Cold and Cough and Children ကလေးတွေ နှာစေးချောင်းဆိုးရင်

၁။ မင်္ဂလာပါဆရာ ကျွန်တော့်သားနှာခေါင်းပိတ်နေတာကြာပါပြီ ဆေးခန်းတွေ ဆရာတွေလည်းတော်တော်စုံနေပါပြီဆရာ မသက်သာပါဘူးဆရာ ဘယ်လိုလုပ်ရမလဲမသိတော့လို့အကူအညီတောင်းတာပါဆရာ ဖြစ်နိုင်ရင်ကူညီပါဦးဆရာ

တစ်နှစ်နဲ့ဆယ့်တစ်လရှိပါပြီကလေးအသက်က

ကလေးအသက် ရေးပြတာကို အတော်ဖတ်ယူရတယ်။ ကျွန်တော်တသက်မှာ တနှစ် (၁ နှစ်) လို့ရေးတယ်။ တနှစ် (၁ နှစ်) လို့ရေးတာသာ ဖတ်ခဲ့ရတယ်။ ဆယ့်တလ (၁၁ လ) လို့ရေးတယ်။ ဆယ့်တလ (၁၁ လ) လို့ရေးတာမျိုးသာ ဖတ်ခဲ့ရတယ်။ နောက်မေးခွန်းတွေထဲက တစ်တွေကိုလည်း ပြင်လိုက်တယ်။ ဆောရီး။ ကိုယ့်နေရာလေးကို နေ့တိုင်းအမှိုက်ရှင်းပါတယ်။

၂။ ဆရာခင်ဗျ ကလေး နှာရည်ယိုတာ ဘယ်လိုလုပ်ရမလဲခင်ဗျ။ ကလေးက နှာစေးနေတော့ အိပ်တာမှာ အသက်ရှုရတာခက်လို့ ထင်ပါတယ် မအိပ်ပဲဖြစ်နေလို့ပါခင်ဗျ။ ညညဆိုပိုစိုးတယ်ဆရာ။ ကျေးဇူးပြု၍ ကူညီပါအုံးဆရာရယ်

ကလေးအသက် မသိ။ ပိုစိုးတယ် မဟုတ်။ ပိုဆိုးတယ်လို့ ရေးရ။ ဆိုးသွားမှာကို စိုးရိမ်တယ်။

၃။ ဆရာမင်္ဂလာပါခင်ဗျာ ကျွန်တော့်သမီးလေး အသက်က ၉လပြည့်ပြီး ၁၀လထဲမှာပါဆရာ။ ချောင်းဆိုးနေလို့ ကလေးဆရာဝန်နဲ့သွားပြပြီး ဆေးတိုက်ခဲ့ပါတယ်။ ဒါပေမယ့်တချက်တချက်ဆိုးနေသေးပါတယ် ကိုယ်ငွေ့နွေးနွေး ဖြစ်နေပါတယ်ဆရာ။ နည်းနည်းလည်းအီချင်နေပါတယ်။ ခြေလက်တွေထက်ခေါင်းကပိုပူသလိုပါပဲဆရာ။ အစားလည်း မပျက်ပါဘူး။ မိခင်နို့လည်းစို့ပါတယ်။ နောက်ပြီး အဲယားကွန်းအခန်းထဲမှာတပ်ထားပါတယ်ဆရာ။ ကလေးတွေအတွက် အပူချိန်ဘယ်လိုရှိသင့်သလဲဆိုတာလည်းပြောပြပေးပါဆရာခင်ဗျာ။ အဲယားကွန်းမဖွင့်လျှင်အခန်းကပူပါတယ်ဆရာ။ လမ်းညွှန်ပေးပါခင်ဗျာ။

၄။ မင်္ဂလာပါ ဆရာရှင့် သမီးအသက်က ၂၅ ထဲမှာပါ၊ သမီးမှာ သားဦး ၉လခွဲသားလေးရှိပါတယ်၊ သားလေးက မွေးကတည်းက ကျန်းမာရေးကောင်းပါတယ်။ သာမန်နှာစီးတာအပြင်ဘာမှမဖြစ်ဖူးပါဘူး။ ၆လ ကာကွယ်ဆေးထိုးတုန်းက တရက်ပဲ ဖျားဖူးပါတယ်။ ခု ၉ လခွဲကျမှ သားချောင်းဆိုးနေတယ်။ တပတ်လောက်ရှိပါပြီ။ ဒီအတိုင်းနေရင်သိပ်မဆိုးပါဘူး။ အိပ်ရင်ပိုဆိုးပါတယ်။ ကလေးဆရာဝန်နဲ့သွားပြတော့ သူပေးတဲ့ဆေးတိုက်တာ ချောင်းဆိုးပျောက်သွားပါပြီ၊။ ချောင်းဆိုးပျောက်သွားပေမယ့်၊ သားရဲ့လည်ချောင်းထဲမှာချွဲသလိပ်ရှိနေသလိုဖြစ်နေပါတယ်။ ဆရာဝန်ကတော့ အမောက်စလင်ချွဲပျော်ဆေးတိုက်ခိုင်းပါတယ်။ ဒါပေမဲ့ ချွဲကမကျသေးဘူးဖြစ်နေတယ်။ နှာရည်ပျစ်ပျစ်တွေထွက်ပါတယ်။ သားလည်ချောင်းနား ကပ်နားထောင်လိုက်ရင် ချွဲသံကြားရပါတယ်။ ကလေးဆိုတော့ လည်ချောင်းမှာတနေတဲ့ချွဲကို မထုတ်နိုင်ဘူးဖြစ်နေတယ်။ သားလေးချွဲကျအောင် ဘယ်လိုလုပ်ပေးလို့ရလဲဆရာရှင့်။ အမောက်စလင်အပြင် တခြားချွဲပျော်ဆေးရှိရင် ညွှန်းပေးလို့ ရမလားရှင့်။ သားလေးချွဲကျပ်နေတော့ သမီးအရမ်းစိတ်ဆင်းရဲနေရပါတယ်ရှင့်။

၅။ ဆရာမင်္ဂလာပါ။ အိမ်ကတူမလေးက အသက် ၁၁ ရက်ရသွားပါပြီ။ အခုချွဲကျက်နေပါတယ်။ အသံက အစ်အစ်ကြီး ထွက်ပြီး ချောင်းစိုးပါတယ်။ ချွဲတွေလည်းအန်ပါတယ်။ ဆရာဝန်ပြတော CETRIDEX cough syrup ပေးပါတယ်ဆရာ။ ပိုဆိုးလာပါတယ်။ ကလေးက အန်ရင်မျက်နှာတွေမဲလာပါတယ်။ ဆက်တိုက်သင့် မတိုက်သင့်သိချင်ပါတယ်။ နို့တော့ စို့ပါတယ်။ ဆရာအားရင် ဖြေပေးပါဆရာ။ ကျေးဇူးတင်ပါတယ်ဆရာ။ (ချွဲကြပ်လို့ရေးရတယ်။ ပိုဆိုးလို့ရေးရတယ်။ ချောင်းဆိုးလို့ရေးရတယ်။ ဆက်တိုက်သင့်လို့ရေးရတယ်။)

ချောင်းဆိုးတယ်ဆိုတာ ရောဂါတခုခုရဲ့ ရောဂါလက္ခဏာသာဖြစ်တယ်။ အခံရောဂါကို ကုဘို့ပိုအရေးကြီးတယ်။ အမျိုးမျိုးရှိတယ်။ ချောင်းခြောက်ဆိုးတာ၊ ချွဲထွက်ပြီးဆိုးတာနဲ့ ရင်ကျပ်ပြီး ဆိုးတာ။ ရောဂါအလိုက် ရွေးရမယ်။ ချွဲရှိနေသူတွေကိုပေးတာက ချွဲကိုတမင် မထွက်ထွက်အောင် လုပ်ပေးတာမျိုး ဖြစ်တယ်။ ချွဲဆိုတာ အထဲမှာရှိနေရင် ထွက်လာမှ ကောင်းတယ်။ လည်ချောင်းယားလို့ ဆိုးတဲ့သူကို အဲလို ချောင်းဆိုးပျောက်ဆေး မပေးရပါ။

ချောင်းဆိုးစေတဲ့အကြောင်းတွေက မတူပါ။ ရာသီဥတုကြောင့်ဖြစ်တာက များတယ်။ (အလာဂျီ) အတွက်ဆေးကို ပိုအားကိုးရတယ်။ ပိုးဝင်တာမှာလဲ ဗိုင်းရပ်စ်ကြောင့် ပိုများတယ်။ ဥပမာ အအေးမိတာ၊ ပိုးသေဆေး မလိုပါ။ ဗက်တီးရီးယားကြောင့် လေပြွန်ရောင်၊ အဆုပ်ရောင်နဲ့ နူမိုးနီးယားဖြစ်ရင်တော့ ပိုးသေဆေးကို ချောင်းဆိုး ပျောက်ဆေးထက် ပိုအားကိုးရပါမယ်။

ချောင်းဆိုးပျောက်ဆေးတွေမှာ သတိပေးချက်တွေရှိပါတယ်။ ဘေးထွက်ဆိုးကျိုးတွေသာမက ထိရောက်မှုအတွက်ပါ မေးစရာတွေ ရှိတယ်။ Antitussive medicines အမျိုးအစားထဲမှာ (အင်တီဟစ်တမင်း)၊ dextromethorphan နဲ့ codeine or hydrocodone (ကိုဒင်း) တွေပါတယ်။ (ကိုဒင်း) ဆိုတာ မူးယစ်ဆေးတမျိုးဖြစ်တယ်။ သူများနိုင်ငံမှာ ဆရာဝန် လက်မှတ်နဲ့သာ ရောင်းရတယ်။ ချောင်းဆိုးပျောက်ဆေး အများစုထဲမှာ အရက်ပါသေးတယ်။ ပန်းနာဆိုရင် အကျပ်သက်သာဆေးပါတာမျိုးမှ သင့်တယ်။ Ephedrine/Aminophylline/Salbutamol ပါမယ်။ ကလေးပန်းနာဆိုရင် အများဆုံး ရှူဆေးဗူးသုံးကြတယ်။ မူးယစ်စေတာပါတဲ့ဆေးမျိုး အလုပ်ချိန်၊ ကျောင်းချိန်ကိုကြည့် သောက်ရမယ်။

လည်ချောင်းနဲ့ လေပြွန်မကြီးရောင်တာကို Croup (ခရော့ပ်) လို့လဲ ခေါ်တယ်။ ဗိုင်းရပ်စ် ကနေဖြစ်တယ်။ အသံသြမယ်၊ အသက်ရှူသံ ဆူညံနေမယ်၊ စူရှပြီး ဟောင်သလို ချောင်းဆိုးမယ်။ ၅ နှစ်အောက် ကလေးငယ်တွေမှာ ဖြစ်တာများတယ်။ အအေးမိရာကနေ ဆက်ဖြစ်တတ်တယ်။ သူ့ဖါသူလဲ ပျောက်တယ်။ (စတီရွိုက်) ဆေးပေးနိုင်တယ်။ ရောင်နေတာတွေ လျှော့စေမယ်။ Nebulized epinephrine (Adrenaline) ဆေးကိုလဲ သုံးနိုင်တယ်။

နှာခေါင်းပိတ်နေတာကို Decongestants ဆေးက သက်သာစေတယ်။ စားဆေး၊ ထည့်ဆေးရှိတယ်။ (စတီရွိုက်) အစက်ချ နဲ့ ပန်းဆေး၊ Mucolytics အချွဲပျော်ဆေး၊ (အင်တီဟစ်စတမင်း) ဆေး နဲ့ Penicillin, Amoxycillin ပဋိဇီဝဆေးတွေနဲ့ ကုသတယ်။ နှာခေါင်းထဲ ဆားရည်ဖြန်းတာလဲ သက်သာစေတယ်။ ခွဲစိတ်တာလဲ လုပ်ရတတ်တယ်။

အသံအိုးရောင်ရင် အသံသြနေမယ်၊ ကလေးဆိုရင် အဟွတ်-အဟွတ် နေမယ်၊ Steroids 20-40 mgs စတီရွိုက် ရှူနိုင်တယ်။ ရေနွေးငွေ့ရှူတာ ကောင်းတယ်။ အသံအိုးရောင်တာက အစာချေရည် အထက်ဆန်လို့ ဖြစ်ရတာဆိုရင် Ranitidine နဲ့ Omeprazole ဆေးတွေကိုပါ ၄-၆ ပါတ်ကြာအောင် ပေးရမယ်။

အသက်ရှူလမ်း အထက်ပိုင်း ပိုးဝင်ခြင်းကို လည်ချောင်းရောင်ခြင်းလို့လဲ သတ်မှတ်တယ်။ နှာစေး၊ နှာချေ၊ ချောင်းဆိုး၊ အသံနာ၊ အာခေါင်နာ၊ မျိုချရင်နာ၊ ခေါင်းကိုက်၊ ကိုယ်ပူ စတာတွေ ခံစားရမယ်။ ဖြစ်ရင် တပါတ်-ဆယ်ရက်ကြာမယ်။ ဗိုင်းရပ်စ်ကြောင့် မျက်စိနာကလဲ ဆက်စပ်နေနိုင်သေးတယ်။ ရာသီဥတုကြောင့် အလာဂျီ ရတာ၊ တုပ်ကွေးတွေလဲ ဒီအုပ်စုထဲကဘဲ။ (ဗိုင်းရပ်စ်) ဆိုရင် အထောက်အကူပေးတဲ့ ဆေးတွေသာ ရှိတယ်။ ပိုးသေဆေးတွေ မလိုဘဲ မသုံးတာ ကောင်းတယ်။

ချောင်းဆိုးပျောက်ဆေးထဲမှာ Codeine ပါတာဆိုရင် အိပ်ချင်မယ်။ ကြာကြာသောက်ရင် စွဲတတ်တယ်။ (ကိုဒင်း) မပါတာ ရှိတယ်။ Vick လို အပူပါတဲ့ ချိုချဉ်လိုငုံဆေးကလဲ သက်သာစေမယ်။ Cetrizine ဆေး ၁ ပြား ညမှာ သောက်သင့်တယ်။ မြန်မာဆေးထဲမှာ ကွမ်းရွက်ကလဲ ထိရောက်တယ်။ ကွမ်းရွက်ကို လျှက်ဆားလုပ်ရောင်းတာလဲ ရှိတယ်။ ပျားရည်နဲ့ သံပုရာ ရောတာလဲ သုံးကြတယ်။ ရေ-အရည် ပိုသောက်တာနဲ့ နှာခေါင်းထဲ ဆားရည်စက် ချပေးတာ၊ အနားယူတာတွေ လုပ်သင့်တယ်။

ကလေးတွေချောင်းဆိုတာ မိခင်အစားမှားလို့ မဟုတ်ပါ။ နှာခေါင်းကနေ ကူးစက်တာဖြစ်တယ်။ လေသန့်ရမယ်။ ရာသီဥတုအပြောင်းမှာ လေနဲ့ဝန်းကျင်မှာ ပြောင်းပြီးရှိလာတဲ့ အမှုံအမွှား + ပိုးမွှားတွေပါတယ်။ သဘာဝနေရောင်နဲ့ လေသန့်ရလေ ကောင်းလေ။ လူများတဲ့နေရာ ရှောင်ပါ။ ချောင်းဆိုးတဲ့သူအနား ကလေးမထားသင့်။ နေမကောင်းရင် ကျောင်းမလွှတ်သင့်။ တကိုယ်ရေသန့်ရှင်းရေး တကယ်ကို အရေးကြီးတယ်။ ကလေးကိုကိုင်တွယ်သူမှန်သမျှ လက်ခဏခဏဆေးပါ။ ရိုးရိုးရေနဲ့ ရိုးရိုးဆပ်ပြာဆိုလုံလောက်တယ်။ ဖြစ်နိုင်ရင် လက်ဆေးရည် Hand sanitizer အရည်သုံးပါ။ ချောင်းဆိုးရင် ကိုယ့်ပါးစပ်ကို တဒေါင်ဆစ်နဲ့ကာတဲ့ အလေ့အကျင့်မျိုး လုပ်ပါ။ သင်ပေးပါ။ ရေ-အရည် ပိုသောက်တာနဲ့ နှာခေါင်းထဲ ဆားရည်စက် ချပေးတာ၊ အနားယူတာတွေလုပ်သင့်တယ်။

Humidifiers ရေငွေ့ပေးစက်

နှာစေး၊ အအေးမိ၊ တုပ်ကွေးဖြစ်နေရင် သုံးနိုင်တယ်။ ဆိုင်းနပ်စ်ဖြစ်နေတာကိုလဲ သက်သာစေမယ်။ စိုထိုင်းဆ ၃ဝ% ထက် မနည်းရ၊ ၅ဝ% ထက် မများရပါ။ လေကို ရေငွေ့ ပိုလာစေမယ်။ ခံစားရတာတွေကို သက်သာစေမယ်။ ရေငွေ့လေးတွေက ချွဲကိုပျော်စေလို့ နှာခေါင်း၊ လည်ချောင်းနဲ့ လေပြွန်တွေထဲက ချွဲတွေထုတ်ဘို့လွယ်မယ်။ အနေရသက်သာမယ်။ အိပ်စက်နိုင်မယ်။ နို့စို့နိုင်မယ်။ နောက်ပြီး အရေပြားမှာခံစားရမှာကိုလဲ သက်သောင့်သက်သာ ရှိစေမယ်။ နှုတ်ခမ်းကွဲခြောက်တာမဖြစ်စေဘူး။ မျက်စိခြောက်တာ၊ ယားယံတာမဖြစ်စေဘူး။

နှာခေါင်းကနေ အရည်ကျတာ၊ ပိတ်နေတာကို ဆေးမလိုပဲ နှာရည်စုပ်ထုတ်ပေးတာ ကောင်းတယ်။ Nasal bulb syringe လေစုပ်ဘူလုံးခေါ်တယ်။

Azithromycin အဇစ်သရိုမိုင်စင် ပဋိဇီဝဆေး

ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ အအေးမိတာ ပိုးသေဆေးမလိုပါ။ ဗက်တီးရီးယားကြောင့်ဖြစ်တဲ့ နားအလည်ပိုင်းရောင်ခြင်း၊ အာသီးရောင်ခြင်း၊ အာခေါင်ရောင်ခြင်း၊ လေပြွန်ရောင်ခြင်း၊ နူမိုးနီးယား၊ ဆိုင်းနူဆိုက်တစ်၊ ဆီးပြွန်ရောင်ခြင်း၊ ခရီးသွား ဝမ်းပျက်ခြင်း၊ ကြက်ညှာချောင်းဆိုးရောဂါတွေအတွက် ပေးနိုင်တယ်။ အစာမစားမီ ၁ နာရီ၊ စားပြီး ၂ နာရီ ပေးပါ၊ နားအလည်ပိုင်း ရောင်ခြင်း၊ အသက် ၆ လ အထက်ကလေး = 30 mg/kg ၃ ရက်။ လူစုလူဝေးကနေရတဲ့ နူမိုးနီးယား၊ အသက် ၆ လ အထက်ကလေး = 10 mg/kg ပဌမရက် + 5 mg/kg နောက် ၂ ရက်မှ ၅ ရက်။ ရက်တို ဗက်တီးရီးယားကြောင့်ဖြစ်တဲ့ ဆိုင်းနူဆိုက်တစ် = 10 mg/kg ၃ ရက်။ အာသီး၊ အာခေါင်ရောင်ခြင်း၊ ၂ နှစ်အထက် = 12 mg/kg ၅ ရက်။ Mycobacterium avium complex (MAC) ကာကွယ်ရန်၊ ၆ နှစ်အထက် ကလေး = 20 mg/kg တပါတ်တခါပေးပါ။

ဘေးထွက်ဆိုးကျိုး = ပျို့-အန်၊ အရေပြားနီ၊ ဗိုက်အောင့်၊ ဝမ်းပျက်၊ ခေါင်းကိုက်၊ မူး၊ လေတက်။ ကိုယ်ဝန်ဆောင်နဲ့  နို့တိုက် မိခင်တွေကို သတိနဲ့ပေးပါ၊

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Allergic skin အရေပြား အလာဂျီ

Daflon 500 mg လိပ်ခေါင်းဆေး

Colorectal cancer အူမကြီး ကင်ဆာ