အုန်းထမင်း

(ကူးတင်တာ ဖြစ်ပါတယ်။)

အုန်းထမင်းပူပူလေးကို အချို့က သူ့ချည်းပဲစားရတာကို ကြိုက်တတ်ကြသလို အချို့က "သကြား" လေး ဖြူးပြီးစားရတာကို ကြိုက်တတ်ကြတယ်။ အချို့ကတော့ ကြက်သားဟင်း, ဘာလချောင်ကြော်, ချဉ်ပေါင်ဟင်းချိုလေးနဲ့ စားရတာကို ကြိုက်တတ်ကြပါတယ်။

အုန်းထမင်း ချက်ဖို့အတွက်

၁- ပေါ်ဆန်းမွှေးဆန်

၂- ကြက်သွန်နီ

၃- ဆား

၄- သကြား

၅- အုန်းနို့

၆- ဆီ အနည်းငယ်တို့ လိုအပ်ပါတယ်။

မိမိ အိမ်မှာပဲ အလွယ်တကူချက်စားလို့ရစေဖို့ ထမင်းပေါင်းအိုးနဲ့ ချက်တဲ့နည်းလေးကို ပြောပြပေးပါမယ်။

ပထမဆုံး အုန်းသီးကို ခြစ်ပြီး ရေမရောပဲ အုန်းနို့ ဦးရည် ပျစ်ပျစ်လေးကို ညှစ်ယူပြီး သီးသန့်ခွက်လေးထဲ ထည့်ထားပါ။ ကျန်တဲ့ အုန်းသီးဖပ်တွေထဲကို ရေထည့် လက်နဲ့ညှစ်ပြီး ကျန်တဲ့ အုန်းနို့ရည် ကျဲကျဲလေးကို ညှစ်ယူထားပါ။ ထမင်းပေါင်းအိုးထဲကို ဆန်ဆေး ထည့်ပါ။ ခုနက ညှစ်ထားတဲ့ အုန်းနို့ အကျဲရည်ကို ထမင်းပေါ် လက်တစ်ဆစ် မြုပ်အောင်ထည့်ပါ။ ကြက်သွန်နီ လေးစိပ်စိပ် အဖပ်လှန်ထည့်ပါ။ ဆားအနဲငယ် နဲ့ သကြား ထည့်ပြီး ထမင်းချက်ထားပါ။ ထမင်းရေခန်းပြီး နွှေးခလုတ် တက်ခါနီးမှာ ဆီ အနည်းငယ် နဲ့ အုန်းနို့ဦးရည်လေး ထည့်မွှေလိုက်ပါ။ ပီး(ပြီး)ရင် အဖုံးပြန်အုပ်ပြီး အုန်းထမင်းကို နှပ်ထားလိုက်ပါ။

ထမင်းပေါင်းအိုး ခလုတ်တက်ပြီး နွှေးနှပ်ပြီးရင်တော့ မွှေးပျံ့နေတဲ့ အုန်း ထမင်းလေးရပါပြီ။ အုန်းသီး ခြစ်ညှစ်ဖို့ မလွယ်ကူရင်လဲ Readymade အုန်းနို့ရည် ထည့်နိုင်ပါတယ်။ ဆန်ပေါ် ရေလက်တစ်ဆစ်ထည့်ချက်ပြီး နွှေးခလုတ်တက်ခါနီးမှာ Readymade အုန်းနို့ရည် ထည့်နှပ်ရုံပါပဲ။ ဆီကိုတော့ ထမင်း အရောင်ဝင်းရုံလေးသာ အနည်းငယ်ပဲ ထည့်ပေးပါ။ ဆီများရင် စားလို့ မကောင်းပါဘူး။ အီပါတယ်။

အရသာအတွက် အချို, အငံကတော့ မိမိ စိတ်ကြိုက် အရသာ သင့်ရုံလေးပဲ မှန်းထည့်ပါ။ ဒါကတော့ မိမိအိမ်မှာပဲ အလွယ်တကူ ထမင်းပေါင်းအိုးနဲ့ ချက်စားလို့ ရစေမယ့် နည်းလေးကို ပြောပြပေးတာပါ။

ထမင်းဆန်သားလေးကို ကော့ညွှတ် လှပနေစေရင်တော့ ထမင်းကို ရေငှဲ့ပြီး အပေါ်မီး အောက်မီးနဲ့ နှပ်ပြီး ချက်မှ ရပါတယ်။ (ပဲခူး ဒေါ်ထွေးရီ)

ကျွန်တော်တို့ ဆေးကျောင်းသားဘဝ (၁၉၆၅-၇၂) မှာ မုံရွာနဲ့ မန္တလေးကြား ညောင်ပင်ဝန်းဘူတာမှာ နေ့လယ်စာ ညနေစာ စားကြရပါတယ်။ အုန်းထမင်းကလည်း နာမည်ကြီးတယ်။ ကောင်းတယ်။ ကြက်သားဟင်းနဲ့ တပွဲကို အင်ဖက်နဲ့ ထုပ်ပေးပါတယ်။ တပွဲ တကျပ်ခွဲ။

အခုခေတ်မှာ စားစရာတွေကို ရေးတင်နေကြတာမှာ နေရာတကာ သကြား၊ သကြားလို့ ပါနေတယ်။ 

ကျွန်တော်ကတော့ အုန်းထမင်းမှာလည်း သကြားမလိုဘူးထင်တယ်။ 

တချို့ကလည်း ထန်းလျက်တဲ့။ ဆီးချိုရောဂါရှိသူတွေကလည်း များတယ်။ ကန်တော့။

ကျန်းမာရေးမှာ ဆားနဲ့ သကြား နည်းလေလေ ကောင်းလေ။ 

ပုံနဲ့ စာအတွက် ကျေးဇူး။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Allergic skin အရေပြား အလာဂျီ

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ