မင်္ဂလာပါရဲ့ ကြက်သား ကာလသားချက်နည်း

ကြက်သားကာလသားချက်ဆိုတာ ချက်ရတာ လွယ်ကူပြီး အရပ်ထဲ ရွာထဲမှာ ကာလသားတွေ အပျော် စုချက်စားရာကနေ ဖြစ်လာတဲ့ဟင်းလို့ ဆိုရပါမယ်။ လတ်လတ်ဆတ်ဆတ် ဘူးသီးခူး၊ ကြက်ခိုးပြီး သူခိုးကြီးညတွေမှာဆိုရင် တပျော်တပါး ချက်ပြုတ်စားကြတဲ့ ဟင်းပါ။ ဘူးသီးရဲ့ အချိုနဲ့ ကြက်သားရဲ့ အချိုပေါင်းစပ်ပြီး ရတဲ့အရသာဟာ စားဖူးသူတိုင်း သိကြမှာပါ။ ဒါကြောင့် ဒီတစ်ပတ်(ဒီတပတ်)မှာ လူတိုင်း ကြိုက်တဲ့ မင်္ဂလာပါဆိုင်ရဲ့ ကြက်သားကာလသားချက်ကို အိမ်ချက်လေး ဘယ်လို ချက်ရမလဲဆိုတာ ပြောပြပေးပါမယ်။ ပါ၀င်ပစ္စည်းများ -
ဗမာကြက် ၃၀ကျပ်သား
ဘူးသီးနုနု တစ်လုံး(တလုံး)
ဆား
နနွင်း
အရောင်တင်မှုန်
ကြက်သွန်ဖြူ
ကြက်သွန်နီ
ဂျင်း
ငံပြာရည် အနည်းငယ်
ငရုတ်သီးစိမ်း
ပင်စိမ်း(သို့)နံနံပင်
ပြုလုပ်နည်း
၁။ အရင်ဆုံး မချက်ပြုတ်ခင် ကြက်သားကို ရေစင်အောင် ဆေးထားပါ။ အရိုးကိုက်ဖို့ ကြိုက်သူဆိုရင်တော့ အရိုးတွေကို အမွှေးအမျှင်တွေကို သေချာအောင် ဖယ်ရှားပါ။ ကြက်သားကို ရေဆေးပြီးရင်တော့ ဆား၊ နနွင်းနဲ့ ဟင်းခတ်မှုန့်တို့နယ်ပြီး ခဏနှပ်ထားပါ။ ကြက်သားကို နှပ်ထားချိန်မှာ ဘူးသီးကို အခွံနွှာပြီး အတုံး ခပ်သေးသေးလေးတွေ တုံးပြီး ရေဆေးထားပါ။
၂။ ကြက်သွန်ဖြူ၊ ကြက်သွန်နီနဲ့ ဂျင်းတို့ကို ထောင်းထားပါ။ (အရပ်ထဲ ရွာထဲ ချက်ရင်တော့ ကြက်သွန်နီ၊ ကြက်သွန်ဖြူနဲ့ ဂျင်းတို့ကို မထောင်းဘဲ လှီးထည့်ကြပါတယ်။)
၃။ အားလုံး ပြင်ဆင်ပြီးရင်တော့ ဆီ အနည်းငယ်ထည့်၊ ကြက်သား၊ အရောင်တင်မှုန့်၊ နနွင်းမှုန့်၊ ထောင်းထားတဲ့ ကြက်သွန်နီ၊ ဖြူ၊ ဂျင်းတို့ကို တခါတည်း ထည့်ပြီး လုံးချက်ချက်ပါ။ ဘူးသီးအရွယ်ကြီးရင်တော့ တခါတည်း ထည့်ချက်ပါတယ်။ ဒါပေမယ့် အခု ဘူးသီး နုနုလေးနဲ့မို့ ကြက်သားကို အရင်လုံးချက်ပြီး ကြက်သားနူးလောက်မှ ဘူးသီးလေးကို ထည့်ပါမယ်။
၄။ ကြက်သားကို လုံးနေရင်း အနံ့လေး မွှေးလာပြီ ဆိုရင်တော့ ရေအနည်းငယ်ထည့်ပြီး ကြက်သားနူးလောက်ရှိတဲ့အထိ ခဏထားပါ။
၅။ ကြက်သားနူးလောက် ရှိပြီဆိုရင်တော့ ဘူးသီးတွေကို ထည့်ပြီး မွှေပေးပါ။ အရည်စပ်စပ်လေးနဲ့ သောက်ပြီး စားမှာဖြစ်လို့ ရေအနည်းငယ် ထပ်ထည့်ပြီး အဖုံးအုပ်ထားပါ။
၅။ ကြက်သားနူးလောက် ရှိပြီဆိုရင်တော့ ဘူးသီးတွေကို ထည့်ပြီး မွှေပေးပါ။ အရည်စပ်စပ်လေးနဲ့ သောက်ပြီး စားမှာဖြစ်လို့ ရေအနည်းငယ် ထပ်ထည့်ပြီး အဖုံးအုပ်ထားပါ။
၆။ ရေဆူလာပြီဆိုရင်တော့ အပေါ့အငံ မြည်းပါ။ အငံလိုရင်တော့ ငါးငံပြာရည်လေး အနည်းငယ် ခပ်ပါ။
၇။ နည်းနည်းစပ်စပ်လေး စားချင်ရင်တော့ ငရုတ်သီးစိမ်း အတောင့်လိုက်လေး ထည့်ပါ။ အနံ့လေး ပိုမွှေးဖို့ အတွက် ပင်စိမ်း ဒါမှမဟုတ် နံနံပင် အနည်းငယ် အုပ်ပြီး ဟင်းအိုးချလိုက်ပါ။
၈။ အရသာ ရှိပြီး အနံ့လေးမွှေးတဲ့ ကြက်သားကာလသားဟင်းလေး ရပါပြီ။

တခါတည်းရေးတာ မှန်။ တပျော်တပါးလည်း မှန်။ ကွန်ဂရက်ကျူလေးရှင်း။ မှားနည်း ၃ မျိုးရှိတယ်။ 
တချို့က (တစ်)ပျော်(တစ်)ပါး တဲ့။
တချို့က (တစ်)ပျော်တပါး တဲ့။
တချို့က တပျော်(တစ်)ပါး တဲ့။

သတ်ပုံကိုဆရာလုပ်ပြီးပြီ။ ကာလသားအရွယ်ကအတွေ့အကြုံလေး ဖြည့်ဦးမယ်။ အဆာပလာတွေမပါ၊ ရှိတာ ရတာလောက်ထည့် ချက်ကြရတယ်။ ကြက်အနုအအရင့်လည်း မရွေးအား။ ငန်ပြာရည်တောင် မရှိတော့ ဆားသာ ခတ်ကြရတယ်။ အရောင်တင်တွေ၊ အရသာတွေ မပါ။ ဆနွင်းတမယ်သာ အားကိုးရတယ်။ နံနံတွေ ပင်စိမ်းတွေလည်း ပါလေ့မရှိ။ ဗူးသီးဖြစ်ဖြစ် ခွေးတောက်ရွက်ဖြစ်ဖြစ် ပါလေ့ရှိတယ်။ ချက်ပြီး အိုးကပ်တောင်မကျန် ကုန်အောင်စားကြတယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ