မုဆိုးတပိုင်း မိန်းမရိုင်း

ဘုရားလောင်းဆဒ္ဒန်ဆင်မင်းသည် မြားလာရာလမ်းကို ကြည့်သဖြင့် သိတော်မူရကား၊ မဟာသုဘဒ္ဒါအား ထပ်မံထိခိုက်မည်စိုး၍ အခြားသို့ ဖယ်ရှားစိမ့်သောငှါ အမျက်ထွက်လေဟန်ဖြင့် ရန်သူကိုရှာစေလေ၏။ ဆင်မင်းသည် မြားလာရာ အောက်အရပ်သို့ ခွာတော်နှင့်ရှပ်သဖြင့် ဥမင်ထဲရှိမုဆိုးကို မြင်သောအခါ နှာမောင်းဖြင့် ဆွဲယူတော်မူ၏။ မုဆိုးလည်း မိမိကိုယ်မှ သင်္ကန်းကိုခွာလျက် နှာမောင်းပေါ်သို့ တင်လိုက်၏။ ဆဒ္ဒန်ဆင်မင်းသည် သင်္ကန်းကိုမြင်ရုံမျှနှင့်ပင် အမျက်ပွားမိသည်ကို ချုပ်တည်း၍မုဆိုးအား အကြောင်းအရင်းကို မေးမြန်းလေ၏။ ထိုအခါ မုဆိုးသည် သုဘဒ္ဒါမိဘုရားက ဆဒ္ဒန်ဆင်မင်း၏ စွယ်တော်ကိုအလိုရှိ၍ စေခိုင်းကြောင်းကို လျှောက်ထားလေရာ၊ ဘုရားလောင်းဆင်မင်းသည် မိမိ၏အစွယ်ကို မိမိဖြတ်၍၊ သဗ္ဗညုတဉာဏ်၏ ရရာရကြောင်း အထောက်အပံ့ဖြစ်စေသတည်းဟု ဆုတောင်းလျက်၊ မုဆိုးအားပေးလှူပြီးသော် အဆွေတော် သောနုတ္တိုရ်၊ -

မောင်မင်းသခင်၊ ပလ္လင်ညာရံ၊ စံပေသည့်နတ်၊ မယ်သုဘဒ်ကို၊ ဆတ်ဆတ်သဘော၊ ငါမှာတိုင်းပြောပါလေ။ တောဟေဝန်ချောင်၊ မြိုင်သာခေါင်တွင်၊ ငွေတောင်ကြီးသွင်၊ ခင်မလင်ကို၊ အရှင်လတ်လတ်၊ သင်စေ၍သတ်ခဲ့ပြီ။ စွယ်တော်ဓာတ် နှစ်ချောင်း၊ ခြောက်ရောင်မောင်းကိုလည်း၊ ၎င်းဆင်ကြီး၊ မသေခင်ဖြတ်လှီး၍၊ သွေးစီးသံထွက်၊ နာကျင်စွာနှိပ်စက်ပြီးမှ၊ အသက်ဆုံးစေခဲ့ပါပြီ။ ဤစွယ်တော်စုံကို ရွှေဘုံသူ မှန်ကူ၊ သုံးရက်တော်မူသေးလျှင်၊ ရန်သူကြီးအစွယ်ကို၊ ရွှေလက်ဝယ် သပါမည်။ အားရစိတ်ရွှင်၊ ကျေနပ်အောင်စီရင်၍၊ ပြုချင်တိုင်းပြုတော်မူပါတော့ ဘုရားဟူ၍၊ မောင်မင်းသခင်၊ မုန်းပင်စိုက်ပျိုး၊ ပြေချိန်တိုင်၍မှ မပြေနိုင်ငြိုးတတ်သည့်၊ မုဆိုးတပိုင်း၊ မိန်းမရိုင်းကြီးကို၊ ငါမှာ တိုင်းပြောပါလေဟု မှာကြားလေ၏။ 

ထို့နောက် ဆဒ္ဒန်ဆင်ကောင်း၊ ဘုရားလောင်းလည်း၊ မယားဟောင်းလက်ချက်နှင့် အသက်ဆုံးတော်မူလေသတည်း။

မုဆိုးကား ဗာရာဏသီသို့ပြန်၍၊ စွယ်တော်ကို သုဘဒ္ဒါ မိဘုရားအား ဆက်သပြီးလျှင် ဆဒ္ဒန်ဆင်မင်း၏ မှာစကားကို ပြန်ကြားလေ၏။ ထိုအခါ သုဘဒ္ဒါမိဘုရားသည် -

စကားရှေ့နောက်၊ ပြန်လှန်ကာထောက်လတ်သော်၊ နောက်နောက်ကျိကျိ၊ နှလုံးတော်ရှိလှ၍၊ မဏိခြယ်စီ၊ သိင်္ဂီရိုးညှောက်၊ အံ့လောက်ဆန်းပြား၊ ရွှေယပ်မားဖြင့်၊ သနားစိတ်ဝင်၊ ခံယူတင်ပြီးလျှင်၊ ရင်ခွင်တော်၌၊ စွယ်တော်ကိုပိုက်ပြန်၍၊ တစိုက်စိုက်ရှုယင်းပင်၊ ပြုမိသည့်ဖြစ်ထွေ၊ လင်သေသည့်အကြောင်း၊ ဘဝဟောင်းက၊ ငယ်ပေါင်းပြီပြီ၊ လည်ချင်းမှီ၍၊ နာရနီခိုင်၊ မြဆိုင်ပညောင်၊ ရွှေဂူချောင်မှာ၊ ဆွေမောင်နှင့်မယ်၊ ကျီစယ်သမှု၊ ပန်းခိုင်လုလျက်၊ ကယုကယင်၊ ချစ်တုံ့တင်သဖြင့်၊ ကြင်ကြင်လည်လည်၊ ပျော်ဘူးသည်များကို ကြံစည်စေ့စေ့၊ တစိမ့်စိမ့်အောက်မေ့၍၊ တငွေ့ငွေ့ဆင်ခြင်၊ ပူစကိုငင်မိလျှင်၊ ပူပင်လယ်ဝေ၊ လှိုင်းဘောင်ဘင်မွှေသောကြောင့်၊ မဖြေနိုင်မဆည်နိုင်၊ သည်းဆိုင်မှာလောင်ခြစ်၍၊ ကျမျက်ရည်ချောင်းဖြစ်အောင်၊ အော်ဟစ်၍ငိုဆဲတွင်၊ နဂိုရ်တော်ဖေါက်လဲ၍၊ ဗာရာမင့်လည်ဆွဲသည် ရင်ကွဲနာနှင့် နတ်ရွာစံတော်မူလေ၏။

ကျွန်တော်တို့ အထက်တန်းမှာ သင်ရတယ်။ မုဆိုးတပိုင်း မိန်းမရိုင်းကို သတ်ပုံမှန်အောင်မရေးတာတွေ တွေ့တိုင်း မြန်မာစာမြားချက်ထိခံထားရပါကလားလို့ ဆင်ခြင်မိပါတော့တယ်။ မုဆိုးတပိုင်း၊ မိန်းမရိုင်းကြီးကို၊ ကျွန်တော်မှာ တိုင်းပြောပါလေ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Water poisoning ရေအဆိပ်သင့်ခြင်း

Colorectal cancer အူမကြီး ကင်ဆာ