Puberty မိန်းကလေး အရွယ်ရောက်ပြီ

(ကန်တော့)

၁။ ပုံမှန် အပျိုဖြစ်တဲ့အသက်အရွှယ်(အရွယ်)လေး ပြောပြပါ။ (ရရစ်မပါတဲ့ ဖစ်ကိုပြင်လိုက်ပါတယ်။ ဆောရီး)

၂။ ဘယ်အသက်အရွယ်ကို အပျိုဖြစ်စောတယ်လို့ ခေါ်ပါသလဲဆရာ။

၃။ ပုံမှန် အပျိုဖြစ်သင့်တဲ့ အသက်အရွယ်က မျိုးရိုးနဲ့သက်ဆိုင်ပါသလား 

အရွယ်ရောက်တာကို တိတိကျကျပြောရရင် ရုပ်ပိုင်းဆိုင်ရာ ရင့်ပြည့်လာတာကိုဆိုလိုတာ ဖြစ်ပြီး၊ စိတ်ပိုင်းနဲ့ လူမှုဆက်ဆံရေးပိုင်းပြောတာ မဟုတ်ပါ။ ဆယ်ကျော်သက်အရွယ်ကြတော့ စိတ်ပိုင်းနဲ့ ဆက်ဆံရေးပိုင်းတွေက လူကြီးအရွယ်မတိုင်ခင် ကြားကာလကိုခေါ်တာ ဖြစ်တယ်။

လူပျိုဖြစ်လာတာ အပျိုဖြစ်လာတာအားလုံး ဟော်မုန်းပါဘဲ။ ကျားဟော်မုန်းကို တက်စတိုစတီရုန်းခေါ်ပြီး၊ မ-ဟော်မုန်းကို အီစထိုဂျင်ခေါ်တယ်။ ကျားရော မ ပါ၊ လိင်ဟော်မုန်း နှစ်မျိုးလုံး ရှိကြတာချည်းဘဲ။ အနည်းအများသာ ကွာတယ်။ တခုခုကကဲနေရင် အသွင်သဏ္ဌာန်ရော၊ စိတ်ပိုင်းပါ မတူတာတွေဖြစ်တယ်။ တယောက်ထဲမှာတောင် အရွယ်မတူရင် ပြောင်းလဲ သွားတယ်။ အပြင်ကနေ ဟော်မုန်းပေးရင်လည်း ပြောင်းစေသေးတယ်။

အသက် ၁၀ နှစ်ကနေ ၁၈ နှစ်အတွင်းမှာ လူပျိုပေါက်၊ အပျိုပေါက်ဖြစ်စဉ်တွေ ဖြစ်လာတယ်။ အရပ်ရှည်ကာ၊ လူထွားလာချိန်မှာ ဦးနှောက်က အထာမကျသေးတဲ့ အတွေ့အကြုံမျိုး ခံစားရတယ်။ စိတ်ပိုင်းအပြောင်းအလဲမှာ ကြမ်းတမ်းစိတ်ဖြစ်လာတယ်။ ရန်ဖြစ်ချင်လာတယ်။ မိန်းကလေးတွေက စောပြီးအရွယ်ရောက်တယ်။ ယောက်ျားလေးတွေက ၁၂ နှစ်၊ မိန်းကလေးက ၁၀ နှစ်လို့ ပြောနိုင်ပြီး၊ ပြည့်စုံတာကလည်း ၁၆-၁၈ နှစ် နဲ့ ၁၅-၁၇ နှစ်လို့ ကွာတယ်။ 

ဆီးစပ်မွေးပေါက်တာက မတူကြဘူး။ ယောက်ျားလေးတွေမှာ လိင်တံအခြေနဲ့ ကပ်ပဲ့အိတ်မှာ စပေါက်ပြီး၊ နောက် လိင်တံအောက်၊ ချက်ဆီအထိ ပေါက်တယ်။ ပေါင်မှာလဲ ပေါက်တယ်။ အရိုးတွေကလည်း ယောက်ျားတွေက ပိုလေးလံတယ်။ ကြွက်သားမှာ ယောက်ျားက ၂ ဆပိုတယ်။ အဆီလည်း ၂ ဆ။ ပခုံးရိုးနဲ့ မေးရိုးတွေ ကြီးထွားတာမှာလည်း ပိုတယ်။ လူကြီးအရွယ်တွေကို ယှဉ်ရင် ကိုယ်ခန္ဓာထုထည်မှာ ယောက်ျားတွေက မိန်းမတွေရဲ့ ၁၅ဝ% နဲ့ အဆီက ၅ဝ% ရှိတယ်။

မိန်းကလေးမှာ ပဌမဆုံးထူးခြားတာက ရင်သားထွားလာတာပါ။ စစခြင်း အရောင်ရင့်တဲ့ နို့သီးဝိုင်းအောက်မှာ မာတင်းတင်း အစိုင်အခဲလေး ဖြစ်လာတယ်။ တဖက်ချင်းလဲ ဖြစ်တတ်တယ်။ ပျမ်းမျှ ၁ဝ နှစ်ခွဲသမီးမှာ ဖြစ်တယ်။ နောက် ၆ လ၊ ၁ နှစ်မှာ ပြော့တဲ့ အစိုင်အခဲဟာ နို့သီးဝိုင်းအပြင်ဘက်ကနေ ပေါ်လာတယ်။ နို့သီးဝိုင်းက ပန်းရောင်၊ အညိုရောင် မတူကြဘူး။ အပျိုစစ်နေသ၍ ကိုယ်ဝန် မဆောင်ဘူးသေးချိန်အထိ ထိပ်ဖျားမှာ ပန်းရောင်လေး ရှိနေရမယ်။ အရွယ်အစား၊ ပုံပန်း၊ အတော်မတူကြဘူး။ အများစုက ဘယ်ဘက်ကပိုပြီး အရွယ်ကြီးတယ်။

ဆီးစပ်မွေးပေါက်လာတာက မိန်းကလေးတွေရဲ့ ဒုတိယအပြောင်းအလဲဖြစ်တယ်။ မအင်္ဂါနှခမ်းသားဘေးကနေ စတယ်။ နုနု-ဖြောင့်ဖြောင့်လေးတွေက နောက်မှာ ကြမ်းပြီး ကောက်ကွေးလာတယ်။ ပေါက်တဲ့ နေရာတွေပါ ကျယ်ကျယ်လာတယ်။ ၁၅%သော မိန်းကလေးတွေမှာ ရင်သားဖွံ့ထွားတာထက် ဒီအမွေးပေါက်တာက ပိုစောတတ်တယ်။ မိန်းမကိုယ်မွေး မိန်းကလေးတွေမှာ အများအားဖြင့် တရိဂံစောက်ထိုးပုံနဲ့ ယောက်ျားတွေမှာ တရိဂံအတည့်ပုံ ဖြစ်တယ်။ လူမျိုးအလိုက်၊ မျိုးရိုးအလိုက်တော့ ကွာတယ်။ ဆီးစပ်မွေးနဲ့ ဆံပင်အရောင်၊ ချိုင်းမွေးအရောင် အတူတူ ဖြစ်ခြင်မှ ဖြစ်မယ်။

ဗဂျိုင်းနား ခေါ် မွေးလမ်းကြောင်းကို ဖုံးနေတဲ့ အရေပြားနုက ပိုထူလာတယ်။ အရင်ခပ်ရဲရဲကနေ ပန်းရောင်ခပ်မွဲမွဲ ဖြစ်လာတယ်။ စွပ်စိုမှုလည်း ရှိတာတယ်။ သားအိမ်နဲ့ မျိုးဥအိမ်တွေက အရွယ်ပိုကြီးလာတယ်။ ရာသီစဆင်းလာတယ်။ သားအိမ် အတွင်းဆုံးအလွှာက လအစမှာ ပါးရာကနေ ထူလာပြီး၊ နောက်ဆုံး ပျက်စီးသွားလို့ ထွက်တဲ့သွေးနဲ့ တစ်ရှူးအပျက်အစီးတွေ ဖြစ်တယ်။ ပျမ်းမျှ ၁၁့၇၅ နှစ်အရွယ် ဖြစ်တယ်။ ဖြစ်စ အရွယ်မှာ ရာသီဆင်းတာက တလ တခါရယ်လို့ မမှန်သေးဘူး။ မျိုးဆက်ပွါးနိုင်စွမ်းရှိလာတာ ဖြစ်တယ်။ ကိုယ်ဝန်ဆောင်နိုင်လာတာကို ပြောတာပါ။ အဲဒါက မျိုးဥအိမ်ကနေ မျိုးဥထွက်နိုင်စွမ်းရှိလာမှ ဖြစ်ပါတယ်။ ပဌမ ၁ နှစ်မှာ ၈ဝ% မိန်းကလေးတွေမှာ မျိုးဥ မထွက်ဘဲ ရာသီးသာဆင်းတယ်။ ၅ဝ%က ၃ နှစ်အထိ ဒီလိုဘဲ။ ၆ နှစ်အထိကြာတာတောင် ၁ဝ% မိန်းကလေးတွေမှာ မျိုးဥမဲ့ ရာသီဖြစ်ကြတယ်။ ဥမတွက်ရင် ကိုယ်ဝန်မရနိုင်သေးပါ။

မိန်းကလေး အရွယ်ရောက်ချိန်က သွေးဆုံးချိန်လိုဘဲ၊ မျိုးရိုးလိုက်နိုင်တယ်။ အစာအာဟာရ ကနေလည်း လွှမ်းမိုးနိုင်တာက မိန်းကလေးတွေမှာ ပိုဖြစ်တယ်။ တနေ့တာ စားတဲ့ထဲကနေ ပိုနေတဲ့ ကယ်လိုရီတွေကို အဆီစုထားလို့ပါ။ ဝတဲ့သူ၊ အားကစားလေ့ကျင့်ခန်း၊ မလုပ်သူတွေ အပျိုဖြစ်စောတယ်။ နာတာရှည်ရောဂါရှိနေရင် နောက်ကျတယ်။

ယောက်ျားမှာ မိန်းမနဲ့ မတူတာတွေထဲမှာ အမွေးပေါက်ပုံပါတယ်။ မျက်နှာမှာ အမွေးပေါက်တာ ယောက်ျား။ ပေါင်ရှေ့ပိုင်း ကြွက်သား ယောက်ျားမှာ ပိုသန်မာတယ်။ ပေါင်နောက်ပိုင်းက ပိုသန်မာတာက မိန်းမ။ လည်စေ့က ယောက်ျားမှာသာ ရှိတယ်။ ရင်ပတ်ကားတာ၊ ပခုံးကျယ်တာ ချွေးပိုထွက်တာ၊ ဝက်ခြံပိုပေါက်တာ ယောက်ျား။ အရေပြားလည်း ပိုကြမ်းတယ်။ သူ့အောက်မှာ အဆီစုတာ နည်းလို့။

မိန်းကလေးတွေရဲ့ ကိုယ်ခန္ဓာပုံပန်းကလည်း ထူးခြားလာတယ်။ တင်ပိုင်းရဲ့ အောက်ပိုင်းတဝက်က ဘေးကားလာတယ်။ ရင်သား၊ တင်-တင်ပါး၊ ပေါင်၊ လက်မောင်း၊ ဆီးစပ်နေရာတွေမှာ အဆီစုဝေးလာတယ်။ ဗမာတွေက ခါးသေး-ရင်ချီလို့ ပြောကြတယ်။ ဆေးစာလို ပြောရရင် Waist-hip ratio (WHR) ခါးနဲ့ တင် အချိုးလို့ ပြောတယ်။ တိတိကျကျ ဆိုချင်တာက အကျဉ်းဆုံးခါးက ဘယ်နှစ်လက္မ၊ အကားဆုံး တင်ပိုင်းက ဘယ်နှစ်လက္မ ဆိုတာ တိုင်းထွာပြီး၊ အချိုးချ လိုက်တာပါ။

အမျိုးသမီးဆိုတာ သစ်တော့သီးပုံဖြစ်တယ်။ ပန်းသီးပုံဖြစ်သူတွေမှာ ရောဂါတွေ ပိုဖြစ်တယ်။ ပိုအရေးကြီးတာက ကျန်းမာရေးကို ဘယ်လို သက်ရောက်သလဲ။ မိန်းမတယောက်မှာ (WHR) ဝ့၇၊ ယောက်ျားမှာ ဝ့၉ ရှိနေရင် ကြည့်ရတာ အချိုးကျတဲ့အပြင် ကျန်းမာရေးလည်း ကောင်းလိမ့်မယ်။ ကျန်းမာရေးလိုဘဲ ဆွဲဆောင်မှုဆိုတာလည်း အရေးပါတယ်။ WHR ကောင်းတဲ့ အမျိုးသမီးဟာ ဆွဲဆောင်မှု ကောင်းတယ်။ မင်းသမီးတွေဖြစ်တဲ့ မွန်ရိုးနဲ့ ဆိုဖီယာလိုရင်းတို့ဟာ WHR ဝ့၇ တွေ ဖြစ်ကြတယ်။ တရုပ်အမျိုးသမီးတွေမှာ ဝ့၆၊ တောင်အမေရိကနဲ့ အာဖရိကမှာ ဝ့၉ လို့ သိရတယ်။ မြန်မာအမျိုးသမီးတွေကို သုတေသန မလုပ်ကြသေးပါ။

စစ်တမ်းတခုက မိန်းမတယောက် ခါးသေးတာဟာ တင်ကားတာထက် ဆွဲဆောင်မှု ပိုရှိတယ်လို့ ဆိုတယ်။ ဒါ့ကြောင့် နေမှာပေါ့ အမျိုးသမီးတွေ Corset ခေါ်တဲ့ ခါသေး၊ Hip and buttock padding ခေါ်တဲ့ အခုအခံတွေ သုံးကြတာ။ အဲလို အတုအပ မဝတ်ကြသူ အမျိုးသမီးတွေမှာ ခါး-တင် အချိုးဟာ တဖက်သားကို ဆွဲဆောင်နိုင်တာ သာမကဘဲ၊ ဉာဏ်ရည်လည်းသာတယ်လို့ ဆိုသေးပါတယ်။ သူတင်မက ဒီလို မျိုးသမီးမျိုးကနေမွေးတဲ့ ကလေးတွေကပါ ကျောင်းမှာ စာပိုတော်ကြသေးသတဲ့။ လှတာကို ရွေးတာ မမှားဘူးပေါ့ဗျာ။ ခက်တာက သူများဆီမှာ သိပ်လှတဲ့ မိန်းမတွေ ကလေးမယူကြဘူး။ ဒီတော့ ဒီကောက်ချက် မှန်ရင် သူများဆီမှာထက် ကိုယ့်ဆီမှာ လူတော်တွေများမှာပေါ့။

၁။ WHR အချိုးတွက်ပုံရေးပေးလို့ ရနိုင်မလားဆရာ တဆက်တည်း ဆက်စပ်အနေနဲ့ပေါ့ ကျန်းမာရေးနဲ့ တိုက်ရိုက် မဆက်စပ်တော့တောင် ဗဟုသုတအနေနဲ့

၂။ ခါးအချိုးအစာကို တင်အချိုးအစားနဲ့စားလိုက်ရင် WHRအချိုးရပါတယ် 

ခါး-တင် အချိုးအစားဆိုတာ W ခါးပတ်လည်အတိုင်းအတာနဲ့ H တင်ပတ်လည်အတိုင်းအတာကို (W ÷ H) အချိုးချတာ ဖြစ်တယ်။ ဥပမာ ခါးပတ်လည် 30″ (76 cm) နဲ့ တင်ပတ်လည်38″ (97 cm) ရှိသူရဲ့ WHR ဟာ 0.79 ဖြစ်တယ်။

1. Puberty Education for Kids အရွယ်ရောက်ခြင်းအကြောင်း http://doctortintswe.blogspot.com/2016/10/puberty-education-for-kids.html

2. Precocious puberty အပျိုဖြစ်စောခြင်း hhttp://doctortintswe.blogspot.com/2014/11/puberty.html

3. Puberty အရွယ်ရောက်ပြီ http://doctortintswe.blogspot.com/2014/11/puberty.html 

Dr. တင့်ဆွေ

၂၅-၉-၂၀၁၆

Comments

Popular posts from this blog

Allergic skin အရေပြား အလာဂျီ

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ