နွေဦးဂီတ

တစိမ့်စိမ့်နှင့် နှစ်သိမ့်ကြည်နူး

ရွက်သစ်ဖူးသော်

ရွှင်မြူးအံ့ဩ ဖော်ချင်းနှော၍

တောင်တောသာခွင့် ရာသီဖွင့်လျက်

ပင်မြင့်ထက်တွင် ငှက်သဘင်လည်း

တူယှဉ်နှစ်ကိုယ် ချစ်တင်းဆိုသည်

မပို၏သို့ ပို၏သို့။

တသိမ့်သိမ့်နှင့်

ညှင်းငြိမ့်လေပွေ ထက်ဝန်းဝေလျက်

နွေလည်းအဝင် ဆောင်းလျှင်အစဲ

မတည်ဘဲလျှင် ဖက်လှဲတကင်း

ပန်းနံ့သင်းကို ချဉ်း၍ ချဉ်း၍

ဆောင်ကာ ဝှေ ့လျက်

ရွှန်းမြေ့သလို သွင်းလာပိုသည်

မချို၏သို့ ချို၏သို့။

တငြိမ့်ငြိမ့်နှင့်

လှိမ့်၍လှိမ့်၍ လေအဝှေ ့ဝယ်

ကြွေမြေ့ခမန်း အသံစမ်းလျက်

သာဆန်းရဂုံဘွေ နွေဦးမေလျှင်

မျှော်လေယောင်မော့ တေးကိုကျော့၍

လေးတော့်နတ်သွင် ထက်ဝန်းကျင်ကို

ကြည်ရွှင်ခလို ချစ်ဖွယ်ဆိုသည်

မပျို၏သို့ ပျို၏သို့။

တခြိမ့်ခြိမ့်နှင့်

သံနိမ့်သံမြင့် သံချိုဆင့်၍

ခါသင့်မထင် မိုးနတ်ရှင်လည်း

ရှစ်ခွင်တလွှား ပြေးကစား၍

လှည့်စားလေဟန် မိုးရိပ်ဖန်လျက်

နဘံတခို တိမ်ခိုးသိုသည်

မညို၏သို့ ညို၏သို့ ။ ။

နန်းညွန့်ဆွေကဗျာကို မူရင်းသတ်ပုံနဲ့တင်ပေးထားသူကို ကျေးဇူး။ အဲလို မူရင်းအမှန်အတိုင်း တင်ရကောင်းမှန်းသိသူက ရှားတယ်။ ကိုယ်စပ်တာမဟုတ်ဘဲ သတ်ပုံပြင်တင်နေကြတဲ့ ခေတ်ပျက်။ ကဗျာပျက်။

အလွန်ကိုခေတ်မီကြတဲ့ ကဗျာဆရာတွေကတော့ တစ်စိမ့်စိမ့်နှင့်တဲ့။

အလွန်ကိုခေတ်မီကြတဲ့ စာရေးဆရာတွေကတော့ တစ်သိမ့်သိမ့်နှင့်တဲ့။

အလွန်ကိုခေတ်မီကြတဲ့ မြန်မာစာဆရာတွေကတော့ တစ်ငြိမ့်ငြိမ့်နှင့်တဲ့။

အလွန်ကိုခေတ်မီကြတဲ့ မီဒီယာတွေကတော့ တစ်ခြိမ့်ခြိမ့်နှင့်တဲ့။

ဒေါက်တာတင့်ဆွေ

၂၈-၂-၂၀၁၉

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Water poisoning ရေအဆိပ်သင့်ခြင်း

Colorectal cancer အူမကြီး ကင်ဆာ