True Story ဝတ္တုမဟုတ်သော အဖြစ်မှန်
(စ) ကျေးဇူးတင်ပါတယ်ဆရာ မြန်မာပြည်တွင်းမှာ နေရတဲ့ သာမန်ပြည်သူတွေ ဘဝက ခုဆို ကံတိုက် နေရတဲ့ အခြေအနေပါ ကျမရဲ့ ကျန်းမာရေး အကြောင်းလေး ပြောခွင့်ပြုပါ ဆရာ ၂၀၂၁/၇လပိုင်းမှာ ကိုဗစ်ရောဂါ အကြီးအကျယ် စ ဖြစ်ပါတယ် အလောင်းစည်တဲ့ ကာလပေါ့ဆရာ ကျမ ပတ်ဝန်းကျင် အသိမိတ်ဆွေတွေ တဖြုတ်ဖြုတ်နဲ့ သေကုန်ကြတယ် ကျမက သေဖို့ ကံမကုန်သေးလို့ ကျန်နေတယ်ပေါ့ ဆရာ ဒါပေမယ့် အဲဒီ အချိန်ကစပြီး ကျမ ကျန်းမာရေး မကောင်းတော့ပါ ကိုဗစ် နောက်ဆက်တွဲ အိုမီခရွန်မှာလည်းထပ် ဖြစ်ပါတယ် နောက်ထပ်လည်း ကိုဗစ် ထပ်ဖြစ်ပါတယ် အဲဒီ အထပ်ထပ်က ခန္ဓာကိုယ် ပုံမှန် မဖြစ်တော့လို့ ၊ ရန်ကုန်က အထူးကုတွေနဲ့ ပြခဲ့ရပါတယ် မြန်မာပြည်ရဲ့ ကျန်းမာရေးစနစ်က ငွေလမ်းခင်းရတာဆိုတော့ ကျမ ရှိတာတွေ ကုန်သွားပါတယ် ငဗစ် ငစစ်မှာ ကျန်းမာရေး စီးပွားရေးအားလုံး ပျက်စီးသွားခဲ့တော့ ၊ လက်ရှိအနေအထားမှာ ၊ ဖြစ်ချင်ရာဖြစ် ကံတိုက် နေ နေလိုက်ပါတော့တယ် နေမကောင်းလို့ ရပ်ကွက် ဆေးခန်းတွေ သွားပြတယ်၊ အနာနဲ့ ဆေးကတလွဲ ဆေးအတွက် ထပ်ထပ်လေးနေရလို့ အတော်ကို စိတ်ပျက်၊ ဆေးကုသဖို့ ငွေကြေးထက် ၊ စားရေးက အရေးကြီးနေတော့ အထူးကုဆိုတာတွေလည်း သွားမပြနိုင်တော့ပါ ဒါကြောင့် သေချင်လည်း သေတော့ဆိုပြီး နေ နေလိုက်ပါတယ်။ ဒါပေမယ့် အသက် မသေဘဲ ခန္ဓာကိုယ်က ချို့ယွင်းလာနိုင်တဲ့ အခြေအနေဖြစ်လာတာတွေ ခံစားရလို့ စိတ်သောက ရောက်ပြီး နေခဲ့ရပါတယ် ဒါပေမယ့် ကံလေး ထောက်မလို့ မေတ္တာနဲ့ ကုပေးတဲ့ ဆရာဝန်ကြောင့် ခု အရင်ထက်စာရင် နေလို့ အဆင်ပြေလာပါတယ်။ ဘာ ဝေဒနာလည်းတော့ မသိပါ ၂၀၂၁ ကိုဗစ် ဖြစ်တုန်းက စပြီး ကျမရဲ့ ခြေသည်း အချို့ ကျွတ်ထွက်ပါတယ် ကျွတ်တဲ့ အတိုင်းပဲ နေလိုက်တာ နောက်တော့ အသစ် ပြန်ထွက်ပါတယ် ခုလည်း အဲဒီလိုပဲ ဖြစ်ပါတယ် ဒီတခါတော့ ခြေသည်း အသစ်ပြန်မထွက်ပါ ၊ အဲဒါ ကိုဗစ်ရဲ့ နောက်ဆက်တွဲ ခံစားရတဲ့ ဝေဒနာတွေလား မသိပါဆရာရယ်။ ၂၀၂၁/၂၀၂၂ ကျမ ဝေဒနာ အတော်ပြင်းချိန် အထူးကုတွေနဲ့ ပြခဲ့ရတာတွေဟာ ဆရာ တင်ပေးခဲ့တဲ့ ပိုစ့်တွေမှာ ဖတ်ရသလောက် ကိုဗစ် နောက်ဆက်တွဲတွေဆိုတာ သိခဲ့ရပါတယ်။ ဒီမှာတော့ အဲဒီလို မပြောပါ ခွဲမှ စိတ်မှ ပျောက်မယ်ဆိုလို့ ကျမ သောက ရောက်ခဲ့ရပါတယ် မခွဲမစိတ်ရတဲ့ အထူးကုဆီမှာကာတော့၊ ကျမ ပိုင်ဆိုင်တာလေးတွေ ကုန်ခဲ့ရပါတယ် ဆရာ မြန်မာပြည်က ပြည်သူတယောက်ရဲ့ဒုက္ခကို ရင်ဖွင့်ခြင်းပါဆရာ စိတ်အနှောက်အယှက် ဖြစ်သွားရင် တောင်းပန်ပါတယ် ဆရာ။ (ဆုံး)
ကျွန်တော် ကျန်းမာရေးမေးခွန်းတွေကို ဖြေပေးနေတာ ၁၅ နှစ်ရှိပြီ။ မေးခွန်းပေါင်း ထောင်သောင်း။
မေးခွန်းမေးသူတွေ ကိုယ်တိုင်ရေးပြကြတဲ့ ဝတ္တုမဟုတ်တဲ့ အဖြစ်မှန်တွေလည်း ဖတ်ရတယ်။ တချို့ကို ပို့စ်အဖြစ် မတင်ပါ။
ပြည်တွင်းမှာ မနေရပေမဲ့ အဖြစ်မှန်တွေ သိပါတယ်။
Success story ခေါ် အောင်မြင်မှုနဲ့ အဆုံးသတ်တဲ့ဇာတ်လမ်းတွေလည်း ရတယ်။ ပိုများတာကတော့ စိတ်မကောင်းစရာတွေ။
ကျွန်တော်က ဆရာဝန်စာရေးဆရာ လုပ်ချင်စိတ် မရှိပါ။
အဖြစ်မှန်တွေကိုသိရလို့ ဆေးပညာစာတွေဖြစ်ဖြစ်၊ နိုင်ငံရေးဖြစ်ဖြစ်၊ မြန်မာစာဖြစ်ဖြစ် လိုအပ်တဲ့အရာတွေကို သိပြီး လိုတာကို ဖြည့်နိုင်၊ ပြင်နိုင်၊ ကူနိုင်အောင်သာ ရေးသားတင်ပြပါတယ်။
ကျွန်တော်က စာသင်သလို မရေးပါ။ ကနေ့မေးခွန်းတွေနဲ့ ကနေ့တွေ့ရတဲ့ အမှားတွေကို နေ့ချင်း ထောက်ပြ ပြင်ပေးတာသာလုပ်ပါတယ်။
စိတ်မကောင်းစရာ လူနာတွေကို မိခင်ကသမီးကို စောင့်ရှောက်သလို ဖြေကြားလေ့ရှိပါတယ်။ Blog နဲ့ Facebook မှာ အဲလိုဇာတ်လမ်းတွေ မတင်ပါ။
မြန်မာပြည်ကြီး ကျန်းမာပါစေသတည်း။
ဒေါက်တာတင့်ဆွေ
.jpeg)
Comments
Post a Comment