Cancer Foods ကင်ဆာအတွက် အစားအစာ

1. အဆုတ်ကင်ဆာဖြစ်နေတာ လူနာကို ဆေးစသွင်းဖို့တော့ စီစဥ်ထားပါတယ် လူနာက အားနည်းတော့ ဆေးဒဏ်မခံနိုင်မှာဆိုလို့ အဓိက ဖြည့်စွက်စာ ဘယ်လိုကျွေးရမလဲ ဘယ်လိုအစားအစာတွေ ကျွေးပေးရမလဲ သိရင် ပြောပေးကြပါရှင့်။ ကျေးဇူးတင်ပါသည်။

2. ကင်ဆာ အဆင့် ၁ ပါ ရေနွေးကြမ်း။ ပဲခြမ်း။ မြေပဲ စားရလားရှင့်

3. ကင်ဆာဆေး စသွင်းရမှာမို့ ဘေးထွက် ဆိုးကျိုးတွေ ရှိလား ဆေးသွင်းပီ(ပြီး) အချိန် တွင်းဘာတွေ ကျွေးရမလဲ လူနာ ကို သိချင်လို့ပါရှင့် ပြောပြပေးကြပါနော် အသက် ၅၀ ကျော် အဖေတွက်ပါ ပထမဆုံး သွင်းရမှာမို့ အတွေ့အကြံုလေးတွေ ပြောပေးကြပါနော် 

4. ကင်ဆာသမား သွေးအဖြေမှာ သွေးပျစ်နေတယ်ပြောလို့ ဆေးသောက်တာမဟုတ်ဘဲ အစားအသောက်နဲ့သွေးကျမဲ့ အာဟာရလေးများသိရင် မျှဝေပေးပါအုံး (မမှန်ပါ)

5. ကင်ဆာသမားက ကလီစာမတည့်ဘူးဆိုတော့ ငါးဥ ကြက်သွေးခဲတို့က ကလီစာထဲပါလားရှင့်

6. ကင်ဆာသမားတွေ ဂဏန်းနဲ့မတည့်ဘူးနော် သတိထားလို့ရအောင်လို့ သွယ်မနေ့ကစားလိုက်တာ ညလဲမအိပ်ရဘူး မနက်ကြတော့ အသက်ရှူလို့မကောင်းဘူး လက်တွေကိုက်လာတယ် (မဟုတ်ပါ) (မမှန်ပါ)

7. ကင်ဆာသမားတေက တွင်းအောင်းသတ္တဝါသားစားလိုမရဘူးလိုကြားဘူးပါတယ် (မဟုတ်ပါ) (မမှန်ပါ)

8. ကျွန်မရင်သားကင်ဆာအဆင့် ၃ပါရင်သားလဲဖြတ်ထားပါတယ်ဆေးလဲ ၁လုံးသွင်းပြီးပါပြီ အစားအသောက်တွေ ရှောင်ရန်စားရန်သိချင်ပါတယ်ရှင် ဟိုဟာလဲစားမရဲ ဒီဟာလဲစားမရဲ ဖြစ်နေလို့ပါရှင် ကျွန်မရဲ့ကင်ဆာက HER2 90-100 ရာခိုင်နှုန်းဖြစ်ပါတယ်ရှင်

9. ဆေးပညာနောက်ဆုံးသတေသန ကင်ဆာဖြစ်စေတဲ့အစားအစာခုနစ်မျိုး (မဟုတ်ပါ) 

10. ဆေးအိုးပုပ်ပင် ရအောင် ရှာဝယ်ကျွေးပါဗျ (မဟုတ်ပါ) (မမှန်ပါ)

11. ဒုတိယ အကြိမ် ခီမိုသွင်းပြီးတာ ၆ လ ရှိပါပြီ တအားမောမော နေလို့ပါ ဘာဆေးစားရ မလဲရှင်

12. လယ်ဂဏန်းနဲ့ပေါက်ပန်းဖြူနဲ့ချက်စားရင်ကင်ဆာသက်သာတယ်လို့ဖတ်ဖူးတယ်စားလဲစားဖူးတယ် (မဟုတ်ပါ) (မမှန်ပါ)

13. သားအိမ်ကင်စာ (ကင်ဆာ) သမား မွေးမြူရေးမှိုစားလို့ရလား ဆောင်ရန်ရှောင်ရန်များသိသူပြောပြပါ အမေပါ အသက် ၅၇နှစ်ပါ

14. သားအိမ်ခေါင်းကင်ဆာဖြစ်နေတဲ့အသက် ၆၀ အရွယ်ကိုဘာတွေကျွေးသင့်လဲ ဘာတွေရှောင်ရမလဲရှင့် သားအိမ်ကထုတ်ပြီးပါပြီ မသက်သာပဲ ဝေဒနါခံစားနေရလို့ပါ

15. အဆုတ်ကင်ဆာသမားတွေက သရက်သီးမှည့် စားလို့ရလား သိချင်လို့ပါ အဆုတ်တွက်ဆို ဘာအသီးက အကောင်းဆံုးလဲရှင့် 

16. အန်တီ ငှက်သိုက်လေး သောက်ရင်ရော အမေလည်းသွင်းနေတာ ၈ ကြိမ်ရှိသွားပီ(ပြီ) အကြိမ်ရေများလာတာနဲ့ လူက တော်တော် ပျော့လာတယ် မောမောနေတာ အစာလည်းကောင်းကောင်းမဝင်လို့ အမေကဆီးချိုမရှိတော့ Ensure နွားနို့ ကြက်ဥ အကာကြက် ငှက်သိုက် တနေ့ ၂ ကြိမ် အာ့တွေဝင်အောင်တိုက်တယ် (မမှန်ပါ)

17. အသဲကင်ဆာ အဆင့် ၁ လူနာ ကင်ဆာဆေး တစ်နေ့(တနေ့)နှစ်လုံး သောက်ရတာ တခြားတော့ ဘာမှ မဖြစ်ဘူးရယ် လူနာက စကားပြောရင် အသံမထွက်တော့လို့ အသံဝင်သလို လေသံလေးနဲ့ အားယူပြောနေရတာ ငါးရက်လောက်ရှိလို့ အသံပြန်ထွက်အောင် ဘာတွေ ကျွေးသင့်လဲရှင့်။ - ဆေးအိုးပုပ်ပင် ရအောင် ရှာဝယ်ကျွေးပါဗျ (မဟုတ်ပါ) (မမှန်ပါ)

ဆရာဝန်ကို မေးတာ မဟုတ်ပါ။ ဆရာဝန်မဟုတ်သူက ဆေးနည်း မဟုတ်တာ ပေးထားတယ်။ မှားတယ်။ လွဲတယ်။ မမှန်။ ဘာကင်ဆာ ဘယ်အစားအစာနဲ့ တည့်ပါသလား မေးတာတွေ နေ့တိုင်းလိုလိုဖတ်ရတယ်။ အစားအသောက်တွေက ဘေးဖြစ်ကြောင်း၊ အစားအသောက်တွေက ရောဂါကိုကာကွယ်နိုင်ကြောင်း၊ အစားအသောက်တွေက ကုသနိုင်ကြောင်းတွေ အတော်ရေးကြတယ်။ ကင်ဆာကနေ ကိုဗစ်အထိ။ မမှန်ပါ။ မှားတယ်။

- ကင်ဆာမှန်သမျှ အစာနဲ့ မပျောက်။ အားဆေးနဲ့ မပျောက်။ ဖြည့်စွက်စာနဲ့ မပျောက်ပါ။

- ကင်ဆာဆိုတာ စောစောသိရမယ်။ သိတာနဲ့ စနစ်တကျ ကုသရမယ်။ ပြန်ပြရမဲ့အချိန်မှာ ပြန်ပြရမယ်။

- ကင်ဆာအတွက် ဖြည့်စွက်စာ အားမပေးပါ။ လမ်းလွဲရောက်စေနိုင်တယ်။

- ကင်ဆာလူနာတွေ အစာလမ်းမှာဖြစ်လို့ ကုသပေးနေတဲ့ဆရာဝန်က ရှောင်ခိုင်းတာကလွဲရင် ကိုယ်တသက်လုံး စားလာတာ အကုန်စားသောက်နိုင်တယ်။

- လူဆိုတာ အစုံစားသတ္တဝါဖြစ်တယ်။ ထမင်း၊ အသား၊ ငါး၊ ဥ၊ ပဲ၊ အသီး၊ ဟင်းသီးဟင်းရွက်၊ စုံအောင်စားကြရတယ်။

- အချို၊ အချဉ်၊ အငန်၊ အခါး၊ အဖန်၊ အစပ် စားနိုင်တာကို စုံအောင်စားကြရတယ်။

- အစားအစာဆိုတာ လတ်ဆတ် သန့်ရှင်းရတယ်။

- လူပြောများတိုင်း ကြော်ငြာကောင်းတိုင်း ကောင်းချင်မှ ကောင်းမယ်။ ဗူးခွံလှတာကို မကြည့်ပါနဲ့။

- သွေးတိုးပါရှိနေရင် အငန် မသင့်။

- ဆီးချိုပါရှိနေရင် အချို မတည့်။

- ကိုလက်စထောများသူ အဆီ မသင့်။

- ကလီစာ ခေါ် ဝမ်းတွင်းသားတွေနဲ့ မသင့်တာ ဂေါက် ခေါ် ယူရစ်အက်စစ် များနေသူတွေသာမသင့်ပါ။

1.  Cancer and Sugar Myth ကင်ဆာ နှင့် သကြား အထင်မှား https://dr-tint-swe.blogspot.com/2021/06/cancer-and-sugar.html

2.  Cancer Foods ကင်ဆာအတွက် အစားအစာ https://dr-tint-swe.blogspot.com/2022/04/cancer-foods.html

3.  Cancer-Fighting Foods ကင်ဆာ အတွက် အကောင်းဆုံး အစားအစာ https://dr-tint-swe.blogspot.com/2021/04/cancer-fighting-foods.html

4.  ဖြည့်စွက်စာ အားမပေးပါ https://dr-tint-swe.blogspot.com/2022/01/blog-post_225.html

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Allergic skin အရေပြား အလာဂျီ

Colorectal cancer အူမကြီး ကင်ဆာ