Shingles Vaccine နည်းနည်း နေမကောင်းကြပါ

မနေ့က ရှင်းဂဲလ်စ် ကာကွယ်ဆေး သွားထိုးကြရတယ်။ တခြားသူတွေက ဘယ်လိုအမည်ပေးထားသလဲ မသိပါ။ ကျွန်တော်ကတော့ ရှင်းဂဲလ်စ်ကို ဆင်ဖြူတော်ရေယုံလို့ အမည်ပေးထားတယ်။ ဘာမဆို နိုင်ငံရေး လုပ်ကြတာကို မတည့်ပါ။ ဘာမား-မြန်မာ၊ ဆင်ဖြူတော်။

ဒေါ်မြမြအေး အတွက်က ဒုတိယဒို့စ်၊ ကျွန်တော်က ပဌမဒို့စ် ထိုးရတယ်။ ကျွန်တော်က အတူတူဘဲထင်နေတာ။ မဟုတ်ဘူးတဲ့ သူတို့မှတ်တမ်းအရ ကျွန်တော်က မထိုးရသေးဘူးတဲ့။ 

ဒီတိုင်းပြည်မှာ ကိုယ့်နောက်ခံကို ကွန်ပြူတာစနစ်က ပိုသိတယ်။ ကွန်ပြူတာစနစ်ထဲကို အမှန်အတိုင်း ထည့်သွင်းထားမှသာ အမှန်။ ဒုတိယနိုင်ငံတွေကနေလာသူ အတော်များများက အမည်ရင်း မဟုတ်။ မွေးသက္ကရာဇ်မှန် မဟုတ်ကြပါ။ 

ကျွန်တော့အတွက်တော့ ၁၉၉၀ ခုနှစ်အကုန် တိုင်းပြည်ကနေ ထွက်ပြေးရကတည်းက ကိုယ့်အချက်အလက်မှန် (အမည်၊ အဖအမည်၊ အမိအမည်၊ ဇနီးအမည်၊ မွေးသက္ကရာဇ်တွေ) အားလုံးအတု။ အမေရိကားရောက်ရခြင်းရဲ့ အထူးခြားဆုံးအချက်က အမှန်ကို အမှန်အတိုင်းကို ပြန်သုံးခွင့်ရရှိခြင်းဖြစ်ပါတယ်။

မနေ့ နေ့လယ်မှာ ကာကွယ်ဆေးထိုးကြတော့ ဆေးဝင်တော့ နာတယ်။ ကိုဗစ်ကာကွယ်ဆေးတုန်းက မနာပါ။ တခြား တခြားကာကွယ်ဆေးတွေလည်း မနာပါ။

ကနေ့တော့ နှစ်ယောက်လုံး နည်းနည်းနေမကောင်းဖြစ်ကြတယ်။ ဖျားချင်တယ်။ လူကနုံးနေတယ်။ အစားတော့ မပျက်။ အိုင်ဘူပရိုင်ဖင် တပြားစီသောက်ပြီးပြီ။ မအိပ်ခင် ထပ်သောက်ရနိုင်တယ်။

ရှင်းဂဲလ်ရောဂါဟာ အသက်ကြီးသူတွေအတွက် အရေးကြီးတယ်။ ၆၀-၆၅ နှစ်အထက်တွေ ထိုးထားရမယ်။ လူကြီးတွေအတွက် လိုအပ်တဲ့ တခြားကာကွယ်ဆေးတွေအကြောင်းလည်း တင်ပြထားပါတယ်။ 

ဒီစာကို မြင်သူနည်းမယ်။ မြန်မာစာကိုသာ ရေးနေတဲ့ဆရာဝန်လို့ အပြစ်တော်တင်သူတွေက ဒီလိုစာမျိုးကို ကျော်လွှားသွားကြတယ်။

Shingles ရှင်းဂဲလ် ခေါ် ဆင်ဖြူတော်ရေယုံ https://dr-tint-swe.blogspot.com/2021/05/shingles.html

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ် ယားခြင်း

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ