Skin Care Tips ဆယ်ကျော်သက် မျက်နှာ

ရေးထာတာ ၈ နှစ်တိတိက

၁၅-၁၆ နှစ်အရွယ် သမီးလေးတယောက်ရှိတယ်။ နာမည်တွေဘာတွေထားပါ။ ပေါ်ပြူလာ Skin lotion နာမည်ကြီးလို့ ဝယ်လိမ်းတယ်။ ချွေးထွက်ပေါက်တွေ ပိတ်ကုန်ပြီး ဝက်ခြံတွေ ဗုံးပေါလအော ထွက်လာပါလေရော။ ဒီလိုမျိုး မဖြစ်ရလေအောင် နည်းနာတွေရှိပါတယ်။ အင်္ဂလိပ်စာလုံးလေးတွေ နည်းနည်းထည့်ရေးပါရစေ။

အရွယ်က ဆယ်ကျော်သက် မျက်နှာက အရေပြား၊ အမျိုးအစားသိပါသလား။ လေးမျိုး လေးစား မှတ်ထားပါ။ (၁) ခပ်ခြောက်ခြောက်၊ (၂) အဆီပြန်၊ (၃) ပုံမှန် နဲ့ (၄) အဲဒါတွေ ရောထွေးနေတာ။

၁။ Normal Skin Care ပုံမှန်အရေပြား

ညီညာ ချောမွေ့နေတယ်။ ပျော့ညက်တယ်။ အစက်အပျောက် ကင်းစင်တယ်။ ဘာမှ ကွာကျနေတာလဲ မရှိဘူး။ မွေးညင်းပေါက်လေးတွေကလဲ မြင်ယုံသာ မြင်ရတယ်၊ ကျယ်မနေကြဘူး။ ခြောက်လဲမနေ အစိုလဲမပြန်တာကို ပုံမှန်လို့ခေါ်တယ်။ နည်းနည်းပါးပါးတော့ ပြောစရာလေးတွေ ရှိချင်ရှိမှာပေါ့။ ဒါဆိုရင် တနေ့မှာ မျက်နှာ ၂-၃ ခါသစ်ပေးပါ။ ဆပ်ပြာရိုးရိုး၊ ဆပ်ပြာရည် မပြင်းတာကိုသာ သုံးပါ။ မွှေးလွန်းတာ ကောင်းလွန်းတယ်ဆိုတာ မသင့်ပါ။ ချွေးနဲ့ အညစ်အကြေး သန့်သွားဘို့သာလိုတယ်။ အပိုမလိုပါ။

၂။ Dry Skin Care အရေပြား သွေ့ခြောက်နေသူ

ပြောင်လက်မနေဘူး။ ခပ်ကြမ်းကြမ်း၊ ယားချင်ချင်၊ အဖတ်သေးသေးလေးတွေ ကွာနေမယ်။ မွေးညင်းပေါက်တွေကိုလဲ မြင်နေရတယ်။ အရေပြား အပေါ်ယံ (ဆဲလ်) တွေက ပုံမှန်မဟုတ်ဘဲ ကွာထွက်နေလို့ဖြစ်တယ်။ ပုံမှန်ဆိုရင် ကိုယ့်သဘာဝအဆီကနေ ဒီလိုမဖြစ်အောင် လုပ်ပေးနေပါတယ်။ ဒီလိုဖြစ်နေချိန်မှာ တနေ့ကို မျက်နှာ ၁-၂ ခါသစ်ပေးပါ။ ဆပ်ပြာရိုးရိုး၊ ဆပ်ပြာရည် မပြင်းတာကိုသာ သုံးပါ။ မျက်နှာသစ်ပြီးရင် အမွှေးအကြိုင်တွေ မပါ၊ အရက်ပြန် မပါတဲ့ Moisturizer လိမ်းပါ။ ရေနွေးနဲ့ ရေချိုးတာ များများ မလုပ်ပါနဲ့။ High temperatures အပူချိန်များတာ၊ Low humidity စိုထိုင်းမှု နည်းတာတွေကနေ ရှောင်ရှားပါ။ ဆပ်ပြာသုံးတာ၊ ဆေးကြောပွတ်တိုက်တာ မများပါစေနဲ့။ ဆောင်းရာသီမှာ ပိုဖြစ်တတ်တယ်။ ဒါဆိုရင် ရေခပ်နွေးနွေးမှာ မိနစ် ၂ဝ ကြာချိုးပါ။ ဆပ်ပြာ လျှော့သုံးပါ။ ခြောက်သွေ့အောင်လုပ်တာမျိုး မသုံးပါနဲ့။ ရေချိုးခန်းက ထွက်လာပြီးရင် ရေကို တဘက်သုံးပြီး ခြောက်စေပါ။ Mineral oil လိမ်းပေးပါ။ မွှေးတာတွေ မပါစေနဲ့။ အရက်ပြန်မပါတာ ရွေးသုံးပါ။

၃။ Oily Skin Care မျက်နှာအဆီပြန်နေသူ

ဝက်ခြံထွက်တတ်သူ ဖြစ်မယ်။ အပေါက်လေးတွေ ကျယ်နေတာ ရှိမယ်။ အလင်းရောင်မှာ ပြောင်နေပြီး ရောင်ပြန်ဟပ်နေမယ်။ Blackheads ခေါင်းနက်-ဝက်ခြံ၊ Pimples ဝက်ခြံပုန်းတွေ ရှိနေမယ်။ ဟော်မုန်းသတ္တိကြောင့် ဖြစ်နေတာပါ။ စိတ်ဖိအားများနေသလား လျှော့ပေးပါ။ လှချင်ရင် စာမေးပွဲ၊ လူမှုရေး တွေးမနေနဲ့။ တနေ့မှာ မျက်နှာ သုံးခါသစ်ပါ။ ဆပ်ပြာရိုးရိုးသာသုံးပါ။ ကျောင်းမှာ လုပ်ရတာဆိုရင် Cleansing pad သုံးနိုင်တယ်။ ဝက်ခြံပုန်းကို ညှစ်ဘို့ မလုပ်နဲ့။ အလှသုံးပစ္စည်းတွေဟာ Non-comedogenic ခေါ်တာဖြစ်ရမယ်။ အပေါက်လေးတွေကို မပိတ်စေတာမျိုး။ ဆံပင်ကလဲ အဆီမများအောင် ခေါင်းလျှော်ပေးပါ။

၄။ Normal/Combination Skin Care ပုံမှန် နဲ့ အဆီပြန် ရောနေသူ

နဖူး-နှာခေါင်း နဲ့ မေးတွေမှာ အဆီပြန်ပြီး ကျန်တာကခြောက်နေတာမျိုး။ T-Zone ခေါ်တယ်။ အပေါက်လေးတွေကျယ်၊ ခေါင်းနက်တွေ ရှိနေမယ်။ ပါးပြင်ကြမ်းနေမယ်။ ရာသီဥတုလဲ လိုက်ပြီး အနည်း-အများ မတူတတ်ဘူး။ တနေ့မှာ ၂-၃ ခါ မျက်နှာသစ်ပါ။ ရိုးရိုးဆပ်ပြာ၊ ရိုးရိုးရေသာသုံးပါ။ ခြောက်တဲ့နေရာကို Moisturizer သုံးပါ။ အဆီပြန်တဲ့နေရာချန်ထားပါ။

Best Practices နည်းလမ်း လေးသွယ်

ဆယ်ကျော်သက် မျက်နှာလေးတွေ လှပပြီး ကျန်းမာနေအောင် ရိုးရိုးနဲ့ ကောင်းတဲ့ နည်း (၄) မျိုး သုံးနိုင်ကြတယ်။

(၁) Cleanse သန့်ရှင်းရေး

အညစ်အကြေး၊ အဆီနဲ့ သေသွားလို့ ကွာကျနေတဲ့ (ဆဲလ်) တွေကို ဖယ်ရှား သန့်ရှင်းပေးဘို့ လိုတယ်။ မျက်နှာသစ်တာက အဲဒါတွေအပြင် ပိုနေတဲ့ အဆီကိုရှင်းပေတာမို့ ဝက်ခြံထွက်မှာကိုပါ တားဆီးရာကျတယ်။ အခုလို မျက်နှာအရေပြားမျိုး ရှိသူတွေ Salicylic acid ပါတဲ့ Cleanser မျိုးသုံးသင့်တယ်။ Acne washes လို့လဲခေါ်တယ်။ ဥပမာ Neutrogena products မျိုး။ Glycolic acid ပါတာသုံးရင် (ဆဲလ်) တွေ သေလို့ကွာကျတာတွေကို ဖယ်ရှားပေးတယ်။ Retinoid creams (Retin-A and Renova) ကို မကြိုက်သူတွေလဲ သုံးနိုင်တယ်။ သုံးမဲ့ပစ္စည်းထဲမှာ ဘာတွေပါသလဲ ဖတ်ပါ။ Waterproof mascara လိုမျိုး Eye makeup ဖယ်ဘို့ရာ မွှေးတာမပါတဲ့ အမျိုးအစားသာသုံးပါ။

(၂) Hydrate/Moisturize မျက်နှာစိုဆေး

ခြောက်နေတာအတွက် ရေဘဲလိုမယ်။ စိုစွပ်ချင်ရင် ဆီ နဲ့ ရေ လိုတယ်။ များသောအားဖြင့် မနက်တခါ၊ ညနေ တခါ။ (ခရင်မ်) တွေ ဆီတွေသုံးတာ ဘယ်တော့မှ များမသွားစေနဲ့။ ခြောက်နေတဲ့အရေပြားအတွက်သုံးမဲ့ Moisturizer ဟာ Oil-free ဆီမပါစေရဘူး။

(၃) Treat ကုသနည်း

မိန်းကလေးငယ် အတော်များများ ဝက်ခြံလိုဟာအတွက် အပိုလုပ်ပေးဘို့ လိုတတ်တယ်။ အပေါက်ငယ်တွေ ပိတ်နေရင် လုပ်ပေးရမယ်။ အဆီထွက်များရင်၊ အညစ်အကြေးနဲ့ ပိတ်နေရင် ဗက်တီးရီးယားတွေ ပျက်စီးနေတာတွေ အထဲမှာ အောင်းနေမယ်။ တခါတလေ ကိုယ်သုံးတဲ့ အလှသုံးပစ္စည်းတွေကြောင့်လဲ ဝက်ခြံကိုပိုဖြစ်စေတတ်တာ သတိထားပါ။ ဆံပင်ဆိုးဆေး၊ ဆံပင်လိမ်းဆီတွေကနေလဲ ဖြစ်စေနိုင်တယ်။ ဆပ်ပြာနဲ့ ဆပ်ပြာရည်တွေက အဆီကိုဖယ်ပေးတာ မှန်ပေမဲ့ အဆီထုတ်ပေးနေတဲ့ ဖြစ်စဉ်ကိုတော့ သက်သာပြောင်းလဲ မသွားစေနိုင်ဘူး။ အရေပြားကို ခဏခဏကုပ်တာ ဆိုးစေမယ်။

Benzoyl peroxide ပါတဲ့ဆေးကနေ နဖူး၊ နှာခေါင်းနဲ့ မေးဖျားနေရာတွေက တော်တော်တန်တန် ဝက်ခြံကို ညနေအချိန် တနေ့တခါ လိမ်းတာ ကောင်းတယ်။ Pimples ဝက်ခြံပုန်းတော့ မရဘူး။ ဆေးအသုံးများတာ မကောင်းပါ။ ဆေးလိမ်းများပြီး အနေရခက်သလိုဖြစ်ရင် မျက်နှာသစ်လိုက်ပါ။ နောက်နေ့ကျမှ Benzoyl peroxide ပြန်လိမ်းပါ။ ဒီဆေးက တလနေမှ အစွမ်းပြတာ သိသာတယ်။

(၄) Protect အကာအကွယ်

မျက်နှာကို ရေးခဲ့သလို သန့်စင်ပြီးတဲ့နောက် အကာအကွယ်လုပ်ပေးရမယ်။ ဘေးပတ်ဝန်းကျင်မှာ မသင့်တာ၊ မတည့်တာတွေ ရှိနေတယ်။ Moisturizer နဲ့ Foundation တွေဟာ Sunscreen SPF 15 အနည်းဆုံးရှိသင့်တယ်။ နေကောင်းကောင်း ထွက်နေချိန်တွေ နေရောင်နဲ့ ထိတွေ့တာကို ရှောင်နိုင်သမျှ ရှောင်ပါ။ Moisturize ကို ဘာလို့ သုံးရသလဲ။ ရေဟာ လူ့အသက်ဖြစ်တယ်။ အရေပြားရဲ့အသက်လဲဖြစ်တယ်။ အစိုဓါတ်က အောက်နေ အထက်ကို လာရတာဖြစ်တယ်။ ရေဓါတ်နည်းရင် အရေပြားခြောက်သွေ့နေမယ်။ Moisturize သုံးရတယ်။

ကိုယ့်အရေပြား အမျိုးအစားက ဘာဖြစ်နေနေ စိတ်တိုင်းမကျတာ ဖြစ်လာရင် ဆရာဝန်ပြပါ။ ဖြစ်နိုင်ရင် အရေပြား အထူးကု ပြပါ။ ရေးခဲ့တာတွေက တကမာ္ဘလုံးကစာဖတ်သူတွေအတွက် ခြုံရေးတာပါ။ မြန်မာပြည်သူတွေ အတွက်တော့ သဘာဝ သနပ်ခါးစစ်စစ် ထက်ကောင်းတာ မရှိပါ။ သခွါးသီးလို အသီးအနှံတွေသုံးတာကလဲ တံဆိပ် လှလှလေးတွေနဲ့ ဈေးကြီးကြီး ပေးရတာတွေထက် စိတ်ချရပါတယ်။

ဒေါက်တာတင့်ဆွေ

၂၁-၁၁-၂၀၁၄

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ