ဆွမ်းတကာ အပေါင်းတို့ရေ

တခါတုန်းကပေါ့ သာသနာ့ဝန်ထမ်းတွေကို screening လုပ်ရစဥ် တခါက ထူးခြားတာလေး တခု သွားတွေ့တယ်။ သီလရှင် ဆရာကြီး ဆရာလေးများမှာ သွေးတိုးနေတယ် သွေးပေါင်ချိန်တက်နေတယ်ဆိုတာ တော်တော် ရှားရှားပါပဲ။ ဆရာတော် သံဃာတော်များကတော့ သက်တော်ငယ်ငယ် ကြီးကြီး အများစုက သွေးပေါင်ချိန် မြင့်တက်နေကြတာ တွေ့ရတယ်။ တချို့ကိုယ်တော်တွေများဆို ကြောက်စရာ လန့်စရာ ကောင်းလောက်အောင်ပါပဲ။ BP 280/180mmHg တို့ ဘာတို့အထိပဲ။ (ဒါလည်း ခေါင်းလေးတောင် တချက် မူးမနေဘူးနော်) 160/110 mmHg ဆိုတာလောက်ကတော့ ပြောမနေနဲ့တော့ ဆိုတာမျိုး။ ကျောင်းထိုင် ဆရာတော်တပါးနဲ့ အဲ့ဒီကွာဟချက်ကို စကားစပ်မိတော့ ဆရာတော်ကြီးက မိန့်ရှာတယ်။ ဆရာမရယ် သီလရှင်ဆရာကြီး ဆရာလေးများကတော့ ကိုယ်တိုင်ချက်ပြုတ်စားသောက်တော့ ကျန်းမာရေးနဲ့ သင့်တင့်အောင် ချင့်ချိန်ချက်တာကိုး။ ကျုပ်တို့ ကိုယ်တော်တွေကတော့ တပြည့် တကာ တကာမများ ကပ်တဲ့အတိုင်း လောင်းလှူတဲ့အတိုင်း ဘုန်းရတာဆိုတော့ဗျာ " တဲ့။ အဲ့ဒီရက်တွေမှာ ကျောင်းထိုင် ဆရာတော်ကြီးကို ဆရာ Physician ရဲ့ instruction နဲ့  Post COVID care ပေးနေတာမို့ ဘုန်းကြီးကျောင်း နေ့တိုင်းရောက်တဲ့အချိန်ပေါ့။ ဆွမ်းဘုန်းချိန်နားတဝိုက် ကျောင်းကို ရောက်သွားရင် ဆရာတော်က ထမင်းစားပြန်မှ ကြိုက်တာမို့ ကျောင်းထမင်း ကျောင်းဟင်းလည်း ခဏခဏ စားဖြစ်တဲ့အချိန်။ ဆွမ်းလောင်းလှူတဲ့ တကာ တကာမတွေဟာ ဆရာတော် သံဃာတော်တွေအတွက်  ဆွမ်းဟင်းတွေကို စေတနာ သဒ္ဒါတရားထက်သန်စွာနဲ့ အရသာ ပေါ်သထက်ပေါ်အောင် ဆားလေးလေး ဟင်းခတ်မှုန့်လေးလေး အချိုမှုန့်တွေ ထည့်လို့ ချက်ထားကြတယ်။ ဆီကိုလည်း ဖောချင်းသောချင်း သုံးထားကြတယ်။ ကျောင်းပို့သမျှ ဟင်းတွေမှာ ဆီမပါ ပြားမပါဟင်းဆိုတာ မရှိသလောက် ရှားပါတယ်။ ကျောင်းထမင်း ကျောင်းဟင်း မကြာမကြာ စားရတော့ စိတ်ထဲမှာ ဖြစ်မိတာက ငါသာဆို ဒီလို အဆီအနှစ်တွေနဲ့ အရသာလေးလွန်းတဲ့ ဟင်းတွေကို နေ့စဉ်ရက်ဆက် စားနိုင်မှာမဟုတ်ဘူး ဆိုတာပါပဲ။ အို ရဟန်းဒကာ ကျောင်းဒကာ ဆွမ်းတကာ အပေါင်းတို့ရေ အသင်တို့ရဲ့ ဆရာတော် သံဃာတော်တွေကို ကျန်းကျန်းမာမာ အသက်ရှည်ရှည်နဲ့ သာသနာ့ဝန်ကို ထမ်းရွက်တာ မြင်ချင်ရင် ကျန်းမာရေးနဲ့ ညီညွတ်အောင် စီမံချက်ပြုတ် လောင်းလှူဆက်ကပ်ကြပါလို့ အကြံပြုပါရစေရှင့်။ (Chaw Su Win)

ကျွန်တော် ရေးတာ မဟုတ်ပါ။ ရေးတဲ့သူ အချက်အလက်သာမက သတ်ပုံလည်း မှန်တယ်။ ကျေးဇူး + ကွန်ဂရက်ကျူလေးရှင်း။ 

မနေ့က ကျန်းမာရေးနဲ့ဆိုင်တဲ့ကိစ္စတခုအတွက် ဒေါ်မြမြအေးဆီကို ရုံးတခုကလာပြီး အင်တာဗျူးတယ်။ သွေးကျဆေးသောက်နေသူဖြစ်လို့ သွေးဖိအားလည်းတိုင်းတယ်။ ကောင်းတယ်တဲ့။ ပြန်ခါနီး စကားပြောတော့ သွေးတိုးရှိသူတွေ အငန် (ဆိုဒီယမ်)၊ ဆား မသင့်ကြောင်း ပြောသွားတယ်။ ယူအက်စ်အေမှာ အငန်အကြောင်း၊ ဆားအကြောင်း ပြောသူက နည်းတယ်။ သူတို့ပြဿနာက ကိုလက်စထောနဲ့ ဆီးချို။ ဒါတောင် ကျွန်တော်တို့ လျှာမှာ စွဲနေကြပြီဖြစ်တဲ့ ငပိ၊ ငါးခြောက်နဲ့ ငန်ပြာရည်ကို သိပ်မသိကြသေးလို့။ 

မေးခွန်းတွေမှာ ကင်ဆာ၊ ကိုဗစ် ဘာရောဂါဖြစ်ဖြစ် ဘာစားရမဲ့ မေးကြတယ်။ ဘယ်လိုကုသရမလဲ သိပ်မေးတတ်ကြပါ။ အဲဒါတွေက အစားအသောက်နဲ့ လားလားမှ မဆိုင်။ သွေးတိုးရှိရင် အငန်၊ ဆီးချိုရှိသူ အချို၊ ဂေါက်ရှိရင် ကလီစာနဲ့ အရက်။

ကျွန်တော့ဦးလေးဆရာတော်က အစားအသောက်ကို ငယ်ကတည်းဂရုစိုက်တယ်။ ဆွမ်းခံရတာထဲက ဆွမ်းဟင်းကို ရွေးပြီးသာဘုန်းပေးတယ်။ ခုထိ အသက်ရှည်တယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ