Calcium USA High Up အရပ်ရှည်ဆေး (သို့) စိတ်မရှည်ဆေး

၁။ ဆရာကျွန်မက မိန်းကလေးပါရှင့်။ အသက်က အခု ၂ဝ၁၆ ခုနှစ် ဖေဖဝါရီလမှာ ၂၉ နှစ်ပြည့်ခဲ့ပါပြီ။ အရပ်က ၅ ပေ ၁ လက်မခွဲရှိပြီး ကိုယ်အလေးချိန်ပေါင်က ၁၂၂ ပေါင်ရှိပါတယ်ရှင့်။ ကျွန်မသိချင်တာက ဈေးကွက်မှာပေါ်နေတဲ့ Height Up ဆိုတဲ့အရပ်ရှည်ဆေးက အသက် ၃ဝ ထိသောက်လို့ရတယ်လို့ ညွှန်းထားတာကြောင့် သောက်သုံးရန် သင့်မသင့် ဖြေကြားပေးစေလိုပါတယ်ရှင့်။ ကျန်းမာရေးအတွက် ဆိုးကျိုးရောဖြစ်စေနိုင်ပါသလားရှင့်။ ဈေးကွက်မှာ ကြော်ငြာတဲ့ ဈေးဗူးနမူနာပုံစံကို ဓာတ်ပုံနှင့်ပူးတွဲပေးပို့လိုက်ပါတယ်ရှင့်။ ဆရာအဆင်ပြေမှပဲဖြေပေးပါရှင့်။

၂။ ဆရာရှင့် ကျွန်မအသက် ၂၆ ပါ။ အရပ်ပုပါတယ်။ အွန်လိုင်းမှာအရပ်ရှည်ဆေး ကြော်ငြာတွေ့လို့ စိတ်ဝင်စားမိပါတယ်။ တကယ်ပဲ ၂၆ ကျော်လဲရှည်တယ်ဆိုတာ ဟုတ်ပါသလား။ ၃ လ သောက်ရတယ် ပြောပါတယ်ဆရာ။ ဘေးထွက်ဆိုးကျိုး ရှိလားသိချင်ပါတယ်။ ဆရာအသက်ရှည်ကျန်းမာပါစေ။

အသက်တော့ရှည်ချင်ရှည်မယ်။ အရပ်တော့မရှည်နိုင်တော့ပါလို့ စိတ်တိုတိုနဲ့ဖြေခဲ့ဘူးသေးတယ်။ မေးကြလွန်းလို့ တကယ်ကို စိတ်မရှည်ပါ။ ကြော်ငြာဆေးဆိုရင်မေးပြီ။ ကြော်ငြာပါပြောရင် ဘယ်မှာဝယ်ရမလည်းမေးပြီ။

လူ့အရပ်ဆိုတာ သူ့အရိုးတည်ဆောက်ထားမှုမှာ မူတည်တယ်။ အရိုးကို ပိုခိုင်အောင်သာ ဆေးနဲ့လုပ်နိုင်တယ်။ ပိုရှည်စေဘို့ မရပါ။ အရွယ်ရောက်ချိန်နောက်မှာ အရပ်ပိုမရှည်တော့ပါ။ စိတ်ပျက်မသွားပါနဲ့။ ဆက်ဖတ်စေချင်ပါတယ်။ အရပ်ကို မျိုးဗီဇနောက်ခံနဲ့ ပါတ်ဝန်းကျင်အကြောင်းခံတွေကနေ သက်ရောက်တယ်။ သိပ်ရှည်လွန်းတာကို Gigantism ခေါ်ပြီး၊ သိပ်ပုလွန်းရင် Dwarfism ခေါ်တယ်။ ဒီ ၂ မျိုးမဟုတ်သမျှ ပုံမှန်ချည်းသာ ဖြစ်ပါတယ်။ သမိုင်းမှာ အရှည်ဆုံး လူသားဟာ ၈ ပေ၊ ၁၁ လက္မနဲ့ အမေရိကန်က Pershing Wadlow လို့ မှတ်တမ်းတင်ထားပြီး၊ ကနေ့အချိန်မှာ တူရကီက Sultan Kösen က ၈ ပေနဲ့ ၃ လက္မရှိတယ်။ တရုတ် အမျိုးသမီး Yao Defen က ၇ ပေနဲ့ ၇ လက္မခွဲ ရှိတယ်။

ယေဘုယျ ယောက်ျားတွေက မိန်းမတွေထက်ရှည်တယ်။ မိန်းကလေးတွေဟာ သူတို့ ရှိနေတော့မဲ့ အရပ်အမောင်းကို ယောက်ျားလေးတွေထက် စောပြီးရောက်လာကြတယ်။ အပျိုဖြစ်တာက လူပျိုဖြစ်တာထက် စောလို့ဖြစ်ပါတယ်။ မျိုးဗီဇက အဓိကကျတယ်။ ၆ဝ-၈ဝ% က မိဘတွေရဲ့ အရပ်နဲ့ဆက်စပ်နိုင်တယ်။ မိခင်ကိုယ်ဝန်ဆောင်စဉ်က အစားအသောက်နဲ့လဲ ဆိုင်နိုင်တယ်။ ကလေးဘဝမှာ စားတဲ့နဲ့လဲ ဆိုင်နိုင်တယ်။

လူ့အရပ်ရှည်မှုဟာ အရိုးရှည်တွေ (ပေါင် + ခြေသလုံး) တွေက အဓိကဖြစ်တယ်။ ပေါင်ရိုးနဲ့ ခြေသလုံးရိုး။ ဒါတွေ ဆက် မရှည်တော့ချိန်မှာ ရပ်တန့်သွားတယ်။ Epiphyseal plates ဆိုတာ ပိတ်သွားချိန်မှာ ဆက်မရှည်တော့ဘူး။ အရိုးရှည်တွေ ထိပ်မှာရှိတဲ့ အဲဒီအရိုးနုတွေက အရွယ်အလိုက် တဖြေးဖြေးမာလာပြီး အရိုးမာတွေဖြစ်လာတယ်။ ခြေထောက်ပိုင်းက လူ့အရပ်နဲ့ တဝက်လောက်ဆိုင်တယ်။ အရိုးမာတွေဖြစ်လာတဲ့ အသက်အပိုင်းအခြားတွေရှိတယ်။ အရိုးစုတခုကြည့်ပြီး သူ့အရပ်ရော အသက်ပါ မှန်းလို့ရတယ်။

• မိန်းကလေး ၅-၁၂ နှစ် နဲ့ ယောက်ျားလေး ၅-၁၄ နှစ်တွေမှာ အများဆုံးသော အရိုးတွေက အရိုးမာတွေဖြစ်ကြပြီ။

• ၁၇-၂ဝ နှစ်ရောက်ရင် လက် နဲ့ လက်ပြင်ရိုးတွေမှာဖြစ်ပြီ။

• ၁၈-၂၃ နှစ်ရောက်ရင် ခြေထောက်ပိုင်း အရိုးတွေဖြစ်မှာဖြစ်ပြီ။

• ၂၃-၂၅ နှစ်မှာ ရင်ညွှန့်ရိုး၊ ညှပ်ရိုး နဲ့ ခါးရိုးတွေက ဖြစ်ကြပြီ။ အသက် အစိတ်မှာ အားလုံးပြည့်စုံသွားမယ်။ အသက် ၂၅ ကျော်ရင် မရှည်ချင်နဲ့တော့။

ဒိနောက်ပိုင်းမှာ နည်းနည်းရှည်လာနိုင်တာလဲရှိပါတယ်။ အသက်သိပ်ကြီးချိန်မှာတော့ ဆက်မရှည်တော့တာသေချာတယ်။ ကျောရိုးမကြီးက အရိုးတွေကြားက အရိုးနုလေးတွေအပေါ်မှာ မူတည်လို့ အဲလိုဖြစ်တယ်။ အားတက်စရာ ပြောရရင် ကြောရိုးမကြီးမှာ အရိုးပေါင်း ၃၃ ခုရှိပေမဲ့ ၂၄ ခုက တခုနဲ့တခု ဆက်မသွားကြဘဲနေရစ်တယ်။ ဒီအချက်ကို အရပ်ရှည်ဘို့ အသုံးချနိုင်တယ်လို့ဆိုတယ်။ ကြောရိုးမကြီးဟာ လူ့အရပ်ရဲ့ ၃၅% နဲ့ဆိုင်တယ်။ ဒီအချက်ကို ကောင်းကောင်း အသုံးချရမယ်လို့ ဆိုပါတယ်။

Stretching Exercises ထိရောက်တဲ့ အရပ်ရှည်လေ့ကျင့်ခန်း ၄ မျိုး (၁) တွဲလဲခိုနည်း၊ (၂) ယောဂ ဆန့်တန်းနည်း၊ (၃) ရေကူးနည်း နဲ့ (၄) တင်ပါးလှည့်ပေးနည်း။

ယောဂ ဆန့်တန်းနည်း၊

(က) မတ်တပ်ရပ်ရင်း ရှေ့ကိုကုန်းနည်း၊ ဒူးနှစ်ဖက်လဲဆန့်တန်းနေပါစေ။ ခြေထောက်ချင်း တပေခွဲကားထားပါ။ ကျော၊ ခါး၊ တင်ပါး၊ ပေါင်၊ ခြေသလုံးတွေ တင်းနေပါစေ။ အစမှာ လက်ဖဝါးတွေက ပေါင်မှာကပ်ထားပြီး အောက်ဖက်ဆီ တန်းဆင်းစေပါ။ လက်တွေက အောက်ကို ရောက်နိုင်သလောက် ရောက်ပါစေ။ လက်ဝါးတွေကို ခြေသလုံး-ပေါင်ကို ကပ်ထားရင် အထက်အောက်လုပ်ပေးနိုင်တယ်။

(ခ) ခါးကုန်း-မျက်နှာမှောက်နည်း၊ သူတို့ခေါ်တဲ့နာမည်က ခွေးပါလို့ ဗမာတွေနဲ့ မကိုက်ဘူး။ ယောဂနည်းထဲကပါ။ မှောက်လျှက် ခါးကိုမြှင့်ထားပါ။ လက်တွေက ပခုံးနဲ့အတူကားထားပါ။ လက်ဝါးကို ကြမ်းပြင်ထိပြီး တတောင်ဆစ်နေရာက ကိုယ်ဖက်မှာရှိပါစေ။ အသက်အောင့်ထားပြီး ခြေမတွေကို ခြေပေါ်မှာ မတ်တပ်ရပ်တော့မလိုသဘော ပြုပြင်ပါ။ အသက်ရှူထုတ်ရင်း ခြေကိုဆန့်တန်းပါ။ လက်ကလဲမြင့်လာစေရမယ်။ ဒူးမကွေးနေပါနဲ့။ အစမှာ မရသေးလဲ ကြိုးစားပါ။ လုပ်နိုင်သလောက် ကြာကြာလုပ်ပါ။ ပခုံးကလဲ ပြားထားပါ။ ကိုယ်အလေးချိန်ကို မျှတနေပါစေ။

(ဂ) ဒူး-ခေါင်းနည်း။ ယောဂနည်းပါဘဲ။ ခါးဆန့်နေပါစေ။ အသက်ပြင်းပြင်းရှူရင်းလုပ်ပါ။ ကြမ်းပြင်မှာ ထိုင်ချ၊ ကိုယ်ရှေ့မှာ ဒူးဆန့်တာကနေစပါ။ ဒူးတဖက်ကို ကိုယ်ဆီ ကွေးယူပါ။ အင်္ဂလိပ်စာလုံး (ပီ) လိုနေမယ်။ တင်ပါးကို ကြမ်းက မကျွစေနဲ့။ မျက်နှာက ဆန့်နေတဲ့ခြေဆီမူနေဘို့ရာ ကိုယ်က နဲနဲ လှည့်ပေးဘို့ လိုနိုင်ဆယ်။ အသက်ရှူတုံးမှာ လက်ကို ခေါင်းပေါ်မြှင့်ပါ။ ခါးဆန့်ထားရင်း ကိုယ်ကို တဖြေးဖြေး ရှေ့ကိုင်းပါ။ အသက်ရှူထုတ်ပါ။ တင်ကိုလဲ မကွေးစေနဲ့။ အလိုက်သင့်ပြင်စရာလိုတာတော့ပြင်ပေးပါ။ ကွေးနေတုံးမှာ ပေါင်တွေတင်းထားပါ။ ရှေ့ကိုကိုင်းပြီးရင် လက်ကို တဖြေးဖြေးချင်း အောက်ချပြီး ခြေထောက်ကိုဆုပ်ကိုင်ပါ။ ရှေ့ဆန့်ပါ။ နောက်တဖက်ကိုလဲ အဲလိုဘဲလုပ်ပါ။ ဖြေးဖြေးလုပ်ပါ၊ အသက်ပြင်းပြင်းရှူပါ။

သိပ်ဆင်းရဲတဲ့အရပ်ဒေသတွေမှာ အာဟာရချို့တဲ့တာတွေကြောင့် အချိန်တွေကြာလာရင် လူတွေအများစုက အရပ်ပုမယ်။ ဒုတိယကမာ္ဘစစ်ကာလ ဂျပန်တွေအရပ်ပုကြတာ ဗမာတွေအသိဘဲ။ အခု မပုကြတော့တာ ဘာလို့လဲ။ ၂၅-၁၁-၂ဝဝ၂ ထုတ်သတင်းမှာ နွားနို့သောက်လို့ပါလို့ ပြောတာရှိတယ်။ လူငယ်တွေ နွားနို့သောက်များလာတာ ၁ဝ နှစ်အတွင်း အဆ ၅ဝဝ တောင်ရှိသတဲ့။ ပေါင်မုံ့လဲ အမျိုးစုံအောင်စားသတဲ့။ ဈေးချိုတဲ့ ဆန်ထက်တောင် ပေါ်ပြူလာဖြစ်လာတယ်။ ဒါကြောင့် ပေါင်မုံ့စားနှုန်းက ၁၁ ဆ တက်လာတယ်။ ကိတ်မုံ့စားတာလဲ ပိုများလာတယ်။ ဒါကြောင့် ၁ဝ နှစ်သမီးလေးတွေက သူတို့အမတွေထက် ၁ လက္မပိုရှည်လာကြတယ်။ အလေးချိန်လဲ ၁ ပေါင်တိုးလာကြတယ်။ စစ်မဖြစ်ခင်ကထက် ၃ ပေါင်ပိုလေးပြီး လက္မဝက်ပိုရှည်လာကြတယ်။

တိုင်းမ်မဂ္ဂဇင်းမှာ ဆောင်းပါးတခုရေးထားတယ်။ ၂၀၁၁ မေလ ကတည်းကပါ။ အရိုးအတွက် ကယ်လ်စီယမ်ဆေးပေးရင် အရပ်ပိုရှည်သလား။ အရိုးဆိုတာအသက်ရလာလေလေ အိုမင်းပျက်စီးလေဆိုတာအမှန်ပါ။ (အူပန်ဆာလာ) တက္ကသိုလ်က ဒေါက်တာ (အီဗာ) ကပြောပါတယ်။ ကယ်လ်စီယမ်သိပ်များသွားရင် ဆိုးကျိုးပေးတယ်တဲ့။ သူ့အဖွဲ့ကနေ ၁၉၁၄ ကနေ ၁၉၄၈ အတွင်းမှာမွေးဖွါးခဲ့ကြတဲ့ အမျိုးသမီးပေါင်း ၆ သောင်းကို လေ့လာပြီးမှ အဲလို ပြောတာပါ။ ၁၉ နှစ်ဆက်တိုက်လေ့လာမှုပြုခဲ့တာဖြစ်ပါတယ်။ ကယ်လ်စီယမ် 750 mg အောက် နည်းနည်းလေးသာရတဲ့ အမျိုးသမီးတွေမှာ တနေ့မှာ ကယ်လ်စီယမ် 900 mg အထက်ရခဲ့သူတွေထက် ပထမအရိုးကျိုးခြင်း ၁၈% ပိုဖြစ်ကြတယ်။ ဒါပေမယ့် 1,140 mg အထိများများရသူတွေမှာ ပိုကောင်းတယ်လို့ မပြောပလောက်အောင်သာရကြတာတွေ့ရပါ။

လက်ရှိ အမေရိကန်ကျန်းမာရေးလမ်းညွှန်အရ အသက် ၅ဝ ကျော်အမျိုးသမီးတွေ တနေ့မှာ ကယ်လ်စီယမ် 1,200 mg ဖြစ်ပါတယ်။ အဲတာကများနေတယ်လို့ ဆွီဒင်ဆရာဝန်တွေက ထောက်ပြထားပါတယ်။ တချို့က အဲလောက်မလိုကြပဲ၊ တချို့အမျိုးသမီးတွေကပိုလိုကြပါလိမ့်မယ်။ ဥပမာဆေးလိပ်သောက်သူတွေ။ ကိုယ်လက်လှုတ်ရှားမှုလုပ်သူတွေက နည်းလိုမယ်။ ကယ်လ်စီယမ်ဟာ လိုတာထက်ပိုများရင် အရိုးတည်ဆောက်မှုမှာ အကျိုးမပေးပါ။ 700 mg ကနေ 800 mg က အသင့်မြတ်ဆုံးဖြစ်တယ်။

ကြော်ငြာဆေးသာဖြစ်တယ်။ အရပ်မရှည်စေပါ။ ကယ်လ်စီယမ် ကောင်းပါတယ်။ ဒါပေမယ့် အရပ်မရှည်စေပါ။ မသင့်သူသောက်ရင် ဆိုးစေနိုင်တယ်။ ကြော်ငြာဆေးတွေမှာ ဘေးထွက်ဆိုးကျိုးသုတေသနမရှိပါ။ မရှိတာကို ရမ်းမပြောသင့်ပါ။ အဲဒီကြော်ငြာဆေးအကြောင်း အကြိမ်ပေါင်းများစွာ ဖြေနေရတယ်။ ဆရာဝန်ညွှန်ဆေးမဟုတ်ပါ။ အရပ်ရှည်ဆေး မရှိ။ အသားဖြူဆေး မရှိ။

အဲတာရေးပြီးတော့ မေးလာတာရှိတယ်။ ဆရာရှင့် သမီး အင်တာဗျူးသုံးလို့ ရပါတယ်နော်။ ထပ်ပြီးခွင့်တောင်းတာပါရှင့်။ ပြီးတော့ ဆရာရဲ့ရာထူးလေးသိလို့ ရမလားရှင့်။

သုံးနိုင်ပါတယ်။ ဘာရာထူးမှမရှိပါ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Water poisoning ရေအဆိပ်သင့်ခြင်း