Chickenpox prevention ရေကျောက်ဘယ်လို ကာကွယ်မလဲ

 

(၂၀၁၅ ခုနှစ်ကတည်းက ရေးထားတာ။)

၁။ သားကြီးက ၉ နှစ် ၁၁ လပါ။ ခုရေကျောက်တွေပေါက်နေပါတယ်။ ခုစသိချိန်မှာအဖုအနည်းငယ်သာရှိပါသေးတယ်။ မဖျားပါ။ အိပ်ချင်တယ်။ ယားတယ်ပြောပါတယ်။ ဆရာဝန်နှင့်ပြပြီး ဆေးထိုးဆေးသောက်လုပ်နေပါတယ်။ အဖုလေးတွေပိုများများလာနိုင်သေးလား သိချင်မိလို့ပါ။ အချို့ကလည်းကန်မှပိုကောင်းတယ်ပြောနေကြလို့ပါ။ နောက်တခုက အိမ်မှာ သမီးငယ်က ၆ လနဲ့ ၁၅ ရက်ပါ။ ကလေးကို ကူးနိုင်ပါသလား။ ဘယ်လို ကြိုတင်ကာကွယ်ပေးလို့ ရသလဲ သိချင်လို့ပါဆရာ။

၂။ ဆရာရှင့် သားလေးက အသက် ၁ နှစ်နဲ့ ၃ လကျော်ပါပြီ။ ပြီးခဲ့တဲ့ ၂ လက ရေကျောက်ကာကွယ်ဆေးထိုးထားပါတယ်။ အခု အိမ်မှာ အိမ်အကူ ကလေးမလေး ၂ ယောက်က ရေကျောက်တွေပေါက်နေလို့ပါ။ သားလေးကို ကူးမှာစိုးရိမ်လို့ပါရှင်။ ဘယ်လို ကာကွယ်ရမလဲ ပြောပြပေးပါရှင်။ ဆရာ့မိသားစု ကျန်းမာပျော်ရွှင်ပါစေရှင်။

၃။ ဆရာရှင့် သမီးဘယ်လိုမေးရမှန်းမသိလို့ မက်ဆေ့ကနေ ရိုသေစွာနဲ့ မေးပါရစေရှင်။ ဆရာရဲ့ပရိတ်သတ်ပါရှင်။ ရေကျောက်နဲ့ပက်သက်တာလေး တင်တာတွေ့လို့ပါဆရာ။ မြန်မာပြည်ကို ရေကျောက်ကာကွယ်ဆေး မသွင်းတော့ဘူးဆိုပြီး SSC ကော တခြားနေရာတွေပါ မထိုးပေးတော့ပါဘူးဆရာ။ သမီးလည်း ကလေးအတွက် စိတ်ပူနေရတာပါဆရာ။ ရေကျောက်အပေါက်ခံလိုက်ပါဆိုပြီးပဲ ပြောပါတယ်ဆရာ ဆရာဝန်က။ သမီးလည်း ဘာဆက်လုပ်ရမလည်းမသိလို့ ဆရာ့စာလေးတက်လာတုံး ရိုသေစွာနဲ့မေးရတာပါဆရာ။

Varicella (Chickenpox) ရေကျောက် ကာကွယ်ဆေးကနေ ၉ဝ% ကာကွယ်ပါတယ်။ ကနေ့ မြန်မာပြည်လို ရေကျောက်ကာကွယ်ဆေး မထိုးရတဲ့နေရာတွေမှာ ဘယ်လိုဆင်ခြင်မလည်း။ ရေကျောက်ဟာ ရေကျောက် မပေါက်ဖူးတဲ့သူတွေ၊ ရေကျောက်ကာကွယ်ဆေးထိုးမထားသူတွေ၊ ကျောင်း-ဆေးရုံတွေမှာ အလုပ်လုပ်ရသူတွေ၊ ကလေးတွေနဲ့နေရသူတွေကို ကူးစက်လာနိုင်တယ်။ 

ရေကျောက်ကူးစက်ခံထားရတဲ့ကလေး အနီအစက်အပျောက်တွေမထွက်ခင် ၁-၂ ရက်ကတည်းကနေ သူများကိုကူးတယ်။ အဖူးတွေပေါက်ပြီး ခြောက်သွားမှသာ မကူးစေတော့တယ်။ ကူးလို့ ပိုးဝင်လာပြီးနောက် ၁ဝ-၂ဝ ရက်နေမှ ခံစားရတာတွေ ဖြစ်တယ်။ 

ရေကျောက်ပိုးက လေထဲကနေကူးတယ်။ ချောင်းဆိုး၊ နှာခြေရာကနေ နှာခေါင်းထဲဝင်လာနိုင်တယ်။ တံတွေး၊ အရည်တွေကနေ ကူးစေမယ်။ ကစားစရာနဲ့ အသုံးအဆောင်တွေကနေလည်း ကူးစက်တယ်။ သန့်စင်ပေးပါ။ ဖွတ်လျှော်ပါ။ ကြမ်းပြင်၊ စားပွဲမျက်နှာပြင်တွေကလည်း ဆေးကြောပြီး ပိုးသတ်ပေးပါ။ ကျောက်အနာအရည်ကနေလည်း ကူးစက်တယ်။ Shingles (ရှင်ဂဲလ်စ်) ဖြစ်နေသူဆီကနေလည်း ရေကျောက်ကူးလာနိုင်တယ်။ 

ဖြစ်နေတဲ့ကလေး ကျောင်းမပို့ရပါ။ လူကြားသူကြား မသွားရပါ။ အဲတာကြောင့် မဖြစ်သေးတဲ့ကလေးတွေလည်း အဲဒီကာလတွေမှာ လူကြားသူကြား မသွားသင့်ပါ။ ကျောင်းနဲ့ ကလေးကစားကွင်းမှာ အဲလိုကလေးရှိနေ မနေသတိပြုပါ။ ဆေးရုံလိုနေရာကို ခေါ်မသွားပါနဲ့။ ကစားဖေါ်ကလေး နေမကောင်းသလားကြည့်ပါ။ ကလေးတွေ လက်ကိုမကြာမကြာ ဆေးတဲ့အကျင့် သင်ပေးထားပါ။ Hand sanitizer လက်သန့်ဆေးရည်သုံးပါ။ 

(လူကီးမီးယား) သွေးကင်ဆာရှိနေသူတွေလည်း ကူးစက်လာမှာကို ပိုသတိထားရမယ်။ က်ိုယ်ဝန်ဆောင်တွေနဲ့ HIV ပိုးရှိသူနေသူတွေကို ပိုပြီး ကူးစက်ခံရနိုင်တယ်။ က်ိုယ်ဝန်ဆောင် အထူးသဖြင့် ပထပ ၂ဝ ပါတ်အတွင်း ကူးစက်ခံရရင် အထဲကကလေးမှာ မွေးရာပါချို့ယွင်းချက် ပါတတ်တယ်။ ကိုယ်ဝန်မဆောင်ခင်လေးမှာနဲ့ ကလေးမွေးပြီးကာစ ရေကျောက် ဖြစ်ရင်လည်း ကလေးကိုဖြစ်လာစေနိုင်တယ်။ တကယ်လို့ ကလေးမမွေးခင်မှာ မိခင်လောင်းက ရေကျောက် ပေါက်လိုက်ရင်တော့ မွေးလာမယ့်ကလေးမှာ ရောဂါခုခံမှုရလာမယ်။ မိခင်နို့ကနေရမယ်။ ကိုယ်ဝန်ဆောင်မှာ (ရှင်ဂဲလ်စ်) ကတော့ အဲလိုမဖြစ်စေပါ။ တခါဖြစ်ထားသူက နောက်မဖြစ်တော့ပါ။ ထပ်ဖြစ်သူ နည်းနည်းပါးပါးတော့ ရှိနိုင်တယ်။ 

ဒီစာရေးနေတုံး လွန်ခဲ့တဲ့မိနစ်ပိုင်းက ကျန်းမာရေးသတိပေးချက်တခုတက်လာတယ်။ အမေရိကန်ပြည်ထောင်စု (တင်နက်ဆီ) ပြည်နယ်၊ (ဘလောင့်) ကောင်တီမှာ မူကြိုကျောင်းက ကလေး (၃၀) ယောက်မှာ ရေကျောက် ပေါက်နေတယ်တဲ့။ (၈) ယောက်က ရေကျောက်သေချာပြီလို့ သတင်းကဆိုတယ်။ အဲဒီ (ဟေဒင်) မူလတန်းကျောင်း အာဏာပိုင်တွေက Standard protocol စံသတ်မှတ်ထားတဲ့ လိုက်နာရမယ့်စည်းကမ်းအတိုင်း ဆောင်ရွက်နေတယ်လို့ ထုတ်ပြန်လုက်တယ်။ ယားယံတဲ့အနီစက်လေးတွေရှိတဲ့ကလေးတွေကို ကျောင်းသူနာပြုဆီပို့တယ်။ ဆရာဝန်ဆီ လွှတ်တယ်။ ကလေးတွေကို အိမ်မှာသာနေဘို့ညွှန်ကြားတယ်။ ဆရာဝန်ရဲ့ ရေကျောက်မဟုတ်ပါဆေးစာနဲ့သာ ကျောင်းပြန်လာဘို့ ဖြစ်တယ်။ ကျောင်းကျန်းမာရေးဌာနက ကလေးအများစုဟာ ရေကျောက်ကာကွယ်ဆေး ထိုးပြီးသားလို့ ဆိုပါတယ်။ အဲဒီမှာ ကလေးတွေကို အသက် ၁ နှစ်မှာ ကာကွယ်ဆေးထိုးပြီး ၄ နှစ်မှာထပ်ထိုးလုပ်တယ်။ တခါထိုးရင် ၈၅% ကာကွယ်ပြီး ၂ ခါပြည့်ရင် ၉၈% ကာကွယ်တယ်လို့ဆိုပါတယ်။ 

- Chickenpox ရေကျောက် http://doctortintswe.blogspot.com/2015/02/chickenpox.html

- Shingles (ရှင်းဂဲလ်) http://doctortintswe.blogspot.com/2014/11/shingles.html 

- Chickenpox prevention ရေကျောက်ဘယ်လို ကာကွယ်မလည်း http://doctortintswe.blogspot.com/2015/05/chickenpox-prevention.html

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Daflon 500 mg လိပ်ခေါင်းဆေး

Vaginal itching မိန်းမကိုယ် ယားခြင်း

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ