Salpingitis သားအိမ်ပြွန်ရောင်ခြင်း

(ကန်တော့)
ကျွန်မအသက် ၂၄ပါ သုံးနှစ်အရွယ်သားတယောက်ခွဲမွေးထားပါတယ် မွေးပြီးနောက်ပိုင်း အခု ၁နှစ်လောက်ရှ်ိပါပြီ menstruation ဖြစ်ရင် ဘယ်ဘက်အချမ်း(ခြမ်း)ဗိုက်အရမ်းနာပါတယ် လမ်းလျှောက်ရင်တောင်နာ နာချေဖို့ချောင်းဆိုးဖို့တောင် မလုပ်ရဲပါဘူး ထိကြည့်ရင်လည်းအထိမခံနိုင်အောင်နာပါတယ် နာတဲ့ပုံစံက မိန်းကလေးတိုင်း ဒီလိုအချိန်မှာ ခံစားရတဲ့ အနာနဲ့လုံးဝမတူပါဘူးရှင် menstruation ပြီးတာနဲ့ အဲ့ဒီအနာကလည်းချက်ချင်းပျောက်သွားပါတယ် နောက်တလ menstruation ဖြစ်ခါနီး ၂ရက်လောက်အလိုဆို ပြန်နာပါပြီ ဒီမှာရှိတဲ့ OGတွေလည်းပြတာစုံနေပါပြီ ultrasound လည်း ရိုက်ပါတယ် ပေးတဲ့ဆေးတွေလည်းသောက်ပါတယ် မထူးခြားပါဘူး လတိုင်း အဲ့လိုအချိန်မျိုးကို ကြောက်နေရပါတယ် problem က ဘာဖြစ်နိုင်လဲဆရာ ရောဂါတခုခုဖြစ်မှာအရမ်းကြောက်ပါတယ် ဘာဖြစ်တာလဲ ပြောပြပေးနိုင်မလားရှင် လောလောဆယ် danogen 200mg သောက်နေပါတယ် ရေရှည်မှာဘာဖြစ်လာနိုင်လဲ ဆိုတာသိချင်ပါတယ် ဆေးညွန်းပေးတာဖြစ်ဖြစ် ဘယ်လို treatment တွေခံယူသင့်တယ်ဆိုတာ ဖြစ်ဖြစ် ပြောပြပေးနိုင်မလားရှင် 
သားအိမ်ကို အာထွာဆောင်းရိုက်ဖူးပါသလား။
ရိုက်ထားပါတယ် ပြရမလားရှင့်
အဖြေစာသာ ဖတ်လို ပုံမလို
ဆေးခန်းနှစ်ခုပြထားပါတယ် နှစ်ခုလုံး   သေချာနားမထောင်ပေးပါဘူး တကယ်ခံစားနေရတာပါ ဘာဖြစ်နေတယ်ဆိုတာ သိချင်တာပါ ဘာမှမဖြစ်ဘူးပဲပြောကြပါတယ် မဖြစ်ဘူးဆို သူနာတဲ့အနာက လှုပ်လို့တောင်မရပါဘူး ဘယ်ဘက်တခြမ်းထဲ 
ရိုးရိုးမိန်းကလေးတိုင်းခံစားရတဲ့ အနာမျိုးနဲ့လည်းလုံးဝမတူပါဘူး ကလေးမွေးပြီးနောက်ပိုင်း အခု တနှစ်အတွင်းမှာ ဖြစ်လာတာပါ ဒါက ဆေးခန်းတခုကပေးတာပါ ဒီတမျိုးက နောက်ဆေးခန်းတခုကပေးတာပါ
ဖတ်ရသလောက် ဘယ်ဘက်သားအိမ်ပြွန်ရောင်နေ။ ဆေးနဲ့ ပျောက်ပါမယ်။
ဘယ်လိုဆေးမျိုးသောက်ရမလဲရှင် Menstruation ဖြစ်တဲ့အချိန်တိုင်းရောင်လာတတ်တာမျိုးလားရှင် ခံစားရတာ ၁နှစ်နီးလိုမလို့ပါ
အမျိုးသမီးတိုင်းမှာ သားအိမ်ရဲ့ ဘယ်နဲ့ညာမှာ သားအိမ်ပြွန်တစုံစီရှိတယ်။ ပျမ်းမျှ ၁ဝ စင်တီမီတာရှည်ကြတယ်။ သူ့အောက်နား နှစ်ဖက်လုံးမှာ မျိုးဥအိမ်လေးတွေရှိတယ်။ အပျိုဖြစ်ကတည်းက သွေးဆုံးတဲ့အချိန်ထိ လစဉ် မျိုးဥတဥ ထုတ်ပေးနေတယ်။ အိမ်ထောင်ကျလို့ ကျားသုက်ပိုးက ဗဂျိုင်းနားကနေဝင်လာပြီး အထက်ကိုတက်လာချိန်နဲ့ မျိုးဥထွက်ချိတန်ကိုက်ရင် မျိုးဥဟာ သားအိမ်ပြွန် ဘေးအဆုံးပေါက်ကနေတဆင့် ပြွန်ထဲဝင်လာပြီး ပြွန်ရဲ့ အဖျားပိုင်း သုံးပုံတပုံနေရာလောက်မှာ ပေါင်းဆုံကြတယ်။
သားအိမ်ပြွန်ရောင်တာကို Salpingitis လို့ခေါ်တယ်။ ပိုးဝင်လို့ဖြစ်တယ်။ ဗဂျိုင်းနား ခေါ် မွေးလမ်းကြောင်းကနေ အထက် တက်လာပြီး သားအိမ်၊ နောက်တဆင့် သားအိမ်ပြွန်ဆီရောက်လာတာဖြစ်တယ်။ တဖက်တည်းဖြစ်ဖြစ် နှစ်ဖက်လုံးဖြစ်ဖြစ် ရောင်နိုင်တယ်။ သားသမီးမရနိုင်သေးသူတွေမှာ ဒီအကြောင်းခံကြောင့်ဖြစ်တာ အများဆုံးဖြစ်တယ်။
ဆီးစပ်နာပြီး ဖျားတဲ့အမျိုးသမီးတွေ သားအိမ်ပြွန်ရောင်လို့ဖြစ်နိုင်တယ်။ တဖက်ချင်းဖြစ်လေ့ရှိတယ်။ အပျိုတွေမှာဖြစ်တာ အလွန်ရှားတယ်။ ကလေးမွေးပြီးချိန်၊ ကိုယ်ဝန်ပျက်ပြီးချိန်၊ ကိုယ်ဝန်ဖျက်ပြီးချိန်၊ ကိုယ်ဝန်တားပစ္စည်းထဲ့ပြီးချိန်၊ မီးယပ်ရောဂါတခုခု ခွဲစိတ်ပြီးချိန်တွေမှာ ဖြစ်တတ်တယ်။
အများအားဖြင့် ဂနိုးရီးယားခေါ် လိင်ကတဆင့်ကူးစက်ရောဂါဖြစ်စေတဲ့ပိုး Gonococci ကနေ ဖြစ်တယ်။ chlamydia, mycoplasma, staphylococci and streptococci ပိုးတွေကနေလည်း ဖြစ်တယ်။
ဖြစ်ရင် ဆီးစပ်နေရာနာမယ်။ တဖက်-နှစ်ဖက် ဖြစ်နိုင်တယ်။ ဖျားနိုင်တယ်။ ချွေးထွက်မယ်။ ချမ်းမယ်။ မွေးလမ်းက တခုခု ဆင်းချင်ဆင်းမယ်။
အူအတက်ရောင်တာ၊ သားအိမ်ပြင်ပသန္ဓေတည်တာ၊ မျိုးဥအိမ်အလုံးနဲ့ Endometriosis ခေါ်သားအိမ်ရောဂါတွေကိုလည်း စဉ်းစားရမယ်။
ဆေးရုံတက်ကုသရနိုင်တယ်။ ပိုးသေဆေးချက်ချင်းပေးရမယ်။ ဆေးပြောင်းပေးဘို့လိုရင် ပြောင်းရတယ်။ အနာသက်သာဆေးလိုမယ်။ ပြည်တည်မှသာ ခွဲစိတ်ဘို့လိုမယ်။ gonorrhoea နဲ့ chlamydia ပိုးဖြစ်လို့ လိင်ကတဆင့် ကူးစက်တာဖြစ်ရင် ခင်ပွန်းကိုပါ ပိုးသေဆေးပေးရမယ်။
ဆေးသေချာမကုသရင် ဆက်ဖြစ်နိုင်တာတွေရှိလာမယ်။ Pelvic inflammatory disease (PID) ခေါ် တင်ပါးဆုံးတွင်း အင်္ဂါတွေရောင်ခြင်းက ဆိုးတယ်။ ဆေးကုတာစောရင် ကလေးမရမဖြစ်စေပါ။ သားအိမ်ပြွန် ပိတ်မပိတ် သေချာအောင် hysterosalpingogram (HSG) ရိုက်ရမယ်။ နာတာရှည်ဖြစ်ရင် အမာရွတ်ဖြစ်စဉ်ကနေ တွယ်ကပ်မှုကြောင့် ပြွန်ပိတ်မယ်။ နာတာရှည်ဖြစ်ရင် ဆီးစပ်နေရာ နာနေမယ်။ အတူနေစဉ်မှာ မနာသင့်ပဲနာမယ်။ ဗဂျိုင်းနားက တခုခုဆင်းမယ်။ ကျန်းမာရေးမကောင်းဖြစ်နေမယ်။ ကလေးမရနိုင်ဖြစ်မယ်။
Gonorrhea နဲ့ chlamydia စာ ဘလော့မှာရှိ။ ဆေးတွေအကြောင်းစာလည်း ဘလော့မှာရှိ။
ဒေါက်တာတင့်ဆွေ
၁၉-၁၁-၂၀၂၀

Comments

Popular posts from this blog

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ

Insomnia အိပ်မရခြင်း