The Role of Luck in Health ကျန်းမာရေးတွင် ကံကောင်းခြင်း၏ အခန်းကဏ္ဍ

(အခွင့်အလမ်း သို့မဟုတ် ရွေးချယ်မှု)

Leonie Satori လီယိုနီ ဆာတိုရီ ရေးသားတဲ့ ဒဿနိကဗေဒဆောင်းပါးကို သင့်လျော်သလို ဘာသာပြန်ပါမယ်။ ကိုယ်ပိုင်အယူအဆ အနည်းငယ်လည်း ထည့်သွင်းရေးသားပါမယ်။

- ကျန်းမာရေးနှင့် နာမကျန်းဖြစ်မှုတွင် ကံတရားသည် အဘယ်အခန်းကဏ္ဍမှ ပါဝင်သနည်း။ 

- အချို့လူများသည် ကျန်းမာရေးနှင့်ပတ်သက်၍ အခြားသူများထက် အဘယ်ကြောင့် ကံကောင်းကြသနည်း။ 

- ကျန်းမာရေးသည် ကံကောင်းခြင်းနှင့် ပတ်သက်မှု တကယ်ရှိပါသလား။

ကံကောင်းခြင်းဟူသည် မိမိကိုယ်တိုင် လုပ်ဆောင်မှုထက် အောင်မြင်မှု သို့မဟုတ် ကျရှုံးခြင်းဟု အဓိပ္ပါယ်ရပါသည်။ ဤသဘောတရားကို ကျန်းမာရေးနဲ့ ဆက်စပ်တဲ့အခါ၊ ကံတရားသည် ကြီးမားသော အခန်းကဏ္ဍမှပါဝင်သည့် အခြေအနေများစွာကို ကြုံတွေ့ရပါသည်။ 

ကံကောင်းခြင်း သို့မဟုတ် ကံမကောင်းခြင်းသည် အကြောင်းရှာမရတဲ့ရောဂါမျိုးအတွက် မကြာခဏ ရှင်းပြချက်ဖြစ်ပြီး နာတာရှည်ရောဂါများစွာအတွက် ကျိုးကြောင်းဆီလျော်သော ဆေးဘက်ဆိုင်ရာ ရှင်းလင်းချက်ဟု ယူဆနိုင်ပါသည်။

“ငါးတကောင်လို သောက်ပြီး” သို့မဟုတ် “မီးခိုးခေါင်းတိုင်လို အငွေ့ထွက်သူ” အသက်ရှည်ကျန်းမာစွာ နေထိုင်ခဲ့တဲ့ ပုံပြင်ကို ကြားဖူးကြမှာပါ။ 

အသက်အန္တရာယ်ရှိတဲ့ နာတာရှည်ကျန်းမာရေးအခြေအနေရှိနေမှန်း ရုတ်တရက်သိလိုက်ရတဲ့ ကျန်းမာတဲ့ လူတယောက်အကြောင်းကိုလည်း ကြားဖူးမှာပါ။ 

လူသားတွေရဲ့

- မျိုးရိုးဗီဇ၊ 

- ကြီးပြင်းလာမှု၊ 

- စိတ်ခံစားမှု၊ 

- အာဟာရ၊ 

- နေထိုင်မှုပုံစံ၊ 

- အဆိပ်အတောက်တွေနဲ့ ထိတွေ့မှုနဲ့ 

- အသိပညာတို့ဟာ ကျန်းမာရေးအတွက် အလွန်အရေးပါတဲ့အခြေခံတွေ ဖြစ်ပါတယ်။ 

ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ကျန်းမာရေးကို လောင်းကစားလုပ်ပြီး မမြင်တဲ့စွမ်းအားထံ အပ်နှံလိုက်မိကြပါသည်။ ကိုယ်ပိုင်ကျန်းမာရေးအတွက် တာဝန်ယူခြင်းအစား၊ 'ကံ' ကို ရွေးချယ်လိုက်မိတတ်ကြပါတယ်။

လုပ်သင့်လုပ်ထိုက်တာတွေကတော့ -

၁။ စောစီးစွာ ရောဂါရှာဖွေခြင်း၊ 

၂။ သင့်လျော်တဲ့ ဆေးဝါးများ ရရှိနိုင်ခြင်းနဲ့

၃။ ကံကောင်းခြင်းတို့ ဖြစ်ပါတယ်။

Ayurveda and the Concept of Self-Awareness အယူအဆ

Ayurveda ဆိုတာ ရိုးရာဟိန္ဒူဆေးပညာစနစ်ဖြစ်ပြီး၊ ခန္ဓာကိုယ်စနစ်များတွင် ဟန်ချက်ညီစေရန်နှင့် အစားအသောက်၊ ဆေးဖက်ဝင်အပင်များ ကုသခြင်းနှင့် ယောဂအသက်ရှူခြင်းတို့ကို အသုံးပြုသည့် အယူအဆအပေါ် အခြေခံထားသည်။ လွန်ခဲ့သောနှစ်ပေါင်း ၃၀၀၀ ကျော်က အိန္ဒိယနိုင်ငံတွင် စတင်ခဲ့သော ဆေးပညာစနစ်ဖြစ်သည်။ ဘဝလေ့လာမှုကို ဆိုလိုသည်။ Ayurvedic ဆေးပညာသည် ဩစတေးလျတွင် အတော်လေး အသစ်အဆန်းဖြစ်သည်။ သို့ရာတွင်၊ အရင်းခံဒဿနများစွာကို ခေတ်သစ်ယဉ်ကျေးမှုတွင် တိုက်ရိုက်အသုံးချနိုင်ပါသည်။ 'ဘဝ၏သိပ္ပံပညာ' ဟု မကြာခဏရည်ညွှန်းလေ့ရှိတဲ့ Ayurveda သည် မိမိကိုယ်မိမိ သိရှိနားလည်မှုဆိုင်ရာ အသိပညာကို မြှင့်တင်ပေးသည့် သင်ကြားမှုတခု ဖြစ်ပါသည်။ 

Critical Listening and Quiet Contemplation ဝေဖန်ပိုင်းခြားနားထောင်ခြင်းနှင့် တိတ်ဆိတ်စွာ တွေးတောခြင်း

လူ့ခန္ဓာကိုယ်မှာ မျှခြေကို ထိန်းပေးနေတဲ့ ဇီဝကမ္မဖြစ်စဉ်ကြီး ရှိတယ်။ ခေတ်မီကွန်ပြူတာစနစ်တွေကတောင် လူ့ကိုယ်ခန္ဓာစနစ်ကို လိုက်မမီပါ။ ဥပမာ

- နွေရာသီမှာဖြစ်စေ၊ ဆောင်းရာသီမှာဖြစ်စေ ကိုယ်အပူချိန်ဟာ ၉၈့၆ အက်ဖ် သာ တည်မြဲနေပါတယ်။ 

- အသက်ရှူလမ်းထဲ မသင့်တာဝင်လာတိုင်း နှာခြေထုတ်ပစ်နိုင်တယ်။

- ကူးစက်ရောဂါပိုးတခုခုဝင်ပြီးတိုင်း ခုခံအား ရလာတယ်။

- လူတွေရဲ့ပတ်ဝန်းကျင်နဲ့ ခန္ဓာကိုယ်ထဲမှာ ပိုမွှားငယ်တွေ သန်းပေါင်းများစွာ ရှိနေပေမဲ့ ရောဂါရတာ နည်းပါးတယ်။

ဒါ့ပြင် လူ့ကိုယ်ခန္ဓာစနစ်ကနေ လျှို့ဝှက်ဆန်းကြယ်တဲ့ သဲလွန်စတွေကို ပေးလေ့ရှိတယ်။ အစာစားပြီးနောက် အနည်းငယ် မသက်မသာဖြစ်ခြင်း၊ အရေပြားနီမြန်းခြင်း၊ မရေရာတဲ့ခံစားရမှုများ စတာတွေဖြစ်တယ်။ လူက အဲဒါတွေကို လျစ်လျူရှုနေရင်တော့ ပိုပြီးထင်ရှားတာတွေ ဆက်ဖြစ်လာနိုင်တယ်။ အဲလိုနိမိတ်လက္ခဏာတွေကို လျစ်လျူရှုခြင်းနဲ့ မိမိကိုယ်ကို သတိမရှိခြင်းတို့ကနေ အချိန်ကြာလာတာနဲ့အမျှ ရောဂါအသွင်ဖြစ်လာတာကို ကံဆိုးခြင်းလို့ ခေါ်ဆိုတတ်ကြတယ်။

အရွယ်ကြီးသူတွေဟာ လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်၊ သုံးဆယ်က ပြုလုပ်ခဲ့တဲ့ ကျန်းမာရေးဆိုင်ရာ ဆုံးဖြတ်ချက် အလွဲတွေကို သတိမထားမိဘဲ အမှားတွေကိုသာ ထပ်ခါတလဲလဲလုပ်တတ်ကြတယ်။ 

အကြံပြုချက်ကတော့ 

- ကိုယ့်ခန္ဓာကိုယ်ကို နားထောင်ပါ။ နားလည်ပါ။ ခွန်အားတိုးလာလိမ့်မယ်။ 

- ကံလို့မပြောလိုလည်း ရပါတယ်။ 

- အဲလိုလုပ်ဆောင်ခြင်းဆိုတာ တွေးခေါ်မှုနဲ့ ဆင်ခြင်မှုတွေ လိုအပ်တယ်။ 

- ရဲရင့်မှုသည် သိမ်မွေ့သော အပြောင်းအလဲများ ပြုလုပ်ရန် ဆုံးဖြတ်ခြင်းမှ ဆင်းသက်လာသည်။ 

- ကျန်းမာခြင်းသည် “ကံကောင်းခြင်းကို ဖန်တီးခြင်း” မှ လာပါသည်။

မှတ်ရန် -

- ဤဆောင်းပါးပါ အချက်အလက်တွေကို ဆေးဘက်ဆိုင်ရာ အကြံဉာဏ်အဖြစ် အတိအကျမယူသင့်ပါ။ 

- ဤဆောင်းပါးကိုအခြေခံပြီး မည်သည့်လုပ်ဆောင်ချက်ကိုမဆို မလုပ်မီ ဆရာဝန် သို့မဟုတ် ကျန်းမာရေးစောင့်ရှောက်မှု ပညာရှင်နှင့် တိုင်ပင်ရန် အကြံပြုအပ်ပါသည်။ 

- မြန်မာပြည်သားတွေ ဘယ်မျာနေနေ မှန်ကန်တဲ့ကျန်းမာရေးအသိ ပြည့်စုံကြပါစေ။

- တွေးခေါ်စဉ်းစား လုပ်ဆောင်များလည်း မှန်ကန်ကြပါစေ။

- မှန်တဲ့ အသိပေးစာတွေ သတင်းတွေကို ရွေးချယ်တတ်ကြပါစေသတည်း။ 

- ကျန်းမာရေးကံ ကောင်းကြပါစေသတည်း။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Daflon 500 mg လိပ်ခေါင်းဆေး

Vaginal itching မိန်းမကိုယ် ယားခြင်း

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ