နန္ဒီသေနပျို့

၆။ လောက သခင်၊ သုံးလူ့ရှင်လည်း၊ ပြတ်သင်္ဃာပေါင်း၊ ခွင့်တောင်းသောအား၊ ရှစ်ပါးအင်္ဂါ၊ ပြည့်စုံစွာတည့်၊ သာယာသံညီ၊ အာလုပ်ချီလျက်၊ မဟိသရဘူ၊ စ၍ယူသော်၊ ငါးဆူ ငါးရာ၊ မြစ်သီတာသို့၊ ရောက်လှာအမြဲ၊ ဝင်မစဲတည့်၊ ခက်ခဲ ရေကြီး၊ ပြင်းခတ်စီးလျက်၊ ခရီးကျယ်ပြော၊ ပင်လယ်ကြောသို့၊ လေးသြဃတွင်း၊ ဝိုက်လှောင်သွင်းမှ၊ မဆင်းမရဲ၊ လွတ်မည်ပွဲလည်း၊ ခဲခဲ ယဉ်းယဉ်း၊ အနေကျဉ်းလျက်၊ တညှဉ်းဆိုးတိုး၊ တစိုး ရိမ်ရိမ်၊ နလိမ် လစ်လစ်၊ တဖြစ် သွေးသွေး၊ တအေး လူလူ၊ နပူ လောင်လောင်၊ တတောင် ပတ်ပတ်၊ တလတ် လျားလျား၊ ရှိသည်များကြောင့်၊ ငါ့အား ကြည်ညို၊ ငါ့ဝယ် ခိုလျက်၊ ငါ့ကို နှစ်သက်၊ ငါ့လက်ထက်တွင်၊ ငါ့စက်တော်ရင်း၊ ကိုယ်ကို နှင်းမှ၊ ဖြောင့်ဝင်း သဒ္ဓါ၊ ဘာဝနာ ချပ်ငုံ၊ လိမ်းသပ် ထုံ၍၊ လးစုံ ဖိုလ်မဂ်၊ အရ တက်သည်၊ ငြိမ်သက် သဘော၊ အို သားစောတို့၊ ရှေးသောအခါ၊ ပြည်ပါဋလိ၊ မည်ရှိ သမိုင်း၊ တိုင်း အဿက၊ ပေါက်ပြ သီးသီး၊ ကျော်သံ ချီးလျက်၊ ပြည်ကြီး အင်္ဂါ၊ ပြည့်စုံစွာသား၊ အောင်ချာ စံတည်၊ ထို ရွှေပြည်ကို၊ စိုးသည် နန်းစံ၊ ရာဇဓံ၌၊ တရံ မကင်း၊ မယွင်း မယို၊ သင်္ဂြုံဟ် လေးစု၊ မင်းကျင့်မှုဝယ်၊ တခု မကျန်၊ ပြင်းထန် တန်ခိုး၊ ဖုန်းတန်း နှိုးလျက်၊ ဝှန်ဖြိုး ပေါက်ပြ၊ အဿကဟု၊ ထွန်းပ ထင်ပေါ်၊ အမည်တော်ကို၊ ချီငေါ် ဆင့်ပွား၊ ရွံ့လန့်ကြား၏၊ ပြည်သား ပြည်သူ၊ စိတ်ကြည်ဖြူ၍၊   ။ ဆုယူ အောင်သံ ကြွေးကြွေးတည်း။   ။


လက်ဝဲသုန္ဒရ ဘွဲ့ခံ အမတ်ကြီး ဦးမြတ်စံ၏ နန္ဒီသေနပျို့

တည်းဖြတ်သူ မောင်သုတ အမည်ခံ ဗိုလ်မှူးကြီး ဘသောင်း (မဟာဝိဇ္ဇာ)


ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Water poisoning ရေအဆိပ်သင့်ခြင်း

Colorectal cancer အူမကြီး ကင်ဆာ