ဆားတဇွန်းစာ

ဟိုးရှေးရှေးတုန်းက သူဌေးကြီးတဦးမှာ သမီး သုံးယောက် ရှိပါတယ်။ တနေ့မှာ ဖခင်သူဌေးကြီးက သမီးသုံးယောက်ကို သူ့အား ဘယ်လောက်ချစ်သလဲလို့ မေးပါတယ်။ အဓိက ကတော့ သူပိုင်ဆိုင်တဲ့ အမွေတွေကို ခွဲပေးဖို့ ပါဘဲ။

ပထမသမီးက သူ့ဖခင်ကို လမင်းကြီးလောက် ချစ်ပါတယ် လို့ ဆိုပါတယ်။ ဒုတိယသမီး ကလည်း သူ့ဖခင်ကို နေမင်းကြီးလောက် ချစ်ပါတယ်တဲ့။ အငယ်ဆုံး သမီးလေးကတော့ ဖခင်ကြီးကို ဆားတဇွန်းစာလောက် ချစ်ပါတယ် လို့ ဆိုပါတယ်။

ထိုအခါ ဖခင်ကြီးက သူ့ကို တကယ်ချစ်တဲ့ သမီးကြီး နဲ့ သမီးလတ်ကို အမွေ အများဆုံး ခွဲဝေပေး ခဲ့ပြီး ဆားတဇွန်းစာသာ ချစ်သော သမီးငယ်ကိုတော့ အနည်းဆုံး ဝေစုကိုသာ အမွေပေးခဲ့ ပါတယ်။

သူဌေးကြီးဟာ သူပိုင်ဆိုင်တဲ့ အမွေတွေ အားလုံးကို ခွဲဝေပေးပြီးတဲ့ အခါမှာတော့ သူဌေးကြီးဟာ သူ့သမီးတွေဆီကို အလှည့်ကျ သွားရောက် လည်ပတ်လို့ နေပါတော့တယ် ။ သမီးတွေလည်း အိမ်ထောင်ရက်သား ကျကုန်လို့ သားသမီးတွေလည်း ထွန်းကားကြပါတယ်။

ဒီလိုနဲ့ အချိန်တွေ ကြာလာတဲ့ အခါမှာတော့ သမီးကြီးနဲ့ သမီးလတ်ဟာ ဖခင် လာရောက်တာကို မကြည်ဖြူကြတော့ ပါဘူး။ အလုပ်ကြီးတခု ပိုလာတယ်လို့ မြင်လာပါတယ်။ ဖခင်ကြီးကလည်း သူ့ကိုပိုချစ်တဲ့ သမီးနှစ်ယောက်ဆီ ကိုဘဲ အများဆုံး သွားရောက်နေတာကိုး။ နောက်ဆုံးမျာတော့ သူ့ရဲ့သမီးနှစ်ယောက်ဟာ သူ့ကို နှင်လွှတ်တဲ့ အထိ ဖြစ်လာတော့တာ ပါဘဲ။

သူဌေးကြီးလည်း စိတ်ပျက်လက်ပျက်နဲ့ သူ့သမီးငယ်ဆီ ရောက်လာပါတယ်။ သမီးငယ်က သူ့ကို ခရီးဦးကြိုဆိုပြီး စားဖွယ် သောက်ဖွယ်များ ကျွေးမွေးပါတယ်။ သူလည်း ဗိုက်ဆာဆာနဲ့ စားတဲ့အခါမှာ ဟင်းတွေအားလုံးဟာ ပေါ့ရွှတ်လို့ နေပါတယ်။

ဒီတော့မှ သမီးငယ်လေးဟာ ဖခင်အား "ဆားမပါသောဟင်းဟာ ဘယ်လိုပင် ကောင်းကောင်း အရသာ မရှိပါဘူး။ ပြီးတော့ ဆားလေးတဇွန်းဆိုပေမယ့် အထဲမှာ ဆားပွင့်လေးပေါင်း မရေမတွက် နိုင်အောင် များပြားပါတယ်။ သမီးက အဖေ့ကို အဲ့ဒီဆားပွင့်လေးတွေလောက် မရေမတွက်နိုင်အောင် ချစ်တာပါ" လို့ ပြောလိုက်ပါတယ်။

ပြီးတော့မှ ဆားထည့်ပြီး ချက်ပြုတ်ထားတဲ့ ဟင်းလျှာများကို လဲလှည်ပြီး ဖခင်ကြီးအား သက်ဆုံးတိုင် ပြုစု စောင့်ရှောက် သွားပါတော့တယ်။ ဆားလေးတဇွန်းဟာ ဟင်းလျှာများရဲ့ အရသာကို ပြည့်စုံစေသလို ဖြူစင်တဲ့ မေတ္တာတရားဟာလည်း လောကရဲ့ အရသာကို ပြီးပြည့်စုံစေပါတယ်။

https://www.love-media.xyz/2021/10/s.html?fbclid=IwAR00LzyypaMZrmL3ctvAPJQmIVV2FW4mdNG9YCr9qjhEb6QC2jIvhjBLV-o

တင်ထားပေးသူ ကျေးဇူး။ သတ်ပုံလည်းမှန်တယ်။ ကွန်ဂရက်ကျူလေးရှင်း။

ပုဒ်မ၊ ပုဒ်ထီးကို ဆိုရှယ်မီဒီယာမှာတော့ သိပ်အလေးမထားကြပါ။ ပုဒ်မနဲ့ ပုဒ်ထီးကို စာလုံးနဲ့ မခြာဘဲ ရိုက်ရတယ်။ ပုဒ်မနဲ့ ပုဒ်ထီးပြီးရင် တကွက်ခြာရတယ်။ ကော်မာတခု၊ ကော်မာနှစ်ခုလည်း ဒီအတိုင်းပဲ။ စာလုံးနဲ့ မခြာရ။ ကော်မာတွေနောက်မှာ တကွက်ခြာရမယ်။ လိုတာကို ပြင်လိုက်တယ်။ ဆောရီး။

ဒေါက်တာတင့်ဆွေ


Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Water poisoning ရေအဆိပ်သင့်ခြင်း

Colorectal cancer အူမကြီး ကင်ဆာ