Smiling Faces အပြုံးဋီကာ

တယောက်နဲ့တယောက်တွေ့ရင် အပြုံးချင်းဖလှယ်ကြတာက အများစုပါ။ မသိလည်းပြုံးပြတာရှိတယ်။ ပြုံးနေတဲ့သဘောဟာ သဘောကျလို့ပါ။ နွေးထွေးစေတယ်။ နေသာထိုင်သာရှိစေတယ်။ နှစ်ခြိုက်စေတယ်။ အသံ စကားလုံးမပါပဲ အားရှိတဲ့ မက်ဆေ့ချ်ကိုပေးတယ်။ စိတ်လှုပ်ရှားမှုကို ဖေါ်ပြနိုင်တယ်။ အပြုံးမှာ ပါဝါရှိတယ်။

(က) Full-blown smile အပြည့်အဝပြုံးခြင်း 

သဘာဝကိုက အပြည့်အဝအပြုံးဖြစ်တယ်။ မပြည့်တာက တခုခုရှိတယ်။ သတိထားနေစရာမလို တမင်တကာ လုပ်ယူစရာမလိုဘူး။ အသံအထွက်သောရယ်ခြင်းဖြစ်တယ်။ မျက်စိဘေးကကြွက်သားတွေ၊ အရေးအကြောင်းတွေ အလုပ်လုပ်ရတယ်။ သွားပေါ်မယ်။ ပါးစပ်နှုတ်ခမ်းတွေ ဘေးကားလာမယ်။ နားရွက်ဖက်ဆီ ဦးတည်တယ်။ ကလေးမလေးတယောက်ကို သူကြိုက်တာလေးပေးတဲ့အခါ အဲလိုမျက်နှာဖြစ်မယ်။ အဲလိုအပြုံးကိုသာ နှလုံးသားထဲက လာတယ်လို့ မှတ်ယူကြတယ်။

(ခ) The hidden meanings of a smile အပြုံးနောက်ကွယ်မှာ ဘာရှိသလည်း

တကယ်လို့ အဲလို အပြည့်အဝပြုံးတာနဲ့အတူ ခေါင်းကလည်းနည်းနည်းလေး ငုံ့မယ်ဆိုရင် နှိမ့်ချရာကျတယ်။ ခေါင်းက နောက်လန်မယ်ဆိုရင် ဂုဏ်ယူရာကျတယ်။

(ဂ) Learn to read the message behind the smiles အပြုံးကို ဘယ်လိုဖတ်မလည်း 

ပြုံးတာကို ဦးနှောက်ကနေ ဆားကစ် ၂ မျိုးလုပ်ပေးတယ်။ ထိန်းပေးတာပါ။ ဆယ်ရီဘရယ် ကောတက်စ်ကနေ သတိရှိတဲ့ အပြုံးကို လမ်းညွှန်တယ်။ ဦးနှောက်အတွင်းနက်ရာနေရာတွေကနေ စိတ်လှုတ်ရှားမှုဖြစ်ပေါ်တာကို ထိန်းတယ်။

Smiles အပြုံးရှစ်မျိုး

၁။ The Drop-Jaw Smile မေးအောက်ကျအောင်ပြုံးရယ်ခြင်း

ရုပ်ရှင်မင်းသမီး မွန်ရိုးပုံနဲ့ နမူနာပြလေ့ရှိတယ်။ အောက်မေးကိုဆွဲချပြီး လေးနက်စေတယ်။ လူသိများသူတွေ ဆယ်လီဘရက်တီတွေ လူကြားသူကြားမှာပြုံးတာမျိုးဖြစ်တယ်။ ပရိတ်သတ်ကိုဆွဲဆောင်တာဖြစ်တယ်။ ပျော်ရွှင်မှုကို ပြတယ်။ ကိုယ့်ကိုယ်ကိုကာကွယ်မှုတာရိုး ကျိုးသွားတယ်

၂။ The Turn-Away Smile ပြုံးရင်းမျက်နှာလွှဲနည်း

ငယ်ရွယ်သူတွေပြုံးနည်းဖြစ်တယ်။ တီထွင်မှုသဘောပါတယ်။ ပျော်တာလည်းပါတယ်။ ပြုံးယုံကတော့ ကြိုဆိုတဲ့သဘော ဖြစ်ပေမယ့် မျက်နှာလွှဲသွားတာက ရှောင်တဲ့သဘောဖြစ်တယ်။ အရွယ်ရောက် အမျိုးသမီးတယောက်ကနေ အဲလိုပြုံးနည်း လုပ်ရင် တော်တော့ယောက်ျားက မလွန်ဆန်နိုင်ဘူး။ တနည်းအားဖြင့် တဖက်သားယောက်ျားကို ဖခင်ကနေ စောင့်ရှောက်ရမယ့်တာဝန်ရှိစေအောင် ဖိတ်ခေါ်ချက်ဖြစ်တယ်။ ရုပ်ရှင်မင်းသမီးတွေကလည်း ပရိတ်သတ်ဆီက အဲလို တုန့်ပြန်မှုကိုရချင်လို့ လုပ်တတ်ကြတယ်။ အရွယ်ကိုလည်းငယ်စေတယ်။ ဆွဲဆောင်မှုရစေနိုင်တယ်။

၃။ The Closed-Lip Smile ပါးစပ်နှုတ်ခမ်းပိတ်ပြီးပြုံးခြင်း

သွားတွေမပေါ်အောင် ပါးစပ်စေ့ထားပြီးပြုံးတယ်။ ကလေးတွေရော နိုင်ငံရေးသမားတွေပါ အဲလိုလုပ်တယ်။ သူ့နောက်ကွယ်မှာ တခုခုကို ဝှက်ထားတယ်။

၄။ The Forced Smile အတင်းပြုံးရခြင်း

သဘာဝအပြုံးမဟုတ်။ လုပ်ယူရတယ်။ သွးလည်းပေါ်အောင်လုပ်မယ်။ ပျော်စရာပါလို့လုပ်ပြနေတာ။ မျက်လုံးတွေက အလားတူဖြစ်မနေရင်တော့ အဲလိုလုပ်ပြနေတာသေချာတယ်။ အတုဖြစ်တယ်။

၅။ The Tight-Lipped Smile ပါးစပ်ပိတ်ပြီး အားရပါးရပြုံးခြင်း

ပါးစပ်ပိတ်ပြီး သွားလည်းမပေါ်အောင် အားရပါးရပြုံးတာဟာ စိတ်ထဲမှာရှိနေတာကိုကွယ်ထားတယ်။ အတွေးအမြင်ကို ဝှက်ထားတယ်။ သမတအိုဘားမား။ အမျိုးသမီးသာအဲလိုပြုံးရင် လက်မခံဘူးဆိုတဲ့သဘောဖြစ်တယ်။ ဒါမှမဟုတ် ထုတ်မပြောချင်တာကို ကွယ်ဝှက်ထားတာရှိမယ်။ အဖြေတခုဖြစ်တတ်တယ်။ မသိစရာတခုလည်းဖြစ်နိုင်တယ်။ မဂ္ဂဇင်းတွေမှာပါတဲ့ အောင်မြင်နေတဲ့စီးပွါးရေးသမားတွေကို အဲလိုတွေ့ရတတ်တယ်။

၆။ The Lopsided Smile တဖက်ဖက်ကိုပင့်တင်ပြီးပြုံးခြင်း

ပါးစပ်နှုတ်ခမ်းတွေမညီဘူး။ တဖက်ကအထက်တက်နေမယ်။ သူ့စိတ်လှုပ်ရှားမှုကတမျိုးမကဖြစ်နေတယ်။ တဖက်က အောက်ကျနေတယ်ဆိုတာ ဝမ်းနည်းစရာ၊ စိုးရိမ်နေတာကိုထင်ဟပ်စေတယ်။ အထက်ပင့်နေတဲ့သဘောက သူဟာ ခြိမ်းခြောက်မှုမလုပ်ဘူး။ စိတ်ဆိုးမနေဘူး။ ဟုတ်ကဲ့၊ ဒါပေမယ့်။

၇။ The Sneer (contemptuous or mocking) smile နှစ်လိုဘွယ်မရှိတဲ့အပြုံး

မျက်နှာအပြင်ဖက်က buccinators muscles ကြွက်သားတွေအလုပ်လုပ်တယ်။ ပါးစပ်အစွန်းတွေကို နားရွက်ဆီဆွဲယူမယ်။ ပါးကချိုင့်နေမယ်။ မရိုမသေသဘောဖြစ်တယ်။ စေတနာမဲ့တယ်။ ဥပမာ ရဲက ရာဇဝတ်မှုကို ဖေါ်ဖို့ခက်စေအာင်လုပ်ပြတာ ဖြစ်နိုင်တယ်။

၈။ The Genuine Smile အပြုံးအစစ်

မြင်ရတဲ့သူပါ ပြန်ပြီးပြုံးပြချင်စေအောင် ဖိတ်ခေါ်နေတယ်။ ရိုးသားမှုရှိတယ်။ အပြုံးက ကူးစက်တယ်။ ရယ်မောစရာတခု တွေ့တဲ့အခါ မျက်လုံးကိုဝိုင်းနေတဲ့ orbicularis oculi ကြွက်သားတွေက ဝိုင်းလာတယ်။ အပြုံးအစစ်မှာ zygomaticus major ခေါ်တဲ့ ပါးစပ်အစွန်းကနေ ပါးရိုးဆီဆက်နေတဲ့ကြွက်သားနဲ့ orbicularis oculi ကြွက်သားတွေပါ အလုပ်လုပ်ကြတယ်။

ကျွန်တော် အခုနေရတဲ့နိုင်ငံတွေမှာ လက်ဆွဲနှုတ်ဆက်တာ အရင်လောက်မလုပ်ကြတော့ပါ။ အလုပ်သဘောအရသာ လုပ်ကြတော့တာများလာတယ်။ ကူးစက်ရောဂါတွေကနေ နည်းစေအောင်လုပ်တယ်ထင်တယ်။ လူချင်းသိသိ မသိသိ ပဋိသန္ဓာရစကားတော့ မလွတ်တန်းပြောကြတယ်။ အဲတာမှာ ဗမာတွေထက်သာတယ်။ ဟယ်လို၊ ဟိုင်း၊ ဟောင်းဒူးယူဒူး စသဖြင့်။ သူတို့ယဉ်ကျေးမှုက ပြုံးရင် သွားပေါ်အောင်ပြုံးရတယ်တဲ့။ ကွမ်းစား၊ ဆေးငုံတဲ့ ကျွန်တော်တို့က သွားမလှတော့ ဂွကျတယ်။

ဒေါက်တာတင့်ဆွေ

၈-၈-၂၀၁၅

Comments

Popular posts from this blog

Daflon 500 mg လိပ်ခေါင်းဆေး

Vaginal itching မိန်းမကိုယ် ယားခြင်း

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ