ဟိုတုန်းကခွေး ခုခေတ်ခွေး

ဦးပုညရဲ့ ခွေးတပ်မတော် သတ်ပုံမှန်လေးတွေလို့ပါ ဖုန်းလိုင်းမရှိပါ။ ဖြတ်ထားပါတယ်။ မိုင်ချီလာပြီး အင်တာနက်သုံးစဉ်တွေ့တာလေးပါ။

"အို ဟဲ့ဟရို့၊ ခွေးနီပါးတို့၊ ရဲကျားတို့၊ ကြန်စုံမတို့၊ ဂုတ်မတို့၊ နင်တို့သခင်၊ စေတမည်ရှိ။ စွမ်းသတ္တိနှင့်၊ လေးကြီးရင်မှာ၊ ခုပင် ယနေ့၊ အခင်းတွေ့ပြီ။ ရှေ့တပ်ဦးက၊ မင်းရဲလှနှင့်၊ ဂုတ်မသမက်၊ မင်းအောင်နက်တို့၊ မကရ်းကွက် စစ်ဆင်၍၊ တပ်လုလင် ခွေးမိုးမှောင်၊ နံဘေးချင်မြှောင်၊ အယ်အောင်ကြီး မပူးစေနှင့်၊ တပ်ဦးက ယခု ချီတက်စေ။

တောခွေးနှင့်သားကျသည့် မိကြောင်မ တူ၊ ခွေးလက်ဖြူကို၊ အရည်တူ ရွေး၍၊ ဗိုလ်တပ်ရေး နခံခန့်။

နန့်တန့်တန့်၊ ရှုပ်တတ်တတ်၊ တခုလပ်ခွေးမများကို၊ ဂုတ်ကျား ရဲကျော်တို့က၊ ကတော်စု အရေးပိုင်၊ ကြပ်တည်းစွာ ချုပ်ကိုင်၍၊ ဝမ်းလှိုင်က လိုက်ကြစေ။

ကွပ်ညှပ်တော်မူရာ၊ ရှောင်ခွာပြေးပုန်း၊ တလုံးကြွင်းကျန်၊ ဝတ်ဆံမကုန်၊ မှုန်တသွတ်သွတ်၊ နတ်ကွပ်သိုးကြောင်၊ စွယ်ရောင်ဖွေးဖွေး၊ မကွပ်သေးတဲ့၊ ခွေးလူပျိုသိုး၊ ကျားထက်ဆိုးများနှင့်၊ ပဲကိုးဒလ၊ အောက်ပြည်က ရခဲ့တဲ့၊ ဝဲထူမ အရီး၊ အောင်နီကြီးကို၊ အပြီးလက်မှတ်၊ စစ်ကဲစာ ပေးအပ်၍၊ တပ်မတော်လက်ဝဲက၊ ရှေ့နဲတူ ဆွယ်မြှောင်၊ သူ့ရန်သူ ကြောက်ရှောင်အောင်၊ ဂဠုန်တောင် စွဲမြဲစေ။

လင်သေလင်ကွာ၊ နေရာမကျ၊ မုဆိုးမ ခွေးမအို၊ မုဆိုးဖို သက်ကြား၊ စွယ်သွား မချွန်၊ အရွယ်လွန်နှင့်၊ ကိုယ်ဝန်ဆောင် တချို့၊ နို့စို့နှင့်တကွ၊ ခွေးမကြီးငယ်၊ မီးယပ်သယ်များကို၊ တနယ်တရွာ၊ တပ်ချီရာကို၊ မပါမလိုက်ကြစေနှင့်။ ။ အနေကျကျ၊ အိမ်ဝအိမ်နောက်၊ ခြံပေါက်ခြံတွင်း၊ ထမင်းအိုးစင် ရေအိုးစင်နှင့်၊ ယုန်ကင် ကြက်ပေါင်၊ ချိုးကောင် ထားရာ၊ ဘဏ္ဍာတော်များ၊ မတိမ်းပါးရအောင်၊ ချပ်ပြားလုံးရေ၊ အသေအချာ၊ လက်မှတ်စာနှင်၊ ခွေးနီလာ ခွေးကြောင်တို့က၊ လုံအောင်ထိန်းချုပ်၊ တအုပ်တစည်း၊ သိမ်းဆည်း စိတ်တူ၊ ဖြူဖြူဖြောင့်ဖြောင့်၊ ရန်မနှောင့်ရအောင်၊ အိမ်စောင့် ခန့်ထားခဲ့ရမည်။"

ဦးတင်မြင့် (ဝိဇ္ဇာဂုဏ်ထူး) တည်းဖြတ်တဲ့ ဦးပုညလက်ရွေးစင်စာများ စာ ၂၅၈ ကပါတဲ့ဆရာ။

ကျေးဇူး။ အဲဒီစာကို ပို့ပေးသူ မရေး။ တင်ပေးသူ မတည်းဖြတ်ပါ။ အင်တာနက်ဖြတ်သူတွေကိုလည်း ရည်ညွှန်းခြင်း မဟုတ်ပါ။

ဦးပုညကား အသက်ရှင်ဆဲဖြစ်၏။

ဒေါက်တာတင့်ဆွေ


Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Water poisoning ရေအဆိပ်သင့်ခြင်း

Colorectal cancer အူမကြီး ကင်ဆာ