Health awareness ပညာပေးတာကောင်းတော့ ကောင်းပါတယ်
ဒို့မြန်မာတွေရဲ့ ကျန်းမာရေးအသိ ကျန်းမာရေးအမြင် ကျန်းမာရေးသတိရှိကြဖို့ ပညာပေးလုပ်ဆောင်စရာတွေ အများကြီး ရှိနေပါတယ်ဆိုတာကို အခုပဲဖတ်ရပါတယ်။ အမြင်-အသိ-သတိရှိစေချင်တာကောင်းပါတယ်။ သန့်ရှင်းရေး သတိပေးတာလည်း ကောင်းပါတယ်။ ဒါပေမယ့် -
၁။ အလှူ၊ မင်္ဂလာဆောင်နဲ့ ပွဲလမ်းသဘင်ဧည့်ခံပွဲတွေမှာ အမြဲလိုလို ကြုံတွေ့ရတဲ့ထမင်းဝိုင်းက အများသောက်သုံးတဲ့ ဟင်းချိုရည်ကလဲ အန္တရာယ်တစ်ခု(တခု)ပါ။ ဟိုလူသောက်လိုက် ဒီလူသောက်လိုက်နဲ့ အသည်းရောဂါ ဘီပိုးနဲ့အတူ အခြားသော ရောဂါပိုးတွေ အလွယ်တကူကူးစက်နိုင်တဲ့ အဓိကနေရာဖြစ်နေပါတယ်။ စုပေါင်းသောက်သုံးတဲ့ ဟင်းရည်ဖြစ်တဲ့အတွက် ကြာလာတော့ လူတကာရဲ့ သွားရည်ပေါင်းစုံ ရောဂါပေါင်းစုံ ဗိုင်းရပ်စ်ပေါင်းစုံလို့ နံမည်ပေးရမယ့် စွတ်ပြုတ်ကြီးကို ဖြစ်နေပေါ့။ ဒါကို ဟင်းရည်သောက်ခွက် အသေးလေးတွေနဲ့ တယောက်တပန်းကန်စီ ချထားပေးတာမျိုး လုပ်ဆောင်သင့်တယ်။
အဲဒီအချက် မမှန်ပါ။ အသည်းရောင်ဘီပိုးဟာ ကိုယ်ခန္ဓာအရည်တွေ၊ သွေးကနေတဆင့်ကူးစက်တယ်။ အစား အသောက်ကနေ မကူးစက်ပါ။ အသည်းရောင်ဗိုင်းရပ်စ် (၆) မျိုးရှိတယ်။ အေ၊ ဘီ၊ စီ၊ ဒီ နဲ့ အီး။
(ဘီ) က သွေး၊ ဆေးထိုးအပ်၊ ကိုယ်ကထွက်တဲ့ အရည်တွေ၊ ပိုးရှိမိခင်ကသူမွေးတဲ့ကလေးနဲ့ လိင်ဆက်ဆံခြင်း နည်းတွေကနေကူးစက်နိုင်တယ်။
(စီ) ပိုးဟာလိင်ကတဆင့်မကူးစက်ပါ။ ဆေးထိုးအပ်ကတဆင့်ကူးစက်တယ်။ ပိုးရှိမိခင်ကနေ သူ့ကလေးကူးသည်။
(ဒီ) ဟာ လိင်လမ်းနဲ့ သွေးမှတဆင့် ကူးသည်။ (ဘီ) ပိုးရှိနေမှ (ဒီ) ပိုးကူးတယ်။
(အီး) က (အေ) လို အစားအသောက်နဲ့ ရေကတဆင့် ကူးစက်သည်။ ကိုယ်ဝန်ဆောင်တွေမှာ ၁ဝ-၂ဝ% ဖြစ်တတ်သည်။
၂။ မြန်မာပြည်ကပွဲလမ်းတွေမှာ အများဆုံးဧည့်ခံလေ့ရှိတဲ့ လက်ဖက်နဲ့ အချိုပွဲတွေလဲ ဒီလိုပါပဲ။ ရှေ့လူက ပါးစပ်ထဲထည့်ထားတဲ့ဇွန်းနဲ့ နောက်လူက မြိန်ရည်လျက်ရည်စားလိုက်နဲ့ အဲဒီကနေ ကာကွယ်ဆေးမထိုးထားတဲ့သူတွေ ဘီပိုးနဲ့ အခြားရောဂါတွေ ကူးစက်ခံကြရတာ အများဆုံးနေမှာပါ။ ဒါတွေကြောင့် မြန်မာပြည်မှာ အသည်းနဲ့ ကင်ဆာရောဂါတွေကြောင့် အရွယ်မတိုင်ခင်သေဆုံးကြရတဲ့ အသံတိတ်လက်နက်တွေရဲ့ မြစ်ဖျားခံရာလို့ ယူဆပါတယ်။
အဲဒီအချက်လည်း မမှန်ပါ။ ကင်ဆာကိုကာကွယ်ဆေးဆိုလို့ သားအိမ်ဝကင်ဆာကာကွယ်ဆေးသာရှိပါတယ်။ အဲတာက လိင်လမ်းကြွက်နို့ကနေ သားအိမ်ဝကင်ဆာဖြစ်စေနိုင်တာပါ။ အစားအသောက်ကနေ မဖြစ်စေပါ။
အသည်းကင်ဆာကို ဘာလို့ဖြစ်သလဲ ဆရာဝန်တွေက တိတိကျကျမသိကြပါ။ တချို့တော့သိပါတယ်။ အသည်းရာင် (ဘီ) နဲ့ (စီ) ပိုးဝင်ရာကနေ နာတာရှည် အသည်းရောင်ရောဂါတွေ။ အသည်းခြောက်ရောဂါ။ (ဟီမိုခရိုမတိုးဆစ်) နဲ့ (ဝီလဆင်) ရောဂါတို့လို မွေးကတည်းပါလာတဲ့ရောဂါတွေ။ ဆီးချိုရောဂါ။ အရက်ကြောင့်မဟုတ်တဲ့ အသည်းအဆီဖုံး ရောဂါ။ အဆိပ်သင့်ခြင်း။ အရက်သောက်လွန်ကဲခြင်း။ အဝလွန်ခြင်းတွေကိုသာ အသည်းကင်ဆာဖြစ်စေနိုင်တယ်လို့ သိပါတယ်။
၃။ သူများမင်္ဂလာဆောင်သွားရင်း ဗိုင်းရပ်ပိုးတွေနဲ့ ကိုယ်က မင်္ဂလာပြန်ဆောင်လာခဲ့ရသလို ဖြစ်နေတယ်။ ဒို့မြန်မာပြည်ကလူတွေ အရင်ကထဲက ဒီလိုနေလာတာ၊ ခုမှဇီဇာလာကြောင်မနေနဲ့။ ပိုးသေပြီးသားလို့ လက်ဖက်ရည်ဆိုင် ရောက်ရင် အကြမ်းပန်းကန်လုံးကိုမဆေးဘဲ အမြဲသောက်လေ့ရှိတဲ့ ကျနော့် ဘော်ဒါတစ်ယောက် စောစောစီးစီး အသည်းရောဂါနဲ့ ကြွသွားရှာပါပြီ။
အဲတာလည်း မရေမရာရှိပါတယ်။ ဗိုင်းရပ်စ်ပိုးတွေက ရောဂါဖြစ်စေတာတော့မှန်ပါတယ်။ လူစုလူဝေးကနေရနိုင်တာတွေက အသက်ရှူလမ်းကနေဝင်ပါတယ်။ အသည်းရောဂါနဲ့ကွယ်လွန်သူဟာ အသည်းဘာရောဂါလလည်းမသိရတော့ ပြောရတာ ခက်တယ်။
အသည်းရောဂါတွေက အမျိုးမျိုးရှိပါတယ်။
၁။ အသည်းရောင် (အေ)
၂။ အသည်းရောင် (ဘီ)
၃။ အသည်းရောင် (စီ)
၄။ အသည်းခြောက်ရောဂါ
၅။ ချက်ချင်းအသည်းအလုပ်မလုပ်တော့ခြင်း
၆။ (အော်တိုအင်မြုန်း) အသည်းရောင်ခြင်း
၇။ အရက်စွဲအသည်းရောဂါ
၈။ အသည်းအဆီဖုံးခြင်း
၉။ အသည်းပြည်တည်ခြင်း
၁ဝ။ အသည်းအကျိတ်
၁၁။ (ကိုလန်ဂျီယို-ကာစီနိုးမား) ကင်ဆာ စသဖြင့်ရှိပါတယ်။ ရောဂါတခုနဲ့တခု ကူးစက်ပုံခြင်းအတော်ကို မတူကြပါ။ အသည်းရောင် (အေ) နဲ့ (အီး) ကသာ အစားအသောက် (ပါးစပ်) ကနေကူးစက်ပါတယ်။
သူ့စာထဲမှာ (ကျန်းမာခြင်းသည်လဒ်တစ်ပါး) လို့ရေးထားတယ်။ (လာဘ်) လို့သာရေးရပါတယ်။ တပါးလို့သာ ရေးရတယ်။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment