Rivers အနှစ်နှစ်ဆယ် မြစ်နှစ်ဆယ်

မိတ်ဆွေတယောက်က ရွှေစက်တော်ဘုရားပွဲပုံတင်လို့ မမြင်ဘူး မူး မြစ်ထင်ဆိုပြီး ရေးလိုက်တယ်။ ကျွန်တော် မရောက်ဘူးသေးပါ။ မမြင်ဘူး မူး မြစ်ထင်ဆိုရိုးစကားအဓိပ္ပါယ်ကို အကောက်လွဲတတ်တယ်။ ကျွန်တော်လည်း ပါတယ်။ မုံရွာကနေ မန္တလေးကိုသွားတိုင်း မူးမြစ်ကို ဖြတ်ရတယ်။ ဆိုစကားထဲက မူးနဲ့ ညောင်ပင်ဝန်းနာက မူးမြစ် မတူပါ။ မူးဆိုတာ ချောင်းငယ်လို့ အဘိဓာန်ကဆိုတယ်။ 

ရေစီးကြောင်းကြီးတာကို ချောင်းခေါ်တယ်။ ရေက အစဉ်မပြတ် စီးနေမယ်။ မိုးရွာမှသာ ရေစီးတာကို ယမား ခေါ်တယ်။ ချောင်းတွေနဲ့ ယမားတွေစီးဝင်တာကို မြစ်ခေါ်တယ်။ မြစ်ကလည်း အသေး အလတ် အကြီး။ ပင်လယ်နဲ့ သမုဒ္ဒရာ ပထဝီထဲမှာ။ မြစ်ကြီးငါးသွယ် မြစ်ငယ်ငါးရာ စာထဲမှာ။

အနှစ်နှစ်ဆယ် မြစ်နှစ်ဆယ်
ချင်းတွင်းဘေးမှာလူဖြစ်၊ မူးမြစ်ကို တနှစ်မှာ ဆယ်ခါကျော်ဖြတ်၊ အရှေ့ရပ်က ဧရာဝတီဘေး၊ မန္တလေးမှာ ဆေးပညာသင်ခဲ့ရသည်။ ဆရာဝန်ဖြစ် ၁၅ နှစ်အကြာ၊ မြန်မာပြည်မှာ သွေးနဲ့ချွေးတို့စီးဆင်းရာ ဒုက္ခမြစ်ကြီးတစင်း ပေါ်ထွန်းလာ၊ နိုင်ငံရေးပင်လယ်မှာ ခုန်ချမိ၊ ကနေ့အထိပါ။

မဏိပူရ ခေါ် မြစ်သာမြစ်နဲ့ ကုလားတန်ခေါ် ချင်သုပွေမြစ်တွေကို ကျော်ပြီးသကာလ၊ တရားခံပြေးဘဝ စခဲ့ရပါသည်။ ယမုန်နာမြစ်စ်စီး ဆင်းရာ ဒေလီမှာသာ၊ အနှစ်နှစ်ဆယ်ကျော်ကြာ၊ ဂင်္ဂါမြစ်ထဲမှာ သားအကြီးရဲ့ အရိုးပြာကို မျှောလိုက်ရပါသည်။

သောင်ရင်းမြစ်ကို စုန်ဆန်၊ ကျည်ဆံသံနားစွင့်ပြီး၊ ကရင့်နယ်မြေက အစည်းဝေးများ၊ ညီလာခံများ၊ ကျောက်ဖယားမြစ်၊ ရိုင်းမြစ်၊ သိမ်းမြစ်၊ သူများနိုင်ငံကမြစ်များလဲ မရေတွက်နိုင်အားပါ။

ဒုက္ကရစရိယာကျင့်ရာအနားက သုဇာတာ ရွှေခွက်မျောရာ နာရဥ္ဇရာမြစ်ကိုရောက်တာ ဘယ်နှစ်ခေါက်မှန်းမသိ၊ သာဝတ္ထိအနားမှာ မပဒါ ပရိဒေဝမီး လောင်မြိုက်တဲ့မြစ်အနား၊ သံဝေဂပွါးခဲ့ဘူးပါသည်။

ဗြဟ္မပုတ္တရကို အခါခါကျော်ဖြတ်၊ နယ်စပ်ကိုခရီးထွက်၊ အသက်ရှင်နေသမျှ ဖြတ်ရတဲ့မြစ်အရေအတွက်၊ အစဉ်းနှစ်ဆယ်အထက်မှာရှိပါသည်။

အခုတော့ မြန်မာပြည်ထဲမှာ နေထိုင်ရသူတွေဟာ သွေးနဲ့ချွေးတို့စီးဆင်းရာ ဒုက္ခမြစ်ကြီးထဲမှာ။ 

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Water poisoning ရေအဆိပ်သင့်ခြင်း

Colorectal cancer အူမကြီး ကင်ဆာ