မြန်မာ့ရိုးရာ စကားထာ

တဆယ့်ခြောက်ပြည် စိုးစံသည်၊ မင်းမျိုး မဟုတ်ပါ၊ ရှေးကုသိုလ်ကံမကောင်း၍ ခေါင်းခြေလက်မပါ = ၁၆ ပြည်ဝင် တင်းတောင်း။
စပယ်ဖူးစ ဆီးယောင်းမ = (စပယ်ဖူးက ငုံ၊ ဆီးယောင်းမက မွှေ) = ငုံမွှေ = ငွေမှုံ။
ကျောက်စရစ်ခဲ စောင်ဖြူခြုံ = (ကျောက်စရစ်ခဲက မာ၊ စောင်ဖြူခြုံက လုံ) = မာလုံ = မုံလာ။
ငယ်စဉ်က ရင်ခွင်ပိုက်၊ ကြီးစေလိုလို့ တုတ်နဲ့ရိုက်၊ မာစေလိုလို့ မီးနဲ့မြှိုက် = ရေအိုး
နတ်သမီး တံတွေးပေါက် ကြက်မကောက်နိုင် = ထရံပေါက်မှ ကျရောက်သည့် နေပြောက်
ရေပတ်လည်ဆောင် အလယ်ခေါင် သောင်ထွန်း မိန်းမလှကျွန်း =
ကျောက်ပျဉ်။
မှတ်ချက် - ပဥ္စမတန်း မြန်မာဖတ်စာထဲမှာ ရေလယ်ကောင် သောင်ထွန်း။ နတ်သမီးနေတဲ့ကျွန်းလို့ ရိုက်နှိပ်ထားပါတယ်။ ရေလယ်ခေါင်နဲ့ ရေလယ်ကောင် သတ်ပုံမတူတာ သတိပြုမိပါတယ်။ နတ်သမီးနဲ့ မိန်းမလှကတော့ အကြောင်းမဟုတ်ပါ။
၇။ နတ်သမီးအိမ်တိုင် ပိုးမဖေါက်နိုင်၊ ဖောက်ပြန်သော်လည်း တပေါက်တည်း = အဝတ်ချုပ်အပ်
၈။ ငယ်ခါ တဘက်ဝတ်၊ ကြီးခါ တဘက်ချွတ် = ထန်းပင်
၉။ သွားတော့ ခွေခွေ၊ နေတော့ စင်းစင်း = ခေါင်းခုအဝတ်
၁၀။ ငါ့နွားတကောင် ဘို့တထောင် = ကြက်ဟင်းခါးသီး
၁၁။ တနှစ် တခါ ပေါ်လို့လာ၊ ငါသာမင်းလောင်း ထီးဖြူဆောင်း = မှို
၁၂။ တံတိုင်းသုံးထပ် ကာရံပတ် ဘယ်နတ်ရေကန်တည်း = အုန်းသီး
ဆရာ ခွေးလျှားသီး ဘိုင်စကယ်ကို စကားထာဆိုပြီး ကျွန်တော် တင်လိုက်မိတယ် တယောက်က စကားလိမ်လို့ ပြောပါတယ်။ နောက်တယောက်က စကားဝှက်လို့ ပြောပါတယ်။ ဘယ်ဟာကအမှန်လဲ မခွဲခြားတတ်တော့ဘူး။
စကားထာက တမျိုး။ စကားဝှက်က တမျိုး။ စကားပုံက တမျိုး။ ဘန်းစကားက တမျိုး။
ခွေးလှေးယားသီးက ယား၊ ဘိုင်စကယ်က စီး၊ ယားစီ = ရည်စားဆိုတာ စကားထားဝှက်တာ။
စကားထာနမူနာတွေ -
တနှစ်တခါ ပေါ်လို့လာ၊ ငါသာမင်းလောင်း ထီးဖြူဆောင်း = မှို
သွားတော့ ခွေခွေ၊ နေတော့ စင်းစင်း = ခေါင်းခုအဝတ်
စကားဝှက်ဆိုတာ လုံခြုံရေးအရ ဖတ်တဲ့သူတွေ မသိအောင်ရေးနည်းကိုခေါ်တယ်။ နည်းတွေအမျိုးမျိုး ထွင်သုံးကြရတယ်။ ဥပမာ စခန်း (၁) ကလူကို စာကလေး၊ (၂) ကလူကို စပယ်လို့ အစကတည်းက သတ်မှတ်ပေးထားတာမျိုး။
စကားပုံဥပမာတွေ -
အကျိုးဆော့ အကန်းမော့။ အချစ်ကြီးတော့ အမျက်ကြီး။
ဘန်းစကားဥပမာတွေ -
ကလီကမာလုပ်သည်။ ကလိန်စေ့ငြမ်းဆင်သည်။
မှန်စာ ခေါ် ကြေးမုံစာဆိုတာလည်းရှိတယ်။ 
ဘီးကြိုက် = ဗိုက်ကြီး။ (ကန်တော့)
ဖေ့စ်ဘွတ်မှာ ကင်ဆာပျောက်တယ်၊ ဘာပျောက်တယ်၊ ကိုဗစ်ကာကွယ်တယ်ဆိုတဲ့ တခါမှမကြားဘူးတဲ့ အသီးအစေ့တွေကို ဆေးနည်း ပေးကြတာက စကားလိမ်။ မုသား။ အမှား။ တချို့က လိမ်ချင်တယ်။ တချို့က အလိမ်ခံချင်တယ်။
ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Allergic skin အရေပြား အလာဂျီ

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ