Heroin ဘိန်းဖြူဇာတ်လမ်းတပုဒ်

ကနေ့ ဘိန်းဖြူစွဲနေသူတယောက်က မေးတယ်။ မေးခွန်းကို မထည့်တော့ပါ။ အရင်က အတော်မေးကြတယ်။

သို့ ဆရာတင့်ဆွေခင်ဗျာ။ ကျနော့်အသက်က ၂၈ နှစ်။ ကျနော့်နာမည်က ( - ) ပါ။ (  ) မြို့မှာနေပါတယ်။ လွန်ခဲ့တဲ့ ၁ဝ နှစ်လောက်က တက္ကသိုလ်တက်တုန်းအချိန်မှာ သူငယ်ချင်းအပေါင်းအသင်းများမှတဆင့် မူးယစ်ဆေးဝါး Heroin ကို စတင်ပြီးအသုံးပြုခဲ့ဖူးပါတယ်။ အသုံးပြုချိန် ၆ လလောက်ကြာပြီး မူးယစ်ဆေးဝါးကိုမည်သည့် ဆေးအကူအညီမှမပါပဲ ဖြတ်ခဲ့ပါသည်။ ထိုစဉ်အချိန်က မန္တလေး တွင်ကျောင်းတက်သည်ဖြစ်သဖြင့် Heroin ဝယ်ယူသုံးစွဲသည်မှာလည်း မန္တလေးတွင်သာဖြစ်သဖြင့် မိမိနေရပ် ပြန်ရောက်သည့်အခါ Heroin ဝယ်ယူသုံးစွဲရန်နေရာနှင့် အပေါင်းအသင်းလည်း မရှိသဖြင့် ပြတ်သွားခြင်းဖြစ်မည်ဟု ထင်ပါသည်။

လွန်ခဲ့သည့် ၅ လလောက်က အပေါင်းအသင်းများမှတဆင့် Heroin (ဘိန်းဖြူ) ကို ပြန်လည်သုံးစွဲခဲ့ပါသည်။ အစပိုင်းမှာတော့ ၂-၃ ရက်ခြားတခါသာဖြစ်ပြီး လွန်ခဲ့သည့် ၄ လလောက်မှစပြီး နေ့စဉ်သုံးစွဲခဲ့ပါသည်။ ဖြတ်ဖို့ ကြိုးစားသည်မှာ နှစ်ကြိမ်ရှိပါပြီ။ ဖြတ်သည့်အချိန်တွင် ဆေးဖြတ်ရာတွင်ခံစားရသည့် withdrawal symptoms များကို သက်သာလိုသည့်အတွက် သူငယ်ချင်းမှညွန်းသည့် Tramacap နှင့် Sedil ဆေးများကို သုံးစွဲခဲ့ပါသည်။ မသက်သာပါ။ ဖြတ်ပြီး ၂ ရက်အကြာတွင် ခံနိုင်ရည်မရှိသဖြင့် ပြန်လည်သုံးစွဲမိခဲ့ပါသည်။ ကျနော်သည် အိမ်ထောင်သည်ဖြစ်ပြီး သမီးလေးတယောက်လည်းရှိပါသည်။ ကျနော်၏အလုပ်မှာ တယောက်ထဲသာ လုပ်ရသည့်အတွက် ကျနော် ဖျားနာလျှင် လုပ်ငန်းများအားလုံး ရပ်တန့်သွားပါသည်။ ဆေးဖြတ်သည့်အချိန်တွင် ခံစားရသည့်ဝေဒနာများကြောင့် မည်သည့် အလုပ်များကို လုံးဝမလုပ်နိုင်ဖြစ်ရပါသည်။ ခံစားရသည့် ဝေဒနာများကို ခံနိုင်ရည်မရှိတာက တကြောင်း၊ မိသားစု ဝင်ငွေကြောင့် အလုပ်အပျက်မခံလိုသည့်အတွက်ကြောင့်တကြောင်း၊ ဖြတ်ပြီး ၂ ရက်အကြာတွင် ပြန်လည် သုံးစွဲခဲ့ပါသည်။ နောက်ပိုင်း ဆေးသုံးစွဲနေသည်မှာ မိမိလူကောင်းတဦးလို အလုပ်လုပ်လိုသည့်အတွက် သုံးစွဲနေခြင်းသာ ဖြစ်ပါသည်။ ခံစားရသည်များကို အတတ်နိုင်ဆုံး မခံစားရအောင် မည်သည့်ဆေးအကူအညီရယူရမည်၊ မည်သည့် အစားအသောက်များစားသုံးရမည်၊ မည်သို့ နေထိုင်ရမည်ကို အကြံပေးပါလို့ အနူးအညွတ်မေတ္တာရပ်ခံပါသည်ခင်ဗျာ။

ကျနော် Heroin သုံးစွဲပုံမှာ ဆေးလိပ်ခဲပြားတွင် ဆေးအမှုန့်ကိုထည့်ပြီး အောက်မှ မီးခြစ်အပူဖြင့် အငွေ့ကို ပါးစပ်မှတဆင့် ရှုသွင်းပါသည်။ ဆေးထိုးအပ်ဖြင့် တခါမှမသုံးစွဲဖူးပါ။ ဆေးသုံးသည့်ပမာဏမှာ လွန်ခဲ့သည့် ၂ လလောက်က တရက်လျှင် ပါနယ်စလင်တစ်ဗူး ဖြစ်ပါသည်။ ယခုလက်ရှိမှာတော့ တစ်ရက်လျှင် ပါနယ်စလင်ဗူးဝက်ဖြစ်ပါသည်။ ဆေးသုံးစွဲသည့် အချိန်မှာ မနက် ၈ နာရီဝန်းကျင် တခေါက်၊ နေ့လည် ၁၂နာရီဝန်းကျင် တစ်ခေါက်၊ ညနေ ၄ နာရီဝန်ကျင်တစ်ခေါက်၊ ည ၈ နာရီဝန်းကျင်တခေါက်ဖြစ်ပါသည်။ ပြီးတော့ methadone ကိုတော့ မညွန်းပါနဲ့ခင်ဗျာ။ မက်သဒုန်းကလည်း အစားထိုးဘိန်းသာဖြစ်သဖြင့် စွဲလမ်းမှု ဖြစ်ပေါ်မှာ ဆိုးသည့်အပြင် မက်သဒုန်းသွားရောက်သုံးသုံးချိန်တွင် လူသိမခံလိုသည့်အတွက် ဖြစ်ပါတယ်ဆရာ။

Heroin (ဟီရိုးယင်း) က (မော်ဖိန်း) ထက် အလေးချိန်တူရင် သတ္တိမှာ၂့၂ ဆ သာတယ်။ ပြောင်းရတာလဲ ရိုးရိုးဘဲ။ Acetic anhydride နဲ့ ရောစပ်ပြီး၊ သန့်အောင် လုပ်ပေးဘို့သာလိုတယ်။ (မက်စီကန်) နည်းမှာ Black tar Heroin အမည်းရောင် အဆင့်သာ ထုတ်တယ်။ ဒါ့ကြောင်လဲ အမေရိကန်မှာ ဆေးထိုးနည်းသုံးရာကနေ HIV ကူးစက်မှု တိုးလာတယ်။

ထိုးဆေးသမားတွေက Heroin မှုံ့ကို ရေနဲ့ဖျော်ပြီး၊ အသားထဲရော၊ အကြောထဲပါ ထိုးကြတယ်။ ၁ဝ မိနစ်မကြာခင် လူက Euphoria ရပြီး၊ ငြိမ်ကျသွားတော့တယ်။ IV ဆိုရင် ၇-၈ စက္ကန့်သာ ကြာမယ်။ စိတ်ထဲမှာ ကောင်းနေ၊ ကျေနပ်နေ၊ သာယာနေတယ်လို့ ဖြစ်ပေါ်လာတာပါ။ ဘိန်းသမားတွေမှာ ဘမ်းစကားလဲ ပေါလှတယ်။ ဘိန်းဖြူထိုးတာကို Slamming, Banging, Shooting up, Mainlining လို့ ခေါ်ကြတယ်။

သွေးကြောထဲထိုးသူတွေမှာ ဘိန်းဖြူရဲ့ဆိုးကျိုးတွေအပြင် ရနိုင်တဲ့အန္တရာယ်တွေများတယ်။ ဆေးစွဲခြင်း၊ HIV နဲ့ အသည်းရောင် ဘီပိုး၊ စီပိုး၊ ဗက်တီးရီးယားနဲ့ ဖန်းဂတ်စ် ကြောင့်ဖြစ်တဲ့ Endocarditis နှလုံးသားရောင်၊ သွေးပြန်ကြောမာကျော၊ ပြည်တည်နာ၊ ရောတဲ့ထဲမှာ ပါတာကနေ အဆိပ်သင့်၊ ရက်ရှည် ဝမ်းချုပ်၊ ဆေးပိုများစေချင်၊ ဒီလိုလုပ်နေရတာမျိုးကိုဘဲ စွဲလမ်းနေ၊ ကျောက်ကပ်အလုပ် ထိခိုက်။

ဘိန်းဖြူဖြတ်စခံစားရမယ့် လက္ခဏာတွေ

သာမန် လက္ခဏာတွေ = ပျို့၊ ဗိုက်နာ၊ ချွေးပြန်၊ ဂနာမငြိမ်၊ တုန်၊ စိတ်ဓါတ်ကျ၊ ကြွက်သားလှုတ်၊ ဒေါသထွက်၊ ချမ်း၊ နှာရည်ယို၊ မျက်ရည်ယို၊ ကြွက်သား + အရိုးတွေနာ။

အသင့်အတင့်ဆိုးတဲ့ လက္ခဏာတွေ = အန်၊ ဝမ်းလျှော၊ ဒေါသကြီး၊ ဂနာမငြိမ်ပိုဖြစ်၊ အာရုံစူးစိုက်မရ၊ အားယုတ်၊ ခြေလက်တုန်၊ ကြက်သီးထ။

ဆိုးတဲ့လက္ခဏာတွေ = စိုးရိမ်စိတ်ကဲ၊ အိပ်မရ၊ စိတ်ဓါတ်ကျ၊ သွေးတိုး၊ နှလုံးခုန်မြန်၊ ကြွက်သားတွေလှုတ်၊ သာယာမှုကိုခံစာဘို့ခက်ခဲ၊ အသက်ရှူမြန်၊ ဆေးတောင်း၊ ဆေးပြန်သုံးစွဲ။ အသက်အန္တရာယ်ရှိ။ သတ်သေချင်။

ဆေးစနစ်တကျဖြတ်ရင် ဆေးဖြတ်လက္ခဏာတွေက ၆-၁၂ နာရီမှာစတင်မယ်။ ၂-၃ ရက်မှာထိပ်ဆုံးရောက်လာမယ်။ စုစုပေါင်း ၅-၁ဝ ရက်ကြာမယ်။ အမေရိကားမှာ စာရင်းဝင်ဆေးဖြတ်နေသူပေါင်း ၅ သိန်းကျော်ရှိတယ်။ Buprenorphine (Suboxone) ဆေး၊ Methadone ဆေးနဲ့ Naltrexone ဆေးတမျိုးမျိုးကိုသုံးတယ်။ သုတေသနတွေအရ ၄ဝ-၆ဝ% အောင်မြင်တယ်။

Dr. တင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ