Swollen lymph nodes တက်စေ့ရောင်တာဖြစ်မယ်

ဆရာ မေးစေ့အောက်က ပါးစိယောင်(ရောင်)တယ်ဆိုရှိလားဗျ ဝမ်းချုပ်တက်(တတ်)ပါတယ် မကျည်းရည်သောက်နေပါတယ်ဗျ ကွမ်းစားလို့ အခုမေးစေ့အောက် ၂ဘက်လုံးယောင်(ရောင်)နေတာထင်တယ်ဗျ အဲ့ဆုံး ၂ခုလုံးက နာနေလို့ပါ မေ့စေ့အောက်ကိုစမ်းတော့လဲ အစိလေးတွေက နာတယ်ဗျ ကိုင်လိုက်ရင်

တက်စေ့ရောင်တာဖြစ်မယ်။ အဖြစ်များတယ်။ သက်ဆိုင်တဲ့တနေရာရာမှာ ရောင်ရမ်းတာဖြစ်လို့ တက်စေ့ဆီ ရောက်ပြီး ရောင်တယ်။ သွားနာ၊ လည်ချောင်းနာ၊ ထိခိုက်ဒဏ်ရာကနေရင်း၊ အနာပေါက်တာ၊ နားကိုက်တာ အစုံကနေ ဖြစ်တယ်။ ပင်ရင်းနေရာ ရောင်တာပျောက်ပေမဲ့ တက်စေ့က ကျန်နေတတ်တယ်။ ကြာရင် ပျောက်တယ်။ ကျန်နေတာလဲ ရှိတတ်တယ်။ အဲလိုဖြစ်တာတွေက ပိုးသေဆေးနဲ့ အရောင်ကျဆေးပေးတာနဲ့ ပိုးကင်းရှင်းသွားမယ်။

လည်ပင်းနဲ့ မေးအောက်မှာ အကျိတ်တွေ့ရင် ဖြစ်နိုင်တာ အမျိုးမျိုးရှိတယ်။ အဲတာက လင့်ဖ် ခေါ် တက်စေ့လေးတွေ ရောင်တာ ကြီးတာဖြစ်တယ်။ လူတိုင်းမှာ သွေးပြန်ရည်စနစ် ရှိတယ်။ အစေ့လေးတွေ တခုနဲ့ တခု အကြောတွေနဲ့ ဆက်နေတာ။ တကိုယ်လုံးလိုလိုမှာ ရှိတာ။ စုနေတဲ့ နေရာတွေ ရှိတယ်။ လည်ပင်းက တခုပေါ့။ မေးအောက်၊ ချိုင်းနဲ့ ပေါင်ရင်းတွေမှာလည်း ရှိတယ်။ ဒီစနစ်က ခံနိုင်အားအတွက် အသုံးကျတယ်။ မသင့်တာတခုခုဖြစ်ရင် နောက် ဒါမျိုး ထပ်မဖြစ်အောင် လုပ်ပေးတာမျိုးပြောတာ။ အစေ့တခုခု ရောင်နေတယ်ဆိုတာ ရောဂါတခုခု ရှိနေပြီးသားလို့ သိနိုင်တယ်။ ထိခိုက်မိတာ + ပိုးဝင်တာ + ကင်ဆာ တခုခုဖြစ်နိုင်တယ်။

သူ့အရည်ထဲမှာ သွေးဖြူဥတွေ၊ အူကလာတဲ့ အရည်နဲ့ သွေးနီဥ နည်းနည်းပါတယ်။ ရောဂါရနေရင် သူ့ထဲမှာ ပိုးတွေနဲ့ တခြားပစ္စည်း အင်တီဂျင်တွေပါနေလိမ့်မယ်။ နောက်ဆုံးမှာ သွေးပြန်ကြောထဲ ဝင်သွားကြတယ်။ ဘေလုံးဟာလည်း ဒါမျိုးဘဲ။ အာသီးလည်း မထူးဘူး။ အစေ့တွေထဲမှာ သွေးဖြဥတွေက ရောဂါပိုးတွေကိုပြီးစေနိုင်တဲ့ ခံနိုင်စွမ်း ထုတ်ပေးတယ်။

ပေါင်ခြံနဲ့ ချိုင်းမှာ လက္မဝက်လောက်သာရှိတဲ့ တက်စေ့လေးတွေ ရှိနေတာတော့ ကိစ္စမရှိပါ။ အအေးမိ-နှာစေးလို ဗိုင်းရပ်စ်ကြောင့် မဟုတ်ဘဲ ဗက်တီးရီးယားကြောင့်ဖြစ်တဲ့ လည်ပင်းနာ၊ အာသီးရောင်၊ အနာဖြစ်တာနဲ့ တွဲနေရင် ပဋိဇီဝဆေး Amoxicillin အမောက်ဆီစလင် အရင်ဆုံးပေးမယ်။ နာတာ-ရောင်တာ သက်သာအောင်လည်း Ibuprofen, Paracetamol ဆေး ပေးနိုင်တယ်။ ၂ ပတ်လောက်မှာ ပြန်ကောင်းသွားမယ်။ ဆက်မကြီးဘဲ သေးသေးသွားလိမ့်မယ်။ ရောင်-နာ-ကြီး နေတဲ့ တက်စေ့က အထဲမှာပြည်တည်ရင်တော့ ပြည်တည်နာဖြစ်လို့ခွဲရမှာပေါ့။

တက်စေ့ကြီးနေယုံကတော့ ပြဿနာမဟုတ်သေးပါ။ ၂ ပတ်ကျော်လာပြီ၊ လူကပိန်လာတယ်၊ ညပိုင်း ချွေးထွက်တယ်၊ အားယုတ်လာတယ်၊ ငွေ့ငွေ့အဖျားတာရှည်မယ်ဆိုရင် ဆရာဝန်ပြပါ။ တီဘီအကျိတ်ဖြစ်နိုင်တယ်။ ကြီးနေတဲ့အစေ့က မာနေတယ်၊ ကြီးလာတာလည်း မြန်မယ်၊ သူ့အနားက အရေပြားဖြစ်ဖြစ် အောက်ကိုဖြစ်ဖြစ် ကပ်နေလို့ ရွေ့-လှုတ် မရရင်၊ အစေ့ အထက်က အရေပြားက နီ-နာလာရင်၊ လည်ပင်းအခြေ၊ ညှပ်ရိုးနား ကပ်နေရင်၊ ဆေးစစ်ရလိမ့်မယ်။ ကင်ဆာကိုသံသယရှိရမယ်။

အစေ့တွေ ဘာလို့ကြီးလာသလဲ။ ရောဂါပိုးဝင်တာ။ ကင်ဆာ၊ Lymphoma, Leukemia သွေးကင်ဆာ။ စုံအောင်သာ ရေးပြတာပါ။ မေးတဲ့သူအတွက် မစိုးရိမ်ပါနဲ့။ ဓါတ်ပုံထဲကသူမှာ ရောဂါပိုးဝင်တာသာ ဖြစ်မှာပါ။ ပိုးအမျိုးအစားကိုတော့ သိဘို့ လိုလာပြီ။ အာဂန္တုလား၊ နာတာရှည်တည်းခိုနေတဲ့ရောဂါလား ခွဲခြားရတယ်။

Amoxicillin အမောက်ဆီစလင် https://dr-tint-swe.blogspot.com/2020/12/amoxicillin_28.html

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ