Birth control methods for breastfeeding mothers နို့တိုက်မိခင်တွေအတွက် ကိုယ်ဝန်တားနည်းများ

(ကန်တော့)

၁။ ဆရာမင်္ဂလာပါရှင့် ကျွန်မ မီးဖွားတာ ရက်တရာကျော်ပါပြီ။ ရာသီမဆင်းသေးလို့ စိုးရိမ်ရပါသလားရှင့်။ ပြီးတော့ ကျမ ဘာတားဆေးမှမသုံးရဘဲ အိမ်ထောင်ကျပြီး ခလေး တန်းရတာဆိုတော့ ဘယ်လိုတားဆေးမျိုးနဲ့ အဆင်ပြေမလဲရှင့်။ အသက်က ၃ဝ ပါ။ ရာသီမဆင်းသေးဘဲ တားဆေးသုံးလို့ရပါသလားရှင့်။ နို့တိုက်နေရတော့ ထိခိုက်နိုင်လားလို့လဲ စိုးရိမ်လို့ပါဆရာ။ 

ကလေးလို့ရေးရတယ်။ ကလေးထပ်ရမှာစိုးလို့ လို့ရေးရတယ်။

၂။ ဆရာမေးရတာအားတော့နာပါတယ်။ ကျွန်တော့အမျိုးသမီးက အသက်၂၉ ပါ။ ဒုတိယကလေးမွေးပြီး ၄၅ ရက်ပြည့်ပါတော့မယ်။ ၄၅ရက်ပြည့်ရင်တားဆေးသုံးဖို့အတွက်က ထိုးဆေးဆိုရင်အ မျိုးသမီးနဲ့မတည့်လို့ပါဆရာ။ သောက်ဆေးသောက်လို့ရနိင်မလားဆရာ။ နို့တိုက်မိခင်ဆိုတော့ ဘေးထွက်ဆိုးကျိုးရှိမှာဆိုးလို့ပါ။ ကျေးဇူးပြုုပြီးဖြေကြားပေးပါဆရာ။

ဘေးထွက်ဆိုးကျိုးရှိမှာစိုးလို့ပါ လို့ရေးရတယ်။ 

ကလေးနို့တိုက်နေတုံးမှာ တားနည်းရွေးရမယ်။ ရွေးတာမမှန်ရင် နိုထွက်နည်းစေတယ်။ ကလေးကိုနို့တိုက်နေခြင်းဟာ သဘာဝတားနည်းဖြစ်တယ်။ ၆ ပတ်အထိလို့ ကိုယ်ဝန်မရအောင် အတူနေနိုင်တယ်။ တချို့အမျိုးသမီးတွေက အနာကျက်တာမြန်ကြလို့ မွေးပြီး ၂ ပတ်မှာ အတူနေနိုင်တဲ့အထိ ကောင်းလာနေသူတွေရှိတယ်။ တချို့က ၄ ပတ်နေရင် အဆင်သင့်ဖြစ်ကြပြီ။ ကာယကံရှင်ကိုယ်တိုင်ကလည်း အဆင်သင့်ဖြစ်ပြီဆိုတာ သိသူတွေရှိပါတယ်။ 

(၁) ကွန်ဒွမ်၊ ယောက်ျားသုံးနဲ့ မိန်းမသုံးရှိတယ်။ 

(၂) IUD/IUCD သားအိမ်ထဲပစ္စည်းထည့်နည်း။ အများစုက ၅ နှစ်တခါအသစ်လဲရတယ်။ Mirena, ParaGard ကို ၁ဝ-၁၂ နှစ် ထည့်ထားနိုင်တယ်။ 

(၃) Depo-Provera ဒီပိုထိုးဆေး။ ၃လ တခါထိုးရမယ်။ သတိထားဘို့က ရာသီနည်းမယ်။ တချို့ရာသီမလာဘူး။ စိုးရိမ်စရာတော့မဟုတ်ပါ။ အရိုးပါးတာ သူများထက်ပိုတယ်။ လူဝစေနိုင်တယ်။ လိင်စိတ်နည်းသူလည်းရှိတယ်။ 


(၄) Implants (အင်မ်ပလန့်) အရေပြားအောက်ထည့်ထားရတဲ့ ဆေးချောင်း။ ၃ နှစ်အထိထားနိုင်တယ်။ Implanon (အင်ပလန်နွန်)။ (ဒီပို) ထိုးဆေးလို ဘေးထွက်ဆိုးကျိုးတွေရှိနိုင်တယ်။


(၅) Mirena သားအိမ်ထဲပစ္စည်းက ဟော်မုန်းတမျိုးကို နည်းနည်းချင်းထုတ်ပေးနေတယ်။ ၅ နှစ်အထိထည့်ထားနိုင်တယ်။


(၆) Minipill ကိုယ်ဝန်တားအသေးစားဆေးပြားမှာ ဟော်မုန်းတမျိုးတည်းပါတယ်။ စားဆေးနာမည်အမျိုးမျိုးရှိတယ်။

- Aizea (desogestrel)

- Cerazette (desogestrel)

- Cerelle (desogestrel)

- Exluton

- Nacrez (desogestrel)

- Micronor (norethisterone)

- Noriday (norethisterone)

- Norgeston (levonorgestrel)

- Nor-QD (norethindrone)

- Micronor (norethindrone) 

- Zelleta (desogestrel)

ရာသီစဆင်းတဲ့ရက်ကနေစပြီး တနေ့ ၁ ပြားသောက်ပါ။ နေ့တိုင်း သောက်နေကျအချိန်မှာ အချိန်တူသောက်ပါ။ ဆေးကပ်တခု ကုန်ရင် နောက်ကပ်သစ်တခု စသောက်ပါ။ တချို့မှာ (၃၅) ပြားပါတယ်။ ရာသီက ၂ လမှ တခါသာ လာမယ်။ ကိုယ်ဝန်ပျက်-ဖျက်သူတွေလဲ သွေးဆင်းတဲ့ ပဌမရက်နေ့မှာ ဆေးပြားစသောက်ပါ။ ကလေးနို့တိုက်နေချိန်လဲ သောက်နိုင်တယ်။ ဆေးဖြတ်တာနဲ့ ကလေးပြန်ရဘို့ လွယ်တယ်။ ဆေးလိပ်သောက်သူ၊ အသက် ၃၅ နှစ်ကျော်သူတွေလဲ သောက်နိုင်တယ်။ နှလုံးရောဂါရှိသူတွေအတွက် စိတ်ချနိုင်တယ်။ 

ဘေးထွက်ဆိုးကျိုးတွေ = ဆေးစသောက်ကာစ အစောပိုင်းလတွေမှာ ရာသီမမှန်တာ ဖြစ်နိုင်တယ်။ တချို့ နည်းတယ်။ တချို့ များတယ်။ ရာသီမလာဘဲနေတာလဲ ဖြစ်နိုင်တယ်။ တလအထိနောက်ကျသွားရင် ဆရာဝန်ပြပါ။ အသားဝါဖြစ်လာရင် ဆရာဝန်ပြပါ။ ဝက်ခြံထွက်မယ်၊ ပျို့ချင်မယ်၊ ခေါင်းကိုက်မယ်၊ ရင်သားတင်း-နာမယ်၊ ဒါတွေကလဲ စောစောပိုင်း လတွေမှာသာ ဖြစ်လေ့ရှိတယ်။ လူက ဝလာနိုင်တယ်။ ဟော်မုန်း ၂ မျိုးတွဲဆေးလောက် ကိုယ်အလေးချိန် မတက်ဘူး။ နောက်ပိုင်းမှာတော့ ဆက်မတိုးတော့ဘူး။ ဆီးချိုရှိနေသူတွေ သတိထားပေးရမယ်။ ဆီးချိုက်ို အထိန်းရခက်နိုင်တယ်။ ကိုယ်ရောင်တာ ဖြစ်စေနိုင်လို့ နှလုံးရောဂါ၊ ကျောက်ကပ်ရောဂါ၊ အတက်ရောဂါ၊ (မိုင်ဂရင်း) ရောဂါ၊ သွေးတိုး၊ ပန်းနာ ရောဂါရှိသူတွေက သတိထားသောက်ရမယ်။ ဆေးသောက်ကာစ ပဌမတနှစ်မှာ ၃ လတကြိမ် ဆေးစစ်သင့်တယ်။ နောက်ပိုင်း ၆ လတခါစစ်သင့်တယ်။ လိင်စိတ်နည်း၊ စိတ်မူပြောင်း၊ စိတ်ဓါတ်ကျ၊ ၁ဝဝ မှာ ၁ ယောက်ကနေ ၁၃ ယောက်အထိ ပဌမ ၁ နှစ်အတွင်းမှာ ကိုယ်ဝန်ရတာတွေ့ရတယ်။ ဟော်မုန်း ၂ မျိုးတွဲထက် ဒီလိုဖြစ်တာ ပိုများတယ်။ တကယ်လို့ ကိုယ်ဝန်ရလာရင် သိဘို့ခက်တတ်တယ်။ ကံမကောင်းရင် သားအိမ်ပြင်ပမှာ သန္ဓေတည်နိုင်တယ်။ Functional ovarian cysts မျိုးဥအိမ်အကျိတ် ဖြစ်နိုင်တယ်။ အဲတာမျိုးက မခွဲဘဲလည်း ပျောက်နိုင်တယ်။ 

ဟော်မုန်း ၂ မျိုးတွဲနဲ့ အတူတူထိရောက်တယ်။ နည်းနည်းလေးတော့နည်းတယ်။ အချိန်တူသောက်ဘို့၊ ရက်မပျက်ဘို့ ပိုလိုတယ်။ ကလေးနို့တိုက်နေသူတွေမှာ ၆ လ အတွင်းသောက်ရင် ၁ဝဝ% ကိုယ်ဝန်မရဘူး။ ကလေး နို့မတိုက်နေသူတွေမှာ ၉၉့၅% ကိုယ်ဝန်မရဘူး။ ဆေး ၂ မျိုးတွဲ ၉၉့၇-၉၉့၉% မရစေဘူး။ ဆေးတရက်ပျက်လို့ ကိုယ်ဝန်ရလမ်းက ၂ မျိုးတွဲထက်ပိုမယ်။ ကလေးမွေးထားပြီး ကလေးကိုလဲ နို့အပြည့်အဝတိုက်နေမယ် ရာသီလဲ ပြန်မပေါ်သေးရင် ၆ လအထိ၊ ကလေး မွေးထားပြီး ကလေးကို နို့မတိုက်ရင် ၂၁ ရက်အထိ ကိုယ်ဝန်ရလမ်း အလွန်နည်းတယ်။

ရာသီတလ သွေးစဆင်းတဲ့ရက်ကနေ စသောက်တာ အကောင်းဆုံးဖြစ်တယ်။ ဆေးသောက်အပြီး ၄-၂၂ နာရီအတွင်းမှာ သားအိမ်အဝအချွဲ စေးပျစ်တာက အများဆုံးအချိန် ဖြစ်လို့ မနက်ခင်း ဆေးသောက်ပြီး ညမှာအတူနေတာ အကောင်းဆုံး အစီအစဉ်ဖြစ်တယ်။ ရာသီစလာတဲ့ရက်မှာ စသောက်ပေမဲ့ ရာနှုန်းပြည့် သေခြာအောင် ဆေးစသောက်ပြီးနောက် ၄၈ နာရီအတွင်း အတူနေရင် (ကွန်ဒွမ်) သုံးပါ။ ဆေးသောက်ချိန်ထက် ၃ နာရီ နောက်ကျသွားရင် ၄၈ နာရီအတွင်း အတူမနေပါနဲ့။ နေဖြစ်ရင် အရေးပေါ်တားဆေးသောက်ပါ။ တရက်နောက်ကျသွားရင် နောက်ရက်မှာ ဆေး ၂ လုံး တခါတည်း သောက်ပါ။ ၄၈ နာရီ အတူမနေပါနဲ့။ ဒါမှမဟုတ် (ကွန်ဒွမ်) သုံးပါ။ ဆေးတကပ်ကုန်တာနဲ့ ရာသီ လာလာ-မလာလာ၊ နောက်ဆေးတကပ် ဆက်သောက်ပါ။ အတူမနေဖြစ်သေးလဲ ဆက်သောက်ပါ။ ၁-၇ ရက်အထိ ဆေးသောက်တာ နောက်ကျသွားရင် (ကွန်ဒွမ်) သုံးပါ။ ဆေးသောက်ပြီး ၂ နာရီအတွင်း အန်ရင် နောက် ၁ လုံးသောက်ပါ။ ဟော်မုန်း ၂ မျိးတွဲဆေးကနေ ဒီအမျိုးအစားကို ပြောင်းချင်ရင် (ဟော်မုန်းပါ) အရင်သောက်ရတဲ့ဆေးပြား သောက်နေတုံးမှာ ချက်ချင်းပြောင်းသောက်ပါ။ St. John's Wort တိုင်းရင်းဆေး၊ Rifampin တီဘီဆေး၊ Griseofulvin ပွေး-မှိုဆေး၊ Phenobarbitone, Phenytoin, Primidone, Carbamazepine, Dichloralphenazone အတက်သက်သာဆေး၊ HIV ဆေးတချို့၊ ပဋ္ဋိဇီဝဆေးတချို့့တွေနဲ့ တွဲမသောက်သင့်ပါ။ ကလေးလိုချင်လို့ ဆေးရပ်ချင်ရင် ဆေးကပ်မကုန်သေးလဲ ရပ်လိုက်နိုင်တယ်။ ၂၄ နာရီအတွင်း ကိုယ်ဝန်ရနိုင်တယ်လို့ ထင်မှတ်ထားရမယ်။ ရက်လဲမှတ်လို့ လွယ်အောင် ရာသီမှန်စေပြီးမှ ကလေးယူသင့်တယ်။ 

ဒီလိုအမျိုးသမီးတွေ မသောက်သင့်ပါ = အပျိုဖြစ်ကာစ ရာသီရက်မမှန်သေးသူတွေ၊ Thrombophlebitis, Thromboembolic processes သွေးပြန်ကြောရောဂါရှိသူ၊ အသည်းမကောင်းသူ၊ မွေးလမ်းကနေ ဘာလို့မှန်းမသိဘဲ သွေးဆင်းနေသူ၊ ရင်သားကင်ဆာ ရှိနေသူ၊ ရှိဘူးသူ။

တားဆေးတားနည်း တခုချင်းအကြောင်းတွေကို သပ်သပ်စီရေးထားပါတယ်။ (ဘလော့ခ်) မှာရှာဖတ်ပါ။ ဒါမှမဟုတ် မေးခွန်းစည်းကမ်းနဲ့အညီ မေးနိုင်ပါတယ်။

ဒေါက်တာတင့်ဆွေ

၁၉-၉-၂၀၁၆

Comments

Popular posts from this blog

Allergic skin အရေပြား အလာဂျီ

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ