ဆုတောင်း မမှားကြစေချင်

၂၀၂၁ အကုန် ၂၀၂၂ အကူးမှာ ဆုတောင်းစာတွေ အရင်နှစ်တွေ၊ အရင်နေ့ထူးနေ့ရက်တွေမှာလို မလာတော့ပါ။  မလာတာ ကောင်းသလိုလို။ ဆုတောင်းစာတွေမှာ မှန်အောင်ရေးတာ အတော်ကိုရှားတယ်။ အမှားကို ကူးယူပြီး ပို့ကြတာက ၈၀% လောက်ရှိတယ်။ 

ဤပို့စ် မြင်သူ့အပေါင်း သူတော်ကောင်း ကြွေးမြေခသိပ် ကင်းပါစေတဲ့။ မြင်သူအပေါင်းလို့ ရေးရတယ်။ မြင်သူ့ဆိုတာ မြင်သူ၏။ ကြွေးမြေခပ်သိမ်းလို့ ရေးရတယ်။ မြေခဆိုတာ ကြွေကျတာ။ သိပ်ဆိုတာ ကလေးသိပ်တာ။ နေ့ဆင်နေတိုင်း တိုးပါစေ။ နေ့စဉ်နေ့တိုင်းလို့ ရေးရတယ်။

နောက်တခုက မေတ္တာစာလေးပါတဲ့။ အသံဖိုင်။ မေတ္တာစာဆိုတာ ရှေးဘုရင်တွေခေတ်ကတည်းကပေါ်တာ။ ပေါ်စမှာ စာဆိုတွေကနေ ဘုရင်ကို ဆက်သွင်းကြတယ်။ မေတ္တာရပ်ခံစာသဘောပါ ရေးကြတယ်။ ရှင်မဟာသီလဝံသ၊ ရှင်မဟာရဋ္ဌဌသာရ၊ ကန်တော်မင်းကျောင်းဆရာတော်၊ ကျည်းကန်ရှင်ကြီး၊ ရှင်ဥက္ကံသမာလာ၊ စလေဦးပုည၊ ကင်းဝန်မင်းကြီး အစရှိသူတွေရေးခဲ့တာတွေက မြန်မာစာပေမှာ သမိုင်းတင်ရစ်တယ်။ နောက်တခါ ချစ်ခင်ကြသူတွေအတွက် ရေးလာကြတယ်။ မေတ္တာစာလို့ ခေါ်တယ်။

အဆန်းတခုက အသံဖိုင်ပို့ပြီး နားဆင်ကြည့်ပါတဲ့။ ကျွန်တော်က အသံဖိုင်တွေ ဗီဒီယိုဖိုင်တွေကို မဖွင့်ပါ။ နေမကောင်းလို့ မေးတာလားတော့ မသိ။

ဂူဂယ်လမ်းမကြီးပေါ်ကကောက်ယူလာတဲ့ပုံတွေကို တယောက်လာ ဒါ၊ နောက်တယောက်လည်း ဒါ။ တောဆွမ်းလောင်းပွဲ ပဲခွေ၊ မုံ့ဆီကြော်တွေ ခွဲတောင်း တင်းတောင်းနဲ့အပြည့်ရသလိုဘဲ။

အမှားတွေ မဝေသင့်။ အမှားတွေ မရေးသင့်။ အမှားတွေ မလုပ်သင့်။ အခုနှစ်အကူးမှာ ဆုတောင်းတာတွေ သိပ်မလာဘူးဆိုတာ အမှားတွေမလာတာ။ ကောင်းတယ်။

ဒေါက်တာတင့်ဆွေ


Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Water poisoning ရေအဆိပ်သင့်ခြင်း

Colorectal cancer အူမကြီး ကင်ဆာ