Oily Hair ဆံပင် အဆီပြန် နေပြန်သတဲ့

တခု မေးချင်တာက ဆံပင် အဆီပျံတယ်ဆိုတာ ဘာဖြစ်တာလဲ။ ဘယ်လို လုပ်သင့်သလဲ။ သိရင် ဝေမျှပေးပါ။

• မှားထင်နေတာကို အရင် ပြင်ပြောရမှာဘဲ။ “ဦးရေက အဆီပြန်လို့ ဆံပင်အဆီပြန်တယ်” ထင်တာ မဟုတ်ဘူး။ ပြောင်းပြန်က မှန်တယ်။ တကယ် အဆီပြန်နေသူတွေ ပျောက်ချင်ရင် ဦးရေခြောက်အောင် လုပ်ရမယ်။

• မျိုးရိုးလိုက်တတ်။ (ဆံပင်ကြည့်ပြီးမှ အမေတော်ပေါ့။) 

• ရာသီရက်နဲ့ ပတ်သက်လို့၊ မြီးကောင်ပေါက်မှာ ဖြစ်တတ်တယ်။ (မြန်မြန် အပျိုကြီးုဖြစ်အောင်လုပ်။) 

• တားဆေးကိုလည်း ထင်နိုင်တယ်။ (မတားလို့ရရင် မတားနဲ့၊ ဒါမှမဟုတ် တခြားနည်းသုံး။) 

• ဝစေလို့ သုံးတဲ့ ဆေးလည်း လွှဲချနိုင်တယ်။ (ဝတာလည်း လှတာဘဲဆိုသူနဲ့ အပေါင်းအသင်းလုပ်။)

• ဆံပင်ထူရင် ဖြစ်ချင်တယ်။ (ဆံပင်ပါးတဲ့လူတွေ စိတ်သက်သာရပါလေ။)

• အာဟာရကိုလည်း ပြောကြတယ်။ စုံအောင်-မျှအောင် ရွေးစားပါ။ (ဝယ်စားနိုင်အောင် အလုပ် ပိုလုပ်ပါ။) 

• ခေါင်းလျှော်ရည် အပျော့စားသုံးပါ။ အပြော့စားဆိုလို့ အပြင်းစားကို ရေသွားမရောနဲ့။ ကလေးသုံး Shampoo မျိုး ပြောတာ။ (ရေရောတဲ့ အလုပ်ကောင်းကောင်း သိသူတွေကတော့ ဟိုဆိုင် အရင်ကတော့ ကော်ပိုရေးရှင်း ၄ က ပုဂ္ဂိုလ်များဘဲ။ ရေမှာ ပျော်ဝင်တာကိုသာ ရေရောရင် ပြော့စေနိုင်တယ်။ မူ၊ စံနှုံး၊ စည်းကမ်း ဆိုတာမျိုးတွေက ရေရောလည်း ပြော့မသွားရဘူး။) 

• နေ့တိုင်း ခေါင်းလျှော်ပါ။ ခေါင်းလျှော်ရည်ကို ဦးရေခွံ မဟုတ်ဘဲ ဆံပင်ကို စိုအောင်လုပ်ပါ။ ပြီးရင် ရေဖွါးဖွါး ဆေးပေးပါ။ ရေအေးက ပိုကောင်းတယ်။ ဆပ်ပြာရည် မကျန်စေနဲ့။ 

• ခြောက်တဲ့အခါ Hot oil treatment လုပ်ပါ။ ဆီပူတာနဲ့ ကောသာပြုပြင်နည်းလည်း ထည့်ရေးပါ့မယ်။ ကြောညာနဲ့ ရောင်းတဲ့ နည်းတခုပါ။ ၃-၄-၅ ခါသုံး kits or bottles နဲ့ လာတယ်။ အပြောကတော့ ဆီပါတော့ ချောနေတာဘဲ။ Essential oils, and natural oils (Olive, Jasmine, Coconut, and Jojoba oils) တွေ ပါသတဲ့။ သုံးခါနီး ရေပူထဲမှာထည့် နွှေးရတယ်။ စိုနေတဲ့ဆံပင်ကို နှံ့အောင်လိမ်းပြီး နှိပ်ပေးရတယ်။ ပြီးရင် ပုဝါနဲ့ဖြစ်ဖြစ် Shower cap ရေချိုးခေါင်းစွပ်နဲ့ ဖြစ်ဖြစ် အုပ်ထားပါ။ ဖြစ်နိုင်ရင် ပုဝါကိုပါ Dryer နဲ့ နွေးအောင်လုပ်ပါ။ အညွှန်းအတိုင်း ကြာကြာထားပါ။ များသောအားဖြင့် နာရီဝက်။ နောက်ဆုံးမှာ (ရှမ်ပို) လိုက်ပါလို့ ဆိုပါတယ်။

• Conditioner မသုံးတာ ကောင်းတယ်။ သုံးချင်ရင် ဆံပင် အဖျားပိုင်းကိုသာ သုံးပါ။ (အကုန်အကျလည်း သက်သာတယ်။)

• ဆံပင်ပြောင်လက်ဆေး Hair gloss gel or Shine hair care products တွေ မသုံးပါနဲ့။ (သက်သာပြန်ပြီ။) 

• သိပ်ဆိုးတဲ့သူများ Vinegar (ရှာလကာရည်) ၁ ဆ၊ ရေ ၄ ဆ ရောတဲ့အထဲ ဆံပင်ကို နှစ်စိမ်ပေးပါ။ ဦးရေကို မထိစေပါနဲ့။ သုံပုရာသီးလည်း သုံးနိုင်တယ်။ 

• ဆံပင်ကို ခဏခဏ မဖြီးပါနဲ့။ ခဏခဏ မကုတ်မိစေနဲ့။ ဆံပင်ကို ကိုင်နေတတ်တဲ့ အကျင့်ရှိရင် ပြင်ပါ။ 

• ဦးရေခြောက်တာနဲ့ တွဲဖြစ်သူများ Shampoo with tea tree oil သုံးပါ။ ဝယ်လို့ရရင်ပေါ့။ 

• Styling products တွေ သုံးတာ နည်းပါစေ။ 

• ဆံပင်ပေါ် ပေါင်ဒါဖြူးပါ၊ မျက်နှာပုဝါ အခြောက်နဲ့ ပြန်သုတ်ပါ။

• ဆံပင်စည်းပုံစံ ပြင်ပါ။ ဥပမာ Pigtail, Ponytail, Bun, Half ponytail (ပိုလည်း လှလာမယ်။)

• စိတ်ရှုတ်မခံပါနဲ့။ (ကာတွန်းဖတ်ပါ၊ ဆွေးစရာတွေ မတွေးပါနဲ့။ ရုပ်ရှင်ဆို ဇာတ်လိုက်ကချည်း နိုင်တာမှ ကြည့်။ ကိုရီးယားဇာတ်လမ်း ရှင်ခန်းဖြတ်။ နေတဲ့ တိုင်းပြည်က မကောင်းရင် The New Isle Called Utopia မှာ သွားနေပါလေ။)

Dr. တင့်ဆွေ

၂၈-၁၁-၂၀၁၄

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ