Pregnancy and Conception သန္ဓေတည်ခြင်း၊ ကိုယ်ဝန်ဆောင်ခြင်း

(ကန်တော့)
၂၀၁၂ ခုနှစ်ကတည်းကရေးထာတာဖြစ်ပါတယ်။
သမီးကို မေးခွန်းလေးနည်းနည်းမေးခွင့်ပြုပါဆရာ။
၁။ ကိုယ်ဝန် ၁၈ ပတ်မှာ ကလေး ခြေလက်အင်္ဂါ စုံ၊ မစုံနှင့် မ၊ ကျား သိရပါပြီလားရှင့်။
၂။ ကိုယ်ဝန် ၁၈ ပတ်မှာ ကလေးက ကိုယ်ဘက့်မှာ ဘယ်လောက် % လောက်ပါရှိပါပြီလဲရှင့်။
၃။ ကိုယ်ဝန်ဘယ်နှစ်လလောက်ဆိုရင် ဗိုက်ပူတာကို သိရပါလဲရှင့်။
အရွယ်ရောက်ပြီး အရွယ်မလွန်သေးတဲ့ မိန်းကလေးတယောက်မှာ လစဉ်လတိုင်း ရာသီလ အလည်ရက် လောက်မယ် မျိုးဥအိမ် တဖက်ဖက်ကနေ မ-မျိုးဥတခုတိတိ ထွက်နေမယ်။ ဒါကို မျိုးဥထွက်ခြင်းလို့ ခေါ်တယ်။ ခန့်မှန်းခြေပြောရရင် ရာသီစလာတဲ့နေ့ရဲ့ နောက် ၂ ပတ်အကြာမှာဖြစ်မယ်။
မျိုးဥအိမ်ကနေ ရင့်မှည့်နေတဲ့ မျိုးဥထွက်လာတာနဲ့ သားအိမ်ပြွန်ထဲကို အဖျားမှာ လက်ဝါးလိုနေတဲ့ အပေါက်ဝကနေ ဝင်လာမယ်။ အဲဒီခရီးအတွင်းမှာ (ဗဂျိုင်းနား-သားအိမ်) ကနေဝင်လာမဲ့ ကျားသုက်ပိုးနဲ့ တွေ့လိမ့်မယ်။ ယောက်ျားတယောက်ကနေ ဆက်ဆံမှုဖြစ်စဉ် အဆုံးတိုင်းမှာ သုက်ရည်တွေ ထွက်တယ်။ တခါထွက်တာထဲမှာ သုက် အကောင်ရေ သန်း ၄၀ ကနေ ၁၅၀ ပါနေမယ်။
အမျိုးသမီး ဗဂျိုင်းနားထဲမှာ အဲလို စွန့်ထုတ်-ပန်းထွက်မှု ဖြစ်တာနဲ့ သုက်ကောင်တွေဟာ သားအိမ်ဝကနေ သားအိမ်ထဲကို ရေကူးသလို တက်လာကြမယ်။ သူတို့က မ-မျိုးဥကို အငန်းမရ လိုက်ရှာနေကြတာ ဖြစ်တယ်။ အမြန်ဆုံး သုက်ပိုးဟာ နာရီဝက်သာ ကြာတယ်။ နှေးတဲ့ကောင်တွေက တရက်နဲ့ မရောက်နိုင်ဘူး။
အမျိုးသမီးကိုယ်ထဲမှာ သုက်ပိုးဟာ ၄၈ နာရီကနေ ၇၂ နာရီအထိ ရှင်နေနိုင်တယ်။ ပန်းတိုင်အထိ အရောက် ကူးလာနိုင်တဲ့ သုက်ကောင်ရေ ရာဂဏန်းလောက်သာ ရှိတယ်။
တခုတည်းသော သုက်ပိုးကနေ ရင့်သန်မှုရှိနေတဲ့ မျိုးဥထဲကို ထိုးဖေါက် ဝင်ရောက်တာနဲ့ သန္ဓေတည်ခြင်း ဒါမှမဟုတ် မျိုးစပ်ခြင်းဖြစ်စဉ် စတင်ပါတော့တယ်။
ဒီဖြစ်စဉ်က ၂၄ နာရီသာကြာတယ်။ ဒီအချိန်မှာ မျိုးဗီဇအသစ်ပုံဖေါ်မှု ပြီးဆုံးသွားပြီ ဖြစ်တယ်။ မွေးလာမဲ့ကလေးဟာ မိန်းကလေးလား၊ ယောက်ျားလေးလား သတ်မှတ်လိုက်ပြီ ဖြစ်တယ်။ စမ်းလို့တော့ မသိနိုင်သေးဘူး။
မျိုးဥထဲကို သုက်ပိုးတခု ဝင်ရောက်လာနိုင်တော့တဲ့နောက်မှာ မျိုးဥအဖုံးနံရံက ပြောင်းလဲလာမယ်။ နောက် သုက်ပိုးတွေ ထပ်ဝင်မလာစေတော့အောင်လုပ်တာ ဖြစ်တယ်။
ပေါင်းစပ်ပြီးသာမျိုးဥဟာ (ဆဲလ်) တခုထဲရှိရာကနေ ချက်ချင်း (ဆဲလ်) ကွဲဖြစ်စဉ် စတင်ပါတော့တယ်။ ၁ ခုထဲကနေ ၂ ခု၊ ၄ ခု၊ ၈ ခု၊ ၁၆ ခု စသဖြင့် ပွါးပွါးလာတယ်။ သားအိမ်ပြွန်ထဲမှာ စုစုပေါင်း ၃-၄ ရက်သာနေပြီး သားအိမ်ထဲ ဆင်းလာတယ်။ ဆင်းမလာဘဲနေရင် သားအိမ်ပြင်ပ-သန္ဓေတည်တာ ဖြစ်လိမ့်မယ်။
သားအိမ်ထဲကို ရောက်လာတာနဲ့ နေရာကောင်း လိုက်ရှာပြီး တွယ်ကပ်မယ်။ သားအိမ်-အတွင်းဆုံးလွှာ မှာ ဝင်ရောက် နစ်မြုပ်တွယ်ကပ်တာကို ခေါ်တယ်။
(ဆဲလ်) ပွါးဖြစ်စဉ်က ရပ်မနေဘူး။ များသထက် များလာမယ်။ သားအိမ်အတွင်းဆုံးလွှာမှာ နစ်မြုပ်တွယ်ကပ်တာ ဖြစ်ပြီးနောက် (ဆဲလ်) တချို့က အချင်း၊ (ဆဲလ်) တချို့က ကလေးဖြစ်လာကြတယ်။
ကိုယ်ဝန်ဆောင်တာနဲ့ ဟော်မုန်းတွေအမျိုးမျိုး အချိန်ကိုက်ထွက်လာမယ်။ သန္ဓေတည်ခြင်းဖြစ်စဉ် ပဌမပတ်မှာ အသစ်ထွက်လာတဲ့ အချင်းနဲ့ဆိုင်တဲ့ ဟော်မုန်းတမျိုးက (hCG) ဖြစ်တယ်။ ဒီဟော်မုန်း သွေးထဲ၊ ဆီးထဲ ပါနေတာကို သိအောင် စစ်နည်းနဲ့ ကိုယ်ဝန် ရှိနေ-မနေ စမ်းကြရတယ်။ အဖြေမှန်ရအောင် ၃-၄ ပတ်စောင့်ရတယ်။
၄ ပတ်ရှိရင် ဦးခေါင်း၊ လည်ပင်း၊ မျက်နှာ သိသာလာပြီ။ ကလေးရဲ့ နှလုံးဟာ ၅ ပတ်အကြာမှာ ဖြစ်လာတယ်။ ဦးနှောက်၊ ခါးရိုးထဲကအာရုံကြောကြီးတွေလဲ ဆက်တိုက်ဖြစ်ပေါ်လာတယ်။ အဆုတ်၊ အသဲ၊ အစာအိမ်၊ အူ စတာတွေဖြစ်လာမယ်။
၈ ပတ်ဆိုရင် သန္ဓေသားလို့ခေါ်နိုင်ပြီ။ အရွယ်အစားအားဖြင့် လက္မဝက်မက ရှိလာပြီ။ ပါးစပ်၊ နှာခေါင်း ပီပြင်လာပြီ။ ၄ဝ-၄၂ ပတ်အထိ ဆက်ကြီးထွားလိမ့်မယ်။
၁၂ ပတ်ရောက်ရင် ၂ လက္မရှိပြီ။ လှုတ်ရှားမှုစလာပြီ။ မခင်လောင်က မသိသေးဘူး။ ဗိုက်ကိုစမ်းရင် ဆီးစပ်ရိုးမှာ တခုခု ခံနေတာ (သားအိမ်အမြင့်ဆုံးနေရာ) ကိုစမ်းလို့ တွေ့နိုင်ပြီ။ ကရိယာနဲ့စမ်းရင် နှလုံးအလုပ်လုပ်နေတာ သိမယ်။ ကျား-မ ခွဲလို့သိမယ်။
၁၆ ပတ်ရှိရင် ၄့၃ ကနေ ၄့၆ လက္မရှိလာပြီ။ ၃့၅ အောင်စလေးနေပြီ။ ဗိုက်ကိုစမ်းရင် ဆီးစပ်ရိုးနဲ့ ချက်ကြားအထိ သားအိမ်က မြင့်တက်နေပြီ။
၂၀ ပတ်ဆိုရင် သားအိမ်အမြင့်က ချက်အောက်တည့်တည့်မှာရောက်လာပြီ။ ၆ လက္မရှိပြီ။ မအေက အထဲမှာ ကလေးလှုတ်တာ သိနိုင်ပြီ။ (အာလ်ထွာဆောင်း) ရိုက်တာကို အများအားဖြင့် ၂၀ ပတ်မှာ လုပ်တယ်။
၂၄ ပတ်ရှိရင် ၁့၄ ပေါင်လေးနေပြီ။
၂၈ ပတ်မှာ ၂ ပေါင် ၆ အောင်စလေးပြီ။ ကလေးက အထဲမှာ အနေအထား အမျိုးမျိုးပြောင်းနေမယ်။ အချိန်စောမွေးတာဖြစ်လာရင်လဲ ရှင်နိုင်စွမ်းရှိလာနေပြီ။
၃၂ ပတ်ဆိုရင် ၄ ပေါင်လေးပြီ။ အရေပြားပောက်မှာ အဆီစုလာရာကနေ အရေးအကြောင်းလေးတွေ ဖြစ်လာနိုင်ပြီ။
၃၆ ပတ် အကြောင်းခံ အမျိုးမျိုးကြောင့် ကလေးအရွယ်အစား အမျိုးမျိုးဖြစ်နိုင်တယ်။ ပျမ်းမျှ ၆ ပေါင်လေးပြီး၊ ၁၈့၅ လက္မရှည်မယ်။
၃၇ ပတ်ပြည့်တာကို ကိုယ်ဝန် အပြည့်သက်တမ်းလို့ ခေါ်နိုင်တယ်။ ANC မှတ်တမ်းမှာ ၄ဝ ပတ်ကို EDD ခန့်မှန်းခြေ မွေးမဲ့ရက်လို့ တွက်ပေးထားမယ်။ တကယ်မွေးမှာက ၃၈ ပတ်ကနေ ၄၂ ပတ် အတွင်း ဖြစ်မယ်။
(အာလ်ထွာဆောင်း) ရိုက်ရင် ပဌမ ၃ လအတွင်းမှာ ကလေး နှလုံးခုန်နေတာသိမယ်။ သိသာတဲ့ချို့ယွင်းချက်ရှိရင်သိမယ်။ ဥပမာ သားအိမ်ပြင်ပ သန္ဓေတည်ခြင်း။
ဒုတိယ ၃ လအတွင်းမှာ မွေးရာပါဦးနှောက်ရောဂါ (ဒေါင်း ဆင်ဒရုမ်း) ရှိရင် ၁၃-၁၄ ပါတ်မှာ သိမယ်။ အင်္ဂါချို့ယွင်းချက်တွေရှိရင် ၁၈-၂၀ ပါတ်မှာသိမယ်။ ကျား-မ သိမယ်။ ကျား-မ ကို အစောဆုံး ၁၁ ပါတ်မှာသာသိနိုင်တယ်။ ဒါပေမဲ့ ၂ဝ ရောက်မှသာသေချာတယ်။
ကိုယ်ဝန်ရှိရင် ၁၂ ပါတ် (၃ လ) ရှိမှသာ ဗိုက်ကနေ လက်နဲ့စမ်းရင်စသိမယ်။ ဆီးစပ်မှာ ဆရာဝန်-ဆရာမကနေ စမ်းတယ်။ မြင်တွေ့နေကြလူတွေက သတိထားမိမှာလဲ အဲဒီအချိန်ရောက်မှ သိမယ်။
(ကန်တော့)
Pros and cons of motherhood at different age groups | HealthShots
Dr. တင့်ဆွေ
၂၇-၁၂-၂၀၁၆

Comments

Popular posts from this blog

Allergic skin အရေပြား အလာဂျီ

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ