ပါတော်မူခန်းများ

ပါတော်မူခန်း (၁)

သီပေါကို လာဖမ်းသွားတာ ရပ်ကြည့်နေကြတယ်ဆိုပြီး တချို့က ငြင်းချင်တယ်။ ပြည်သူက ဘုရင်ကိုမချစ်လို့ပေါ့တဲ့။ မချစ်ရင် ဘာလို့ပါတော်မူတုန်းက လမ်းဘေးမှာ ရပ်ကြည့်ပြီး ငိုနေကြတာတုံးတဲ့ ရေးကြတယ်။

သီပေါမင်းနဲ့ စုဖုရားလတ်ကို ရပ်ကြည့်နေခဲ့ကြတဲ့ မန္တလေးပရိသတ်လည်း အင်္ဂလိပ်ကို ကြိုက်ကြလို့တော့ မဟုတ်ပါ။ ဦးကောင်းကို အပြစ်တင်ကြတယ်။ အဲလိုလူတွေက ကင်းဝန်မင်းကြီးဆီ ကျောက်ပြင်နဲ့ ထဘီပို့လိုက်ဆိုတဲ့ စုဖုရားလတ်ကို ချီးမွမ်းကြတယ်။

ပါတော်မူခန်း (၂)

မြန်မာနိုင်ငံသမိုင်းမှာ ဘုရင်စုစုပေါင်း (၁၂ဝ) ပါးရှိတယ်။ ဘုရင်ရုပ်တွေထုထားတာကတော့ အနော်ရထာ၊ ဘုရင့်နောင်နဲ့ အလောင်းဘုရားလို့ ထင်တယ်။ 

တချို့က ပျူခေတ်က ရှေးဟောင်းအမွေတွေထက် ပျူဘုရင်မကိုသာ လွမ်းနေကြတယ်။ စလေငခွေး၊ နရသီဟပတေ့ တို့တတွေလည်း ကိုယ့်တိုင်းပြည်က ဘုရင်တွေလို့ သိထားရမယ်။ တောင်ငူအင်ပါယာမှာ သေသောက်ကြူးတဲ့ တပင်ရွှေထီးနဲ့ ဒီဘရစ်တိုနဲ့ မဟာမိတ်ပြုတဲ့ နတ်ရှင်နောင် အဖြစ်မှန်တွေလည်း သိရမယ်။

ကျွန်တော်ကတော့ ကျောင်းသားဘဝကတည်းက သာလွန်မင်းကိုသဘောကျခဲ့တာ။ ရာဇာဘိသေက မခံသေးခင် ပြည်ထဲရေးကို အရင်ရှင်းတယ်။ စီးပွါးရေးပြန်လည်ထူထောင်အောင်လုပ်တယ်။ သန်ကောင်စာရင်း၊ အခွန်အတုတ်စစ်တမ်း ကောက်ယူတယ်။ အသုံးအစွဲချွေတာရေးလုပ်တယ်။

ပါတော်မူကိုတော့ သင်ခန်းစာမယူ၊ စစ်ဘုရင်တွေကိုသာ ကိုးကွယ်ရာလို့လုပ်နေကြတယ်။ အဲတာကြောင့် ပါတော်မူခန်းလို့ ခေါင်းစဉ်တပ်ထားတာ။ သီပေါမင်းသာပါတာ မဟုတ်။ အတွေးအမြင်တွေပါ ပါကုန်ကြတာ။

ပါတော်မူခန်း (၃)

ပါတော်မူခန်း (၁) နဲ့ (၂) အောက်မှာ ကွန်မင့်တွေ အကုန်ဖတ်ပါတယ်။ လိုရင်းရောက်တဲ့သူရှိပေမဲ့ နည်းတယ်။ လမ်းလွဲတွေးသူက မနည်းလှ။ ကျွန်တော်က ခပ်တိိုုသာ ရေးချင်သူ။ လိုရင်းအရောက် သဘောပေါက်သူက တဝက်လောက်သာရှိတတ်တယ်။ ဆေးပညာစာတွေမှာ အဲလိုသာဖြစ်ရင်တော့ ကျွန်တော့်မှာ တာဝန်ရှိတယ်။ နိုင်ငံရေးမှာတော့ ဘယ်လောက် ခရေစေ့တွင်းကျရေးရေး ဘေးရောက်သူဆိုတာရှိစမြဲ။

ပါတော်မူခန်းက နံပတ် (၄)

ကျွန်တော်တို့ငယ်ငယ်က ပြက္ခဒိန်အသစ်ရတိုင်းကြည့်ကြတယ်။ နှစ်ဆန်း ၁ ရက်နေ့က တောင်သူလယ်သမားနေ့။ အဲတာ ပြောင်းသွားတယ်။ တန်ဆောင်မုန်းလဆုတ် (၈) ရက်နေ့က ပါတော်မူနေ့။ အခုမထည့်ကြတော့ပါ။ တရုပ်နေ့တွေနဲ့ အစားထိုးလာကြတယ်။ 

ပါတော်မူခန်းက နံပတ် (၅)

မြန်မာစာ

အင်းဝခေတ်မှာ ပေါ်ထွန်းခဲ့ကြတဲ့ ပေလေးပင်ရှင်လေးပါးကို အလွန်တန်ဖိုးထားတယ်။ ရုပ်တုတွေတော့ မထုစေချင်ပါ။ သတ်ပုံပြင်ထုတ်နေတဲ့စာတုတွေနဲ့ကို ဒုက္ခများနေရတယ်။

မြန်မာပြည်ပရိသတ်ထဲမှာ ပါတော်မူ နှစ်မျိုးနှစ်စားရှိတယ်။ အစစ်ကို တန်ဖိုးထားသူတွေနဲ့ ရွှေရည်စိမ်ကို ကိုးကွယ်ချင်သူ။

ဒေါက်တာတင့်ဆွေ

၃၀-၁၁-၂၀၁၇


Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Water poisoning ရေအဆိပ်သင့်ခြင်း

Colorectal cancer အူမကြီး ကင်ဆာ