Kiss The Risks နမ်းတာကနေ ဘာရောဂါရနိုင်သလဲ

(ကန်တော့)

B ပိုးကာကွယ်ဆေးပြည့်အောင်မထိုးရသေးပဲနဲ့ ရောဂါပိုးရှိသူနဲ့ French kiss လုပ်မိရင် ရောဂါကူးနိုင်ပါသလား သိချင်ပါတယ်။

ဆေးစာမဖြေခင် အနမ်းဋီကာချဲ့ပါရစေ။ စာတပုဒ်ရေးထားတာရှိပေမဲ့ အများဖတ်စရာအနေနဲ့တော့ မတင်လိုပါ။ လျှာမပါဘဲ နှုတ်ခမ်းချင်းနမ်းတာကို Light Kissing ခေါ်တယ်။ နှုတ်ခမ်းချင်းနမ်းတာကို Lip kiss လို့ ပြောတာများတယ်။ တရားဝင် ခေါ်ကြတာက French kiss ဖြစ်ပါတယ်။ Deep Kissing လို့သတ်မှတ်တယ်။ အထဲထိနက်တယ်။ ဒီနမ်းနည်းမှာ တယောက်ရဲ့ နှုတ်ခမ်းနဲ့ နောက်တယောက်ရဲ့ နှုတ်ခမ်း + လျှာနဲ့ ထိတွေ့မှုလုပ်ကြတယ်။ အပြန်အလှန်သဘောရှိနိုင်တယ်။ တဖြေးဖြေးချင်းနဲ့ စိတ်လိုလက်ရရှိလာနိုင်တယ်။ 

ပေါ့ပေါ့ပါးပါးနမ်းတာကနေ 

ရေယုံနဲ့ ဝဲ ကူးစက်နိုင်တယ်။ ထိစပ်တဲ့နေရာမယ် ရောဂါမရှိသူမှာ အပေါက်အပြဲ အနာအဆာ ရှိမှသာ ကူးမှာပါ။ တီဘီ (သလိပ်ထဲ ပိုးတွေ့)၊ တုပ်ကွေး၊ အအေးမိဖြစ်နေသူက နမ်းတာမခံပါနဲ့။ မြင်သာတဲ့ မန်းရည်လို၊ ပြည်လိုအနာရှိနေသူကို သွားမနမ်းပါနဲ့။ ရေယုံ ဗိုင်းရပ်စ် အမျိုးအစား (၂)၊ အသဲရောင် (ဘီ) နဲ့ ဆစ်ဖလစ်ရောဂါတွေ ကူးနိုင်တယ်။

သွားရည်ထဲကနေ -

Mononucleosis (မိုနိုနူကလီယိုးဆစ်) ကို Kissing disease အနမ်းရောဂါလို့ခေါ်တယ်။ (EBV) နဲ့ (CMV) ဗိုင်းရပ်စ်တွေကနေ ကူးစက်တယ်။ 

Streptococcus (စထွက်ပတိုကေားကပ်စ်) ဗက်တီးရီးယားကြောင့် လည်ချောင်းနာရောဂါကူးလာနိုင်တယ်။

Cold sores ခေါ်တဲ့ နှုတ်ခမ်းရေယုံဟာ Herpes Simplex Virus-1 (HSV-1) ဗိုင်းရပ်စ်ကနေကူးစက်တယ်။ 

Hand-foot-mouth disease လက်-ခြေ-ပါးစပ်ရောဂါဆိုတာ Coxsackie virus ဗိုင်းရပ်စ်ကနေကူးတယ်။

HIV ပိုးဟာ သွားရည်ထဲမှာပါနေနိုင်ပေမဲ့ အရေအတွက်နည်းလို့ မကူးဘူးလို့ (ကနေ့အထိ) ပြောနိုင်တယ်။

အသဲရောင် (အေ)၊ (ဘီ) နဲ့ (စီ) တွေကတော့ နမ်းလို့ကူးတယ်လို့ပြောနိုင်တဲ့ လူနာတွေတွေ့ထားတယ်။ 

Candida yeast infections မှိုပိုးဝင်နေလို့လဲဖြစ်နိုင်တယ်။ အထူးသဖြင့် ပဋိဇီဝဆေးသောက်နေချိန်မှာ ဖြစ်တတ်တယ်။

French kiss ပြင်သစ်အနမ်းကနေ 

အသည်းရောင် (ဘီ) ကူးစက်ဘို့အခွင့်အလမ်း အလွန်နည်းပါတယ်။ (ဘီ) သာမက (စီ) နဲ့ (ဒီ) တွေလဲအတူတူဘဲ။ HIV လဲ ပါတယ်။ ရာနှုန်းပြည့် မကူးစက်ပါလို့ ဘယ်ဆရာဝန်ကမှ အာမမခံနိုင်ပါ။

သီအိုရီအရတော့ ကူးစက်လာနိုင်တယ်လို့ပြောနိုင်တယ်။ ဗိုင်းရပ်စ်ပိုးတွေဟာ လူကိုယ်က အရည်တွေ မှန်သမျှထဲမှာ နေကြတယ်။ သွားရည်လဲပါတယ်။ 

နှုတ်ခမ်းနဲ့ အနီးအနားမှာ အနာအဆာရှိနေရင်တော့ ကူးစက်ဘို့အခွင့်အလမ်းပိုများတယ်။

ဒါကိုလဲသိပါ -

တယောက်ယောက်ကိုနမ်းတယ်ဆိုတာ ကိုယ်နမ်းလိုက်သူကို နမ်းဘူးသူတွေအားလုံးကို နမ်းသလိုဘဲလို့ ပြောနိုင်တယ်။ ကိုယ်နမ်းတဲ့သူကို အရင်လူပေါင်းဘယ်လောက်က နမ်းထာသလဲသိပါသလား။ 

အဖေါ်အကြောင်း ကောင်းကောင်းမသိရင် အန္တရာယ်နဲ့ မကစားတာကောင်းတယ်။

ငယ်စဉ်အရွယ်မှာ French kiss ကို အဖေါ်တွေအများကြီးနဲ့ လုပ်ခဲ့သူဟာ ဦးနှောက်မြှေးရောင်ရောဂါရစေဘို့ ပိုပြီး နီးစပ်တယ်လို့ သုတေသနတခုက ဆိုပါတယ်။

နမ်းရာကနေ ကူးစက်ရောဂါမရချင်ရင် နမ်းတာကိုသာဆင်ခြင်ပါလေ။

ဒေါက်တာတင့်ဆွေ

၂၅-၁၀-၂၀၁၄

Comments

Popular posts from this blog

Allergic skin အရေပြား အလာဂျီ

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ