဆောင်ရွက်ကြရပါတယ်။

AIDS ဝေဒနာရှင် နာနတ်သီးသည်လို့ ရေးထားတယ်။ HIV ပိုးရှိသူသူတိုင်းက AIDS မဟုတ်ပါ။

နာနတ်သီးစိတ်ဝယ်စားပြီးနောက် ၁၅ ရက်ကြာတဲ့အခါမှာတော့ နေမကောင်းစဖြစ်၊ ဆေးစစ်တော့ HIV တွေ့တယ်လို့ ဆိုထားတယ်။ အဲတာလည်း မှားတယ်။ HIV ကူးစက်မှုကို သံသယဖြစ်စရာနဲ့ ကြုံပြီးနောက် ၃ လကြာမှသာအတွင်း စစ်နိုင်တဲ့နည်း မပေါ်သေးပါ။

ဒိအရင်က ခပ်ဆင်ဆင် အနည်းဆုံး ၂ ကြိမ်ရှင်လင်းခဲ့ရပါသေးတယ်။

၂။ ၈-၄-၂ဝ၁၄ နေ့က အချိန် ၃ မိနစ်လောက်ပေးပြီးဖတ်ပေးပါခင်ဗျားဆိုပြီး၊ HIV သတိပေးချက်ကို ဖေ့စ်ဘွတ်မှာ တွေ့ခဲ့တယ်။ ရုပ်ရှင်ရုံထိုင်မှာ ဆေးထိုးအပ်ထောင်ထားပြီး ခင်ဗျား HIV ပိုး အကိုက်ခံရပြီ၊ ကမ္ဘာ့ HIV မိသားစုမှ ကြိုဆိုပါတယ်စာတမ်းပါ ထားခဲ့တယ်လို့ရေးထားတာဖြစ်တယ်။ မဖြစ်နိုင်ကြောင်း ရှင်းလင်းခဲ့ရပါတယ်။

၃။ ၁၆-၅-၂ဝ၁၄ နေ့က မြန်မာပြည်ကဒုက္ခသည်တွေနေထိုင်တဲ့ အိန္ဒိယမှာ လူသုံးများလှတဲ့ Frooti ဖရုတီ သရက်သီး ဖျော်ရည်ထုတ်လုပ်ရာမှာ HIV/AIDS ရှိသူတယောက်ကနေ သူ့သွေးထည့်သွားလို့ လာမဲ့ရက်တွေအတွင်းမှာ မသောက်ကြဘို့ ဒေလီရဲတပ်ဖွဲ့က သတိပေးထားတယ်လို့ သတင်းထွက်ပါတယ်။ ဒီသတင်းက မဟုတ်ကြောင်းနဲ့ HIV ဟာ ပါးစပ်ကနေ ကူးတာမရှိပါလို့ ပြန်ရှင်းခဲ့ရပါသေးတယ်။

သတိပေးတာကောင်းပါတယ်။ ခိုင်မာမှုကို အခြေပြုစေချင်ပါတယ်။ လူတွေကို အထိတ်တလန့်မဖြစ်စေသင့်ပါ။ သူများကို ခပ်တည်တည်နဲ့ လိမ်တာမကောင်းပါ။

ဒေါက်တာတင့်ဆွေ


Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Water poisoning ရေအဆိပ်သင့်ခြင်း

Colorectal cancer အူမကြီး ကင်ဆာ