Cirrhosis အသည်းခြောက်ရောဂါ
(အရက်သောက်သူတွေကို သတိပေးအပ်ပါတယ်။ ဆေးလိပ်သောက်သူက သူ့ဘေး ၆ ပေပတ်လည်ကိုသာ ရောဂါ ရစေနိုင်တယ်။ အရက်ကတော့ သောက်တဲ့သူသာမက မိသားစုနဲ့ အသိုင်းအဝိုင်းကိုပါ ဒုက္ခအကြီးအကျယ် ပေးပါတယ်။ ကျွန်တော် ဆေးပညာစာရေးရင် ခြောက်လှန့်ချဲ့ မရေးပါ။ ဒီလိုမေးခွန်းမျိုးတွေ မကြာခဏလာတယ်။ ဆောရီး။)
ဆရာရှင့် ကျွန်မအဖေက အသက် ၆၃ နှစ်ပါ။ အရင်ကအရက်သောက်လို့ အသည်းခြောက်ခဲ့ပါတယ်။ အခုကျွန်မတို့ မိသားစုကိုလဲ မမှတ်မိပါဘူး။ တချိန်လုံးအရူးတယောက်လိုလမ်းလျောက်နေပါတယ်။ တခါတလေ သူငယ်ပြန်ပါတယ်။ ကျွန်မတို့လဲ ဘယ်လိုလုပ်ရမှန်းမသိလို့ သူပျောက်မှာစိုးတာကြောင့် နောက်ကလိုက်နေရပါတယ်ဆရာ။ ကျွန်မတို့က (-) မြို့မှာနေတာပါဆရာ။ တချို့က အဲ့ရောဂါက ကုလဲမပျောက်ဘူးပြောလို့ ကုလို့ရ မရသိချင်ပါတယ်။ ဒီမှာ ဆရာဝန်နဲ့ပြတော့ မသက်သာလို့ပါဆရာ။ ဆရာကျန်းမာပါစေ။
အသည်းခြောက်ရောဂါဟာ တနည်းနည်းကြောင့် နာတာရှည်အသည်းရောဂါဖြစ်ပြီးနောက် ဆက်ဖြစ်လာတာဖြစ်တယ်။ အသည်းရောင် စီ၊ အသည်းရောင် ဘီ၊ အရက်စွဲရောဂါ နဲ့ အရက်ကြောင့်မဟုတ်ဘဲ အသည်းအဆီဖုံးသူတွေကနေ ဖြစ်လာနိုင်တယ်။ တခြားအကြောင်းတွေလည်း ရှိပါသေးတယ်။ ဖြစ်လာရင် အသည်းက လိုသလောက်နဲ့ လိုသလို မလုပ်နိုင်တော့ဘူး။ နောက်ဆက်တွဲတွေဖြစ်နိုင်တယ်။ ဖျင်းစွဲမယ်၊ အစာလမ်းကနေ သွေးယိုမယ်၊ အသားဝါမယ်၊ ဦးနှောက်ကို ထိခိုက်မယ်၊ ကျောက်ကပ်၊ အဆုပ်ထိခိုက်မယ်၊ အသည်းကင်ဆာ ဆက်ဖြစ်နိုင်တယ်။ ဖြစ်လာရင် ဖြစ်စေတဲ့ အကြောင်းတရားကို ကုသရမယ်။ ဆက်ဖြစ်လာတာတွေကို ကုသရမယ်။ တိုးမလာအောင် ဆင်ခြင်ရမယ်။ အသည်းခြောက်နေပြီဆိုတာ ရောဂါရှေ့ရောက်တာဖြစ်တယ်။ အသည်းမှာ အမာရွတ်တွေနဲ့ အဖုအသီးလေးတွေ ရောဖြစ်နေတယ်။ ပြောင်းသွားတဲ့ အသည်းနေရာက သူ့အလုပ်သူ မလုပ်နိုင်တော့ပါ။ တချိန်မှာ အသည်းအစားထိုးရမယ်။
ခံစားရမှာတွေက အသည်း (ဆဲလ်) တွေ အလုပ်မလုပ်တော့လို့ဖြစ်ရတဲ့ တိုက်ရိုက်ဖြစ်လာတာတွေနဲ့ အစာလမ်းကြောင်း သွေးလှည့်စနစ်ချို့ယွင်းလို့ ဖြစ်တာတွေကို စုပေါင်းပြီး ခံစားရလိမ့်မယ်။
အသည်းအလုပ်ပျက်ရင်
• Spider angiomata or spider nevi အရေပြားပေါ်မှာ သွေးကြောလေးတွေက ပင့်ကူးအိမ်လိုဖြစ်တာ၊
• Palmar erythema (အီစထိုဂျင်း) ဟော်မုန်း များလာလို့ လက်ဝါးမှာ နီမြန်းနေတာနဲ့ ရင်သား ကြီးလာတာ၊
• Hypogonadism လိင်ပိုင်းဆိုင်ရာဟော်မုန်းတွေနည်းလာတာ၊ ပန်းသေ-ပန်းညှိုး၊ လိင်စိတ်နည်း၊ ကျားအစေ့သေးငယ်၊
• အသည်းအရွယ်အစား ကြီးနိုင် သေးနိုင်တယ်။
• အသည်းခြောက်ရာကနေ ရေဖျင်းဖြစ်လာမယ်။ လူကအရင်ကလို သက်တောင့်သက်သာမနေနိုင်တော့ပါ။ ပိုးဝင်တာလဲ သူများထက်ခံရနိုင်တယ်။
• Fetor hepaticus အသက်ရှူထုတ်တာမှာ dimethyl sulfide (ဆာလ်ဖါနံ့) ထွက်နေမယ်၊
• Jaundice အသားအရေ၊ မျက်လုံး၊ ဆီးဝါလာမယ်။ လူမြင်ရတာသာမက ကိုယ်ထဲမှာပါ ဝါနေမယ်ဆိုတာ သတိပြုပါ။ သွေးစစ်လို့ bilirubin 2–3 mg/dL or 30 mmol/L ကျော်တာနဲ့ ဝါတာကို မြင်ရပြီ။
အစာလမ်းကြောင်း သွေးလှည့်စနစ် ချို့ယွင်းလို့ ဖြစ်မှာတွေ
• ဘေလုံးကြီးလာမယ်၊
• အစာမြိုပြွန်အောက်ဖျားမှာ သွေးပြန်ကြောတွေထုံးနေမယ်။ အဲဒါကနေသွးယိုမယ်။ ရုတ်တရက်ဖြစ်လို့ ဆေးကုချိန် မမီရင် အသက်ဆုံးပါးနိုင်တယ်။
• ချက်နားမှာ သွေးပြန်ကြောတွေဖေါင်းလာမယ်၊
• နှလုံးကို နားကြပ်နဲ့နားထောင်ရင် (ရင်ခေါင်းနေရာမှာ) အသံတမျိုးကြားရမယ်။
• လက်သည်းခြေသည်းတွေ ပြောင်းမယ်။ Terry's nails ဆိုတာ လက်သည်း အဖျားပိုင်း ၃ ပုံ ၁ ပုံက ဖြူနေတာကို ခေါ်တယ်။ လက်သည်းကို ဘေးတိုက်ရော ထိပ်ကနေပါကြည့်ရင် အလယ်မှာခုံးနေမယ်။
• အရိုးအရှည်စားတွေ ရောင်ပြီး နာမယ်။
• လက်ဝါး ကွေးထားသလို ကောက်နေမယ်။
• အားယုတ်မယ်၊ အစားပျက်မယ်၊ ကိုယ်အလေးချိန်ကျလာမယ်။
ရောဂါရှေ့တိုးလာရင်
• သွေးခြည်ဥတွေထွက်မယ်၊ သွေးယိုတာတွေဖြစ်မယ်။
• ဦးနှောက်ကိုထိခိုက်ပြီး အသိစိတ်ရှုတ်ထွေးတာနဲ့ သတိလစ်တာဆက်ဖြစ်လာမယ်။
• ရောဂါတခုခုဝင်လို့ ပေးရမဲ့ဆေးတွေကို သတိနဲ့ဆင်ခြင်ရပါတော့မယ်။
ဘာလို့ဖြစ်သလဲ
• ၃၀% ဟာ (ဘီ) ပိုး၊ ၂၇% ဟာ (စီ) ပိုးကနေဆက်ဖြစ်တယ်။ ၂၀% ဟာ အရက်ကနေဆက်ဖြစ်တယ်။
• အရက်အသည်းရောဂါဟာ အရက်သောက်များသူ၊ ကြာသူတွေထဲက ၁၀-၂၀% မှာဖြစ်တယ်။
• အရက်နဲ့မဆိုင်ဘဲဖြစ်တာလဲရှိတယ်။ အဆီတွေစုလာလို့ပါ။ အဝလွန်သူတွေ ၄၀% မှာဖြစ်တယ်။ ဆီးချိုရှိသူ၊ နှလုံးသွေးကြောရောဂါရှိသူတွေမှာလဲ ဖြစ်နိုင်တယ်။ အရက်မသောက်တဲ့ အမျိုးသမီးတွေမှာဖြစ်ရတာ ဒါမျိုးပါ။
ဓါတ်ခွဲခန်းစစ်ဆေးချက်များ
• Thrombocytopenia သွေးမှုံနည်း၊
• AST နဲ့ ALT တွေက အသင့်အတင့်များခြင်း။
• Alkaline phosphatase အနည်းငယ်များခြင်း။
• Gamma-glutamyl transferase များခြင်း၊
• Bilirubin အစောပိုင်းမှာ ပုံမှန်ပေမဲ့ ကြာရင် များလာမယ်။
• Albumin နည်းခြင်း၊
• Prothrombin time များခြင်း၊
• Globulins များခြင်း၊
• Serum sodium နည်းခြင်း၊
• Leukopenia and neutropenia နည်းခြင်း၊
• တခြားစစ်ဆေးနည်းတွေလုပ်နိုင်တယ်။ Serology for hepatitis viruses, autoantibodies, Ferritin and transferrin saturation, Immunoglobulin levels (IgG, IgM, IgA), Cholesterol and glucose, Alpha 1-antitrypsin, CT of the abdomen, Ultrasound, Endoscopy, Gastroscopy
ဘယ်လိုလုပ်နိုင်သလဲ
• အားမနာတမ်းပြောရရင် အသည်းပျက်စီးပြီးသား ရင်းစားပြန်မရတော့ပါ။ ဆက်မတိုးအောင်သာလုပ်ပေးနိုင်ပါတယ်။ နောက်ဆက်တွဲဖြစ်စရာတွေကို ကာကွယ်ပေးနိုင်ပါတယ်။
• ပိုးဝင်နေရင်ပိုးသေဆေးပေးမယ်။ ယားနေရင်၊ ဝမ်းချုပ်နေရင် ဆိုင်တဲ့ဆေးပေးမယ်။
• အရက်ကြောင့်ဖြစ်ရသူက လုံးဝအရက်ဖြတ်လိုက်ပါ။
• (ဘီ) ပိုး၊ (စီ) ပိုရှိသူက ဆိုင်ရာဆေးကုနည်းလုပ်ရပါမယ်။
• Corticosteroids ဆေးကို Autoimmune hepatitis အတွက်ပေးမယ်။
• Wilson's disease ဆိုရင် Chelation therapy (Penicillamine) ဆေးနဲ့ copper (ကောပါး) တွေကို သက်သာစေမယ်။
• ကိုယ်ရောင်၊ ဖျင်းစွဲနေသူ အငန်ရှောင်ပါ။ ဆီးသွားစေတဲ့ဆေးသုံးတယ်။ Aldosterone antagonists (Apironolactone) နဲ့ Loop diuretics ဆေးတွေသုံးတယ်။
• လိုအပ်သူကို ဗိုက်ထဲကအရည်ကို ဖေါက်ထုတ်ပေးရတယ်။
• အစာမျိုလမ်းသွေးယိုရင် အရေးပေါ်ကုသရမယ်။
• ဦးနှောက်ထိခိုက်တာကို (ပရိုတင်း) လျှော့စားစေရတယ်။
တခြားဆိုးတဲ့ရောဂါမရှိသူတွေက နောက်ဆုံးမှာ အသည်းအစားထိုးကုသရတော့ပါမယ်။ အမေရိကားမှာ တနှစ်ကို လူပေါင်း ၂၇၀၀၀ သေဆုံးနေရတယ်။ ရောဂါနောက်ပိုင်းရောက်နေသူတွေထဲက ၁၀ နှစ်နေရင် ၃၄-၆၆% သေဆုံးရတယ်။
မြန်မာနိုင်ငံသားတွေ ဘယ်မှာနေနေ အသည်းကောင်းကြပါစေ။
Cirrhosis အသည်းခြောက်ရောဂါ http://doctortintswe.blogspot.com/2014/11/cirrhosis.html
Cirrhosis Diet အသည်းခြောက် အစားအသောက် http://doctortintswe.blogspot.com/2014/12/cirrhosis-diet.html
Primary biliary cirrhosis အရက်ကြောင့်ဖြစ်တာမဟုတ်တဲ့ အသဲခြောက်ရောဂါ http://doctortintswe.blogspot.com/2017/01/primary-biliary-cirrhosis.html
ဒေါက်တာတင့်ဆွေ
၃၀-၁-၂၀၁၇
Comments
Post a Comment