Piles and Pregnancy ကိုယ်ဝန်နဲ့ လိပ်ခေါင်း

(ကန်တော့)

(၁) မင်္ဂလာပါဆရာရှင့်။ ဆရာ့ဆီကို ခဏတိုင်းမေးရလို့အားတောင်နာနေပါပြီ။ အခုက ကို်ယ်ဝန်က ၁၇ ပတ်ကျော်နေပါပြီဆရာ။ ဝမ်းက တခါတလေတော့ချုပ်ပါတယ်။ အရမ်းကြီးတာ့ မပာုတ်ပါဘူးဆရာ။ လွန်ခဲ့တဲ့ ၄ ရက်လောက်ကတော့ ဝမ်းသွားရင် သွေးနည်းနည်းပါသွားပါတယ်။ ဒီနေ့မနက်ကျတော့ ဝမ်းချုပ်နေလို့သွားကြည့်တဲ့အခါမှာ အသားစလိုမျိုး သေးသေးလေးကို စမ်းမိတယ်ဆရာ။ တော်တော်ကြာသွားစမ်းကြည့်တော့ မရှိတော့ပါဘူး။ အဲဒါ လိပ်ခေါင်းဖြစ်တာလားဆရာ။ ဆရာစာတွေကို ရှာဖတ်ကြည့်မိပါတယ်ဆရာ။ နာတေ့ာမနာပါဘူးဆရာ။ ထို်င်ရတာလည်းအဆင်ပြေပါတယ်။ သမီးကြောက်လွန်းလို့ ချွေးတွေပြန်ပြီး မူးတောင်သွားတယ်ဆရာ။ အခုမှ စဖြစ်တာလားဆရာ။ သမီးဘယ်လိုလုပ်ရမလဲ။ ကို်ယ်ဝန်နဲ့ဆိုရင် ဖြစ်တတ်တယ်ဆိုလို့ သမီး ဂရုစို်က်ပါတယ်ဆရာ။ ပျောက်အောင်ဘယ်လိုလုပ်ရမလဲဆရာ။ ဒါမှမပာုတ် ဆရာဝန်ကို ပြကြည့်ရမှာလားဆရာ။ 

(၂) ဆရာ မင်္ဂလာပါရှင်။ ကိုယ်ဝန်က စက်တင်ဘာ ပထမပတ် မွေးတော့မှာပါ။ ကန်တော့နော် ဆရာ၊ ကျမမှာ လိပ်ခေါင်းလား မသိပါဘူးဆရာ အရမ်းနာနေပါတယ်ရှင်။ စဖြစ်ခဲ့တဲ့ အချိန်ကတော့ တော်တော်ကြာခဲ့ပါပြီ။ ၉ နှစ် လောက်ကိုရှိခဲ့ပါပြီရှင်။ ငယ်ကတည်းက ကျမ ဝမ်းအရမ်းချုပ်တတ်ပါတယ်။ နေ့စဉ် ဝမ်းပုံမှန် သွားလေ့မရှိပါဘူး။ ၃ ရက် ၄ ရက် နေမှ သွားတတ်ပါတယ်။ တခါတခါ ၅ ရက် ၆ ရက် တောင်ကြာသွားတတ်ပါတယ်။ အဲဒီအခါ အိမ်သာမှာ အကြာကြီး ထိုင်ပြီး ဝမ်းကိုချော့ပြီးသွားရပါတယ်။ အဲဒီအချိန်ထဲက အိမ်သာတတ်ရင် ခဏလေးနဲ့မသွားတတ်တော့ပါဘူး။ ပိုဆိုးတာက ဝမ်းချုပ်ရင် စအိုကွဲသွေးထွက်ဖြစ်လာပါတယ်။ ကြာလာတော့ အဲဒီ အနာရွတ်ကနေ အသားက ပျော့စိစိနဲ့ အသားပိုလိုလို အရေပြားက ပိုထွက်လာပြီး ကောင်းနေရင် ပျော့စိစိလေးတွဲနေသလိုရှိနေပြီး ဝမ်းချုပ်ပြန်ကွဲရင် ရောင်ပြီး အဖုအသီးလို ဖြစ်နေတတ်ပါတယ်။ နှစ်ကြာလာတဲ့အခါ ၂ ခု ၃ ခုလောက် ဖြစ်လာပြီး၊ ရောင်နေတဲ့အချိန်ဆို စအိုပေါက် ပိတ်လုနီးပါး ဖြစ်နေပြီး ဝမ်းသွားရခက် အားမရ။ ဝမ်းပျော့ဆေး mom မသောက်ရင် မသွားတော့သလောက်ဖြစ်နေပါတယ်။ ရှက်ကလည်းရှက်တော့ ဘယ်သူ့ကိုမှအသိမခံပဲ အဲဒီလိုနဲ့ ၉ နှစ် လောက်ကြာခဲ့ပါပြီ။ အခု ကိုယ်ဝန်နဲ့ဆိုတော့ ပိုဆိုးပြီး ဝေဒနာတအားခံရပါတယ်။ အဲဒီအဖုသီးလေးကထိပ်မှာ သွေးချေဥသလို သွေးညိုညိုတွေ စုနေတာတွေ့ရပြီး မာပြီး ရောင်နေတာ ဆေးလိမ်းပေမဲ့ အနာရော အရောင်ရော မလျော့တော့ပါဘူး။ ပြီးခဲ့တဲ့လက တခါဖြစ်သေးပေမဲ့ အဲဒီတုန်းက သွေးတွေ ပေါက်ထွက်လာပြီး ပိန်သွားပြီး ပြန်ပျော့သွားပါတယ်။ အခုက ၁ပတ်လောက် ရှိပြီ မသက်သာပဲ လမ်းတောင် ကောင်းကောင်း မလျှောက်နိုင် မထိုင်နိုင် နေရအိပ်ရ ထိုင်ရခက်ပြီး အရမ်းနာပါတယ်။ ရောင်းပြီး မာတင်းနေတဲ့ အဖုက စအိုထဲလဲ ပြန်သွင်းလို့ မရတော့ တင်ပါးထဲမှာခုပြီး လှုပ်ရှားတိုင်းနာနေပါတယ်။ အခုကတော့ OG သောက်ခိုင်းတဲ့ Avolac ဝမ်းပျော့ဆေး နေ့တိုင်းသောက်လို့ ဝမ်းမှန်နေပါတယ်။ အဲဒီကြားကဖြစ်တာပါ် ကိုယ်ဝန်နဲ့မို့ ဆီးကလည်း မကြာခဏ သွားနေတော့ ပိုနာပါတယ်။ ဘာလုပ်ရမလဲ အကြံပေးပါနော်။ ကိုယ်ဝန်သာမရှိရင် ချက်ချင်းခွဲလိုက်ချင်ပါတယ်။ အခုတော့ စိတ်ဆင်းရဲကြီးစွာ ဝေဒနာခံနေရပါတယ်ဆရာ။ ကျမ အသက်က ၃၅နှစ် ပြည့်တော့မှာပါ။ ရန်ကုန်မှာနေပါတယ်ဆရာ။

လိပ်ခေါင်းဖြစ်ဘို့များတယ်။ ကိုယ်ဝန်ဆောင်ရင် ဖြစ်ကြသူများတယ်။ မီးဖွွားချိန်မှာလဲ ပိုဆိုးလာတတ်တယ်။ သိပ်မစိုးရိမ်ပါနဲ့။ လူအများစုမှာဖြစ်ပါတယ်။ ကလေးမွေးပြီးသက်သာ ပျောက်ကင်းသူလဲများတယ်။ လိပ်ခေါင်းစာကိုဖတ်ပြီး လိုတာကိုလိုက်နာပါ။

လိပ်ခေါင်းက လူအတော်များများမှာရှိတယ်။ ခွဲတိုင်းလဲ မကောင်းတတ်ပါ။ ကိုယ်ဝန်ဆောင်ရင် ပိုဆိုးလာတတ်တယ်။ ရိုးရိုးလမ်းကနေ မီးဖွါးနေတုံးမှာ ပိုရောင်လာသေးတယ်။ မစိုးရိမ်ပါနဲ့။ နာတာနဲ့ သွေးခြည်ဥလို ဖြစ်ရင်တော့ အထဲမှာ သွေးခဲပိတ်နေလို့။ တချို့ကို ချက်ချင်းခွဲရတယ်။ ခွဲတာနဲ့ နာတာသက်သာတယ်။ လိပ်ခေါင်းအကြောင်း စာ ၁ ပုဒ်ပို့မယ်။ ရေနွေးသုံးတာ၊ ရေနွေးထဲထိုင်တာကို သုံးပါ။ ဝမ်းပျော့အောင်လုပ်ပါ။ MOM ကို အကြာကြီးမသောက်ပါနဲ့။

လိပ်ခေါင်းကို ဆရာဝန်လို့ အခေါ်မခံရတဲ့ ဆေးကုနည်း၊ အာယုဗေဒနည်း၊ ဟိုမီယိုနည်းတွေရှိလို့ ဆရာဝန်တွေသုံးတာ သက်သက်ကိုသာ ရေးပါမယ်။ တခြားနည်းတွေနဲ့ကုပြီးမှ ဆရာဝန်ဆီရောက်လာသူတွေ မနည်းလှဘူး။ ဆရာဝန်တွေ ကုတယ်ဆိုတာလဲ ဖြစ်နေတာကို သက်သာစေမယ်။ ပိုမဆိုးအောင်အကြံပေးမယ်။ ဖြစ်စေတတ်တဲ့ အခြေခံတွေ မပြင်ရင် ထပ်ဖြစ်နိုင်တာလဲ သတိပြုရမယ်။ 

အရင်ဆုံး ဆရာဝန်ကညွှန်ပြီး ဆရာဝန်မလိုတဲ့နည်းတွေ ပြောပါရစေ။ 

• ဆေးဆိုင်တွေမှာ အလွယ်ဝယ်ရတဲ့ Corticosteroid creams (စတီရွိုက်) ပါတဲ့ လိမ်းဆေး (ခရင်မ်) တွေက နာတာ၊ ရောင်တာတာကို သက်သာစေမယ်။

• Lidocaine ပါတဲ့ (ခရင်မ်) ဆိုတာ ထုံဆေးဖြစ်လို့ အနာသက်သာစေမယ်။

• Witch hazel ဆိုတာ ယားနေတာကို သက်သာစေမယ်။

• အတွင်းခံကို (ကော်တွန်) ကိုသာဝတ်ဆင်ပါ။

• ရေမွှေးပါတဲ့၊ အရောင်တွေလဲ လှအောင်လုပ်ထားတဲ့ Toilet tissue ရေအိမ်သုံး စက္ကူမျိုး မသုံးပါနဲ့။ Baby wipes ကလေးငယ်လေးတွေအတွက် ထုတ်လုပ်တာမျိုးက သက်သာမယ်။ 

• ရေကိုသာ သုံးတာ အကောင်းဆုံးဖြစ်တယ်။

• စအိုအဝကို မကုပ်မိပါစေနဲ့။

• (ဖိုင်ဘာ) များ အစားအစာတွေ များများစားပါ။ Fiber ဆိုတာ အပင်တွေကရတယ်။ သစ်သီးဝလံ၊ ဟင်းသီးဟင်ရွက်။ အမေရိကန် အာဟာရအသင်းကနေညွှန်တာက တနေ့မှာ ယောက်ျား 38 grams နဲ့ မိန်းမ 25 grams စားသင့်တယ်လို့ ဆိုတယ်။

• Psyllium (Metamucil) နဲ့ Methylcellulose (Citrucel) တွေက ဝမ်းပျော့ဆေးတွေ ဖြစ်တယ်။ အမှန်က Fiber supplement (ဖိုင်ဘာ) အပိုဆောင်းပေးတာ ဖြစ်တယ်။

• တနေ့ကို ရေ-အရည် (အရက် မဟုတ်တာ) ၈ အောင်စခွက်နဲ့ ၈ ခွက်သောက်ပါ။ 

• ကိုယ်လက်လှုပ်ရှားမှု လုပ်ပေးပါ။

• ဝမ်းသွားရင် မညှစ်ပါနဲ့။

ဆရာဝန်တွေ လုပ်ပေးမဲ့နည်းတွေ

• Infrared coagulation (အင်ဖရာ-ရက်တ်) နည်း၊

• Surgery ခွဲစိတ်ကုသနည်းတွေ အမျိုးမျိုးရှိတယ်။

- Rubber band ligation သားရေကွင်းစွပ်နည်း၊

- Hemorrhoidectomy ခွဲစိတ်ဖြတ်တောက်နည်းကို အများဆုံးသုံးတယ်။ ခါးထုံဆေး၊ မေ့ဆေး၊ ထုံဆေး သုံးပြီး လုပ်ရတယ်။

- Sclerotherapy ထိုးဆေးနည်း၊

- Laser therapy လေဆာနည်း၊

- Stapled hemorrhoidectomy နောက်ပေါ်နည်းဖြစ်တယ်။ ဆိုးနေတာမျိုးအတွက် အကောင်းဆုံးလို့ ဆိုတယ်။ မိနစ် ၃ဝ သာကြာတယ်။


အတွင်းလိပ်ခေါင်း ထွက်ကျနေရင် အသာအယာ ဖိအားတညီထဲထား သွင်းပေးပါ။ ပြန်မဝင်တဲ့ လိပ်ခေါင်းဟာ ပိုးဝင်တာနဲ့ သွေးမလျှောက်တာ ဖြစ်လာနိုင်တယ်။ သွေးခဲပိတ် လိပ်ခေါင်း ဖြစ်လာရင် နာမယ်။ ထွက်နေတာကို ပြန်သွင်းလို့ မရဘူး။ ကောင်းကောင်း မထိုင်နိုင်ဘူး။ ထုံဆေးပေးပြီး ခွဲရမယ်။ ချက်ချင်း ပျောက်ပါတယ်။ 

Sitz bath ရေနွေးထိုင်နည်း 

ရေခပ်နွေးနွေးထဲမှာ တင်ပါး မြုပ်အောင် စိမ်ထားပြီး ထိုင်နေရတာ ဖြစ်ပါတယ်။ နာမည်အခေါ်က Sitzbad ဂျာမန်စကားကနေ လာတယ်။ ရေချိုးတာပါဘဲ။ Hip-bath လို့ ခေါ်ရင် တန်းသိစေနိုင်တယ်။ စအိုနေရာမှာ တခုခုဖြစ်ရင် ဒီ ရေနွေးထိုင်နည်းကို ညွှန်းတယ်။ ဆရာဝန်မလိုဘဲ သက်သာတာ အမှန် ဖြစ်တယ်။ ကုန်ကျစရိတ်လဲ မရှိဘူး။ 

- Hemorrhoids (piles) လိပ်ခေါင်း၊ 

- Anal fissures (FIA) ဂရင်ဂျီနာ၊ 

- အစာဟောင်းလမ်း ခွဲစိတ်ကုသရခြင်း၊ 

- ကလေးဖွါးတဲ့အခါ မွေးလမ်းချဲ့ပြီး ပြန်ချုပ်ထားခြင်း၊ 

- သားအိမ် နာခြင်း၊ 

- Inflammatory bowel disease အစာလမ်းရောင်ရောဂါ၊ 

- ဆီးအိမ်ရောင်ခြင်း၊ ဆီးကျိတ်ရောင်ခြင်း နဲ့ ဗဂျိုင်းနာရောင်ခြင်းတွေအတွက်သုံးနိုင်တယ်။

• နာတာရော ရောင်တာကိုပါ သက်သာစေမယ်။ 

• Bathtub ရေချိုးစည်ဖြစ်ဖြစ်၊ Large basin ရေထည့်လို့ရတဲ့ ကန်ခပ်ကြီးကြီးဖြစ်ဖြစ်၊ သုံးနိုင်တယ်။ Plastic sitz bath ပလပ်စတစ်ရေကန် ဝယ်လို့ရတယ်။ 

• ရေအိမ်သာအထက်မှာ ထားပြီး ထိုင်နိုင်တယ်။ 

• ရေထဲကို ဆား၊ Baking soda မုံ့လုပ်ဆော်ဒါ၊ Vinegar ဗနီဂါ တွေလဲ ရောနိုင်တယ်။ ဘာမှ မရောလဲ ရပါတယ်။ 

• ရေကန်ထဲမှာ ရေအမြင့် 3 t- 4 inches (7.6 t- 10 cm) ရှိအောင် ဖြည့်ပါ။ ရေအပူချိန် 110 °F (43 °C) ရှိသင့်တယ်။ 

• အဲဒီထဲမှာ တင်ပါးနစ်နေအောင်ထားပြီး ၁၅-၂ဝ မိနစ်ကြာ ထိုင်နေယုံသာ ဖြစ်ပါတယ်။ ရေအေးတဲ့အထိဆိုလဲ ရပါတယ်။ 

• Sitz baths ဆိုတာ တကယ်တော့ ရေနွေးနည်းရော ရေအေးနည်းပါ ၂ မျိုးရှိတယ်။ 

• Cool sitz baths အအေးထိုင်နည်းကိုတော့ Constipation ဝမ်းချုပ်သူတွေ၊ Inflammation and vaginal discharges ဗဂျိုင်းနား ပိုးဝင်လို့ရောင်နေသူတွေ သုံးသင့်တယ်။ တခါတလေ Fecal or urinary incontinence ဝမ်းမလုံသူ၊ ဆီးမလုံသူတွေအတွက်လဲ အကျိုးရှိစေတယ်။ 

• အဆန်းထွင်နိုင်တာက ရေနွေးထဲမှာ ၃-၄ မိနစ်ထိုင်၊ နောက် ရေအေးထဲမှာ တခါထိုင်၊ တလှည်စီ ၄-၅ ကြိမ် လုပ်တယ်။ 

• နည်းတခုက ရေ ၂ မျိုး သုံးအနေရအောင် ရေအေးတဘက်သုံးနိုင်တယ်။ 

• အမျိုးသမီးတွေမှာ မွေးလမ်းကြောင်းက အဖြူဆင်းနေချိန်မယ် ရေနွေးထဲမှာ ဆား ဖြစ်ဖြစ် ဗနီဂါဖြစ်ဖြစ် ထည့်ပြီး ထိုင်တာ ပိုကောင်းစေတယ်။ 

• သတိထားစရာတွေက မရှိသလောက်ပါ။ အပူရှိန်ကြောင့် သွေးပိုလျှောက်ပြီး နှလုံးခုန် နည်းနည်းမြန်နိုင်တယ်။ 

• ပြီးရင် (ကော်တွန်) တဘက်နဲ့ ရေခြောက်အောင် သုတ်ပါ။ 

• တနေ့မှာ ၁-၂ ခါလုပ်သင့်တယ်။

Dr. တင့်ဆွေ

၁၃-၁၀-၂၀၁၄

Comments

Popular posts from this blog

Allergic skin အရေပြား အလာဂျီ

Colorectal cancer အူမကြီး ကင်ဆာ

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ