တစိုက်မတ်မတ် တစစ်တမက်

၁။ အင်းလျားအဆောင်သူ လူထုဒေါ်အမာ ၁၀၆ နှစ်ပြည့်

ယနေ့ဟာ စာပေနဲ့ နိုင်ငံရေးနယ်ပယ်မှာ လူသိများတဲ့ လူထုဒေါ်အမာရဲ့ ၁၀၆ နှစ်ပြည့် မွေးနေ့ဖြစ်ပါတယ်။ 

လူထုဒေါ်အမာကို အဖဦးထင်၊ အမိဒေါ်စုတို့က ၁၉၁၅ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက်နေ့မှာ မွေးဖွားခဲ့ပါတယ်။ မန္တလေးဇာတိ ဒေါ်အမာဟာ မန္တလေး ဥပစာ ကောလိပ်မှာ ၁၉၃၃ ကနေ ၁၉၃၅ အထိပညာဆည်းပူးခဲ့ပြီး ၁၉၃၆ နှစ်မှာတော့ ရန်ကုန်တက္ကသိုလ်ကို ပြောင်းရွှေ့လာခဲ့ပါတယ်။ ရန်ကုန်တက္ကသိုလ်မှာ ပညာဆည်းပူးစဉ် အင်းလျားဆောင်မှာ နေထိုင်ခဲ့ပြီး အင်းလျားဆောင် သဟာယနဲ့အတွင်းရေးမှူးအဖြစ် ဆောင်ရွက်ခဲ့ပါတယ်။ အင်းလျားအဆောင်သူ လူထုဒေါ်အမာဟာ ၁၉၃၆ ဒုတိယ ကျောင်းသားသပိတ်ကြီးမှာ တက်ကြွစွာပါဝင်ခဲ့ပြီး သပိတ်မှောက် သီချင်းကိုလည်း ရေးစပ်ခဲ့ပါတယ်။ အိုးဝေမဂ္ဂဇင်း၊ ကြီးပွားရေးမဂ္ဂဇင်း၊ ဘားမားဂျာနယ်တို့မှာလည်း ဝတ္ထု၊ ဆောင်းပါးတွေ ရေးသားခဲ့ပါတယ်။ 

၁၉၃၉ ခုနှစ်မှာ လူထုဦးလှနဲ့လက်ထပ်ခဲ့ပြီး သားသမီး ၅ ဦးထွန်းကားခဲ့ပါတယ်။ ၁၉၄၅ လူထုဂျာနယ်ကို စတင်ထုတ်ဝေတဲ့အခါ လက်ထောက်အယ်ဒီတာအဖြစ်ဆောင်ရွက်ခဲ့ပြီး ၊ ၁၉၄၆ လူထုသတင်းစာကိုထုတ်ဝေတဲ့အခါမှာ အယ်ဒီတာအဖွဲ့ဝင်အဖြစ် ဆောင်ရွက်ခဲ့ပါတယ်။ ၁၉၄၉ မှာ လူထုသတင်းစာနဲ့ ကြီးပွားရေး ပုံနှိပ်စက်များတည်ရှိရာ အဆောက်အဦကိုစစ်တပ်က ဒိုင်းနမိုက်နဲ့ ဖောက်ခွဲဖျက်ဆီးခဲ့ပါတယ်။ 

လူထုဒေါ်အမာရဲ့ခင်ပွန်းဖြစ်သူ လူထုဦးလှနဲ့ သားတွေ နိုင်ငံရေးလှုပ်ရှားမှုကြောင့် ဖမ်းဆီးခံခဲ့ရသလို သူကိုယ်တိုင်လည်း စစ်ဆေးမေးမြန်းခံရတာမျိုးတွေရှိခဲ့ပါတယ်။ ဘဝတလျှောက် စာအုပ်ပေါင်း ၄၀ ကျော်ရေးသားခဲ့ပြီး မကွယ်လွန်ခင် နောက်ဆုံးအချိန်အထိ စာပေ၊ ယဉ်ကျေးမှုဆိုင်ရာ ဆောင်းပါးတွေကို ရေးသားခဲ့ပါတယ်။ 

လူထုအကျိုးပြု စာအုပ်စာပေတွေနဲ့ ဆောင်းပါးတွေကို ဘဝတလျှောက်လုံး တစိုက်မက်မက် ရေးသားခဲ့တဲ့ ပြည်သူချစ်တဲ့ လူထုဒေါ်အမာဟာ ၂၀၀၈ ခုနှစ်၊ ဧပြီလ ၇ ရက်၊ နံနက် ၈ နာရီ ၃၇ မိနစ်အချိန်မှာ မန္တလေးမြို့မှာ ကွယ်လွန်ခဲ့ပါတယ်။ 

UYSU က တင်ထာတဲ့စာထဲမှာ တစိုက်မက်မက်။ ကျွန်တော်သိသလောက် တစိုက်မတ်မတ်။ 

၂။ တစိုက်မတ်မတ်

တစစ်တမက်၊ တစိုက်တမက် ဘယ်လိုကွာပါသလဲ။

တစစ်တမက်ဆိုတာ စစ်စိတ် စစ်သွေး စစ်မာန်လို့ ဆိုလိုတယ်။ မက်ဆိုတာ မက်မောတာ။ စွဲလမ်းစိတ်ပြင်းပြတာ။ အဲတာကိုသာ အာရုံစူးစိုက်ထားတာ။

တစိုက်တမက်လို့ သုံးတာ မတွေ့ဘူးပါ။ တစိုက်မတ်မတ်လို့ ရှိတယ်။

တစိုက်မတ်မတ်က တန်းတန်းမတ်မတ်။ တစုံတခုကို အစဉ်တစိုက် စဉ်တိုက်ဆက်တိုက် တွေးတာ ရေးတာ ပြောတာ လုပ်တာ။ ဒါဆိုဒါ၊ ဒါမှဒါ။

တမတ်ဆိုတာ လေးပုံတပုံ။ ပိုက်ဆံဆိုရင် ၂၅ ပြား။ အလေးချိန်ဆိုရင် ၂၅ ကျပ်သား၊ အစိတ်သားလို့ ပြောကြတယ်။ အချိန်ဆိုရင် ကွာတား ခေါ် ၁၅ မိနစ်။

တစစ်တမက်နဲ့ တစိုက်မတ်မတ်မှာ တတွေကို စသတ်နဲ့ရေးလို့ကတော့ ပျက်ရော။

၃။ တစစ်တမက်

တယောက်က စာပို့ပြီး မေးပါတယ်။ မူရင်းတော့ မဟုတ်လောက်ဘူး ထင်ပါတယ်ဆရာခင်ဗျ။ လက်ဝဲသုန္ဒရ လို့ပြောတယ်၊ ဝန်ကြီးပဒေသရာဇာ လို့လည်း ပြောကြတယ်ဆရာ။ ဘယ်ဟာက အမှန်လဲ ခင်ဗျ။

ဟုတ်။ အဲဒီစာအုပ်ထဲက ကဗျာပုံရချင်တယ်။ ကျေးဇူး။

ကျနော်လည်း မျက်နှာဖုံးပုံပဲ တွေ့မိသေးပါတယ် ခင်ဗျ။အထဲက စာပါတွေ့တယ်ဆို ပို့ထားပါ့မယ် ဆရာခင်ဗျ။

မြိုင်ဝေတောကြီး၊ ဤခရီးဝယ်

ချည်းနှီးသက်သက်၊ သေသော့ထက်ကား

ဆက်လက်တညီ၊ တစီတလျဉ်

သားစဉ်မြေးမြစ်၊ ပြောထုံးဖြစ်အောင်

တစစ်တမက်၊ ကိုယ်နှင့်သက်ကို

နှင်းဆက်တိုက်မည်၊ အားသံရည်၍

ဦးလည်မသုန်၊ ထမ်းပါကုန်လော့။ ။ (နန္ဒီသေနပျို့)

တစစ်တမက်ရေးတာ တတွေကို စမသတ်တာ မှန်တယ်။ ကဗျာပုံ ပို့ပေးသူ ကျေးဇူး။ 

ဒေါက်တာတင့်ဆွေ 


Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Water poisoning ရေအဆိပ်သင့်ခြင်း

Colorectal cancer အူမကြီး ကင်ဆာ