Hernia အူကျရောဂါ
ကလေးကအူကျတာ ၁၀လသားပါခွဲရမယ်ပြောနေလို့ ခွဲပီး(ပြီး)ရင်ရော အရှင်းပြောက်(ပျောက်)လားရှင့် မခွဲပဲ အဲ့တိုင်းနေရင်ရော ရလားရှင့်။
တိုက်ဆိုင်မှု ၂ ခုရှိတယ်။ အရင်လထဲမှာ အခုလိုမေးခွန်းတခုရလို့ အရေးပေါ်အဆင့်မဟုတ်ရင် အချိန်မရွေးခွဲလို့ရပါတယ်လို့ ဖြေလိုက်တယ်။ ထပ်မေးတော့မှ ကျားအစိတဖက်လည်းမကျလို့ ဆရာဝန်က ငယ်စဉ်မှာခွဲသင့်တယ်လို့ပြောကြောင်း ထပ်သိရတယ်။ မေးခွန်းကမပြည့်စုံ။
နောက်တခုက ၂၀၁၈ ခုနှစ် အခုလိုမေလထဲမှာ လူကြီးအူကျတဲ့မေးခွန်းရလို့ တနှစ်သားကလေးအူကျတဲ့ပုံနဲ့အတူ တင်ပါတယ်။ ဖေ့စ်ဘွတ်က တလ ပိတ်ခံရတယ်။
ကလေးအူကျရောဂါကို ပုံတင်ရင် မြန်မာပြည်မှာ ပိတ်ပင်ခံရတဲ့ရောဂါလို့ အမည်ပေးထားတယ်။
အူကျတာ၊ မုတ်နဲ့ အကြောရောင်ခြင်း ၃ မျိုးကို ခွဲခြားရပါမယ်။
အင်္ဂလိပ်စာလုံးတွေကို ကျော်ဖတ်သွားလည်း နားလည်ပါမယ်။
၁။ Hernia အူကျတာ၊
၂။ Hydrocele မုတ္တရောဂါ၊ (စာတပုဒ် ရေးထားပါတယ်)
၃။ Epididymitis ကျားအစေ့ရောင်တာ (စာတပုဒ် ရေးထားပါတယ်) နဲ့
၄။ Varicocele ဗေရီကိုဆီးလ် ခေါ် သွေးပြန်ကြောထုံးတာတွေ ဖြစ်ကြတယ်။ (စာတပုဒ် ရေးထားပါတယ်)
ဗိုက်ထဲမှာသာနေရတဲ့ အူက အောက်ဆင်းပြီး ကပ်ပယ်အိတ်ထဲ ကျလာတာကို (ဟာနီယာ) အူကျတာခေါ်ပါတယ်။ မုတ် ဆိုတဲ့ မုတ္က (ဟိုက်ဒရိုဆီးလ်) ကတော့ အစေ့ကို ဖုံးနေတဲ့ အိတ်ထဲက ပုံမှန်ရှိတဲ့ ခပ်ပါးပါးအရည်တွေက အများကြီး ဖြစ်လာတာကို ခေါ်တယ်။ အူကျတာနဲ့ မုတ်က မနာကြတာမှာလာတူတယ်။ အသက်အရွယ်မရွေးဖြစ်တာလဲ တူတယ်။ အကြော-အစေ့ ရောင်တယ်ဆိုတာ အတော်နာတယ်။ ဝှေးစေ့ရဲ့ သွေးပြန်ကြောတွေ ဖေါင်းကြွနေတာကို (ဗေရီကိုဆီးလ်) ခေါ်တယ်။ မနာဘူး။
ဒီရောဂါလေးမျိုးအပြင် ရှားရှားပါးပါးတွေလည်း ရှိသေးတယ်။ ဆင်ခြေထောက်ပိုးကြောင့် မုတ်ဖြစ်တာ၊ Hydrocele of testis အစေ့က မုတ်လိုဖြစ်တာ၊ Spermatocele သုတ်ပိုးအိတ်ဖြစ်တာ၊ Testicular torsion အကြောထုံးတာ၊ Testicular cancer အစေ့ ကင်ဆာ နဲ့ TB အစေ့ တီဘီတွေ ဖြစ်တယ်။ Undescended testis မွေးကတည်းက အစေ့ကတဖက်ဖြစ် နှစ်ဘက်လုံးဖြစ်ဖြစ် ကပ်ပဲ့အိတ်ထဲမှာ မရှိတာ။ အစေ့တဖက်တည်းသာစမ်းလို့ရရင် ဒါဖြစ်မယ်။ အောက်အထိမကျဘဲ ပေါင်ခြံမှာဖြစ်ဖြစ် ဗိုက်ထဲဖြစ်ဖြစ် ရှိနေမယ်။ ခွဲစိတ်ပြုပြင်ပေးရတယ်။ (စာတပုဒ် ရေးထားပါတယ်။)
အူကျတာက မတ်တပ်ရပ်ရင် ကျလာမယ်။ ချောင်းဆိုး-နှာချေရင်၊ ပြေးရင်၊-ခုန်ရင်၊ အလေးအပင်မရင်၊ ဗိုက်ကို ညှစ်လိုက်ရင် ကျလာမယ်။ ကလေးဆို ငိုရင်စူထွက်လာမယ်။ အိပ်နေရင် သူ့ဖါသာဖြစ်ဖြစ်၊ သွင်းပေးလို့ဖြစ်ဖြစ် ပြန်ဝင်သွားမယ်။ ကျလာတဲ့ အူဆိုတာကို အစေ့ရဲ့အပေါ်မှာ၊ သီးသန့်စမ်းလို့ရတယ်။ မဖြစ်တဲ့ဘက်နဲ့ ယှဉ်ကြည့်ပါ။ ချောင်းအတုဆိုးခိုင်းရင် ကျကျလာလို့၊ ဖေါင်းဖေါင်းလာမယ်။ လှဲအိပ်ခိုင်းတာနဲ့ ဝင်သွားမယ်။ ကျလာတဲ့နေရာက ဗိုက်အောက်ပိုင်း၊ ပေါင်ခြံအထက် နေရာကဖြစ်တယ်။ ပြန်သွင်းပေးရင် ထွက်လာတဲ့နေရာဆီကို သွင်းပေးရတယ်။ အတိအကျပြောရင် ကပ်ပဲ့အိတ် အထက်တည့်တည့်၊ ဆီးစပ်ကအရိုးမာမာရဲ့ ဖြစ်တဲ့ဘက် အထက်-ဘေး ၂ လက္မ လောက်နေရာပါ။ ကျနေတဲ့အူကို ပြန်သွင်းပြီး၊ မတ်တပ်ရပ်အနေအထားမှာ အဲဒီနေရာမှာ စမ်းတဲ့သူက လက်နဲ့ ဖိ-ပိတ်ထားရင် ချောင်းဆိုးခိုင်းပေမဲ့ အူက ကျမလာဘူး၊ ထွက်ပေါက်ကို ဖိ-ပိတ်ထားလို့ပါ။ ဒါဆို အူကျရောဂါ သေချာပြီ။
ဗိုက်ကိုဖုံးကာပေးထားတဲ့ ကြွက်သားလွှာက ၃-၄ ထပ်ရှိတယ်။ လားရာအမျိုးမျိုး ရှိတယ်။ အထက်-အောက်၊ တစောင်း။ ကြွက်သားတွေက ပေါင်ခြံထိပ်က အရွတ်ရှည်မှာလာတွယ်တာတွေက အူကျတာနဲ့ဆိုင်တယ်။ လာတွယ်ကြတဲ့အခါ ဂဟေဆက်သလို မဟုတ်ဘူး။ အဟလေးတွေ ကျန်နေတယ်။ အဲဒီနေရာလေးတွေက အပေါက်လို ဖြစ်နေလို့ အားနည်းချက်ပဲ။ ဗိုက်ကို တင်းတာညှစ်တာလုပ်တဲ့အခါ ဗိုက်ထဲရှိတာတွေဟာ အပေါက် နေရာတွေကနေ ထွက်ဘို့ ကြိုးစားပါတယ်။ ထွက်လာနိုင်ရင် ဟာနီယာဖြစ်ပြီပေါ့။ ခေါ်တော့သာ အူကျတယ်လို့ အလွယ်ခေါ်တာ၊ ဗိုက်ထဲက အနီးအနားက ထွက်လို့ရတာတွေ ထွက်မှာပဲ။
ကျလာတယ်ဆိုတာ အူသပ်သပ်ကျတာတော့ မဟုတ်ပါ။ ကြွက်သားတွေရဲ့အတွင်းမှာ ဗိုက်တပြင်လုံးကိုဖုံးနေတဲ့ အလွှာပါးပါးလေး ရှိသေးတယ်။ အဲဒီအလွှာက ထွက်မဲ့နေရာကနေ တဖြေးဖြေးချင်း စူစူထွက်လာတာမို့ အိတ်ကလေး ဖြစ်ပြီး၊ အိတ်ထဲမှာသာ အူသိမ်၊ အူမြှေးတွေလဲ ကပ်ပါနေမယ်။ ညာဘက်မှာဖြစ်ရင် အူအတက်ဆိုတာလည်း ပါနိုင်တယ်။ ခွဲစိတ်တဲ့အခါ အဲဒီအိတ်ပါးပါလေးကို ရှာတတ်ရတာကပညာ။ ခွဲထုတ်ယူရတာကပညာ။
ဟာနီယာဆိုတာ ယောက်ျားတွေ မှာသာဖြစ်တယ် ထင်ကြတာ။ အမျိုးသမီးတွေလည်းဖြစ်တယ်။ နည်းပါတယ်။ ယောက်ျားတွေကို ခွဲပေးဘူးတာ မရေတွက်နိုင်ပေမဲ့ အမျိုးသမီး ၂ ယောက်သာ ခွဲပေးရဘူးတယ်။ သူတို့မှာ ကပ်ပဲ့အိတ် မဟုတ်ဘဲ မ-အင်္ဂါ နှုတ်ခမ်းသားထဲကို ကျလာတယ်။ သိပ်လဲမကြီးလှဘူး။ အခုထိရေးခဲ့တာက အများဆုံးဖြစ်တဲ့ ပေါင်ခြံမှာဖြစ်တယ်။ Inguinal hernia ခေါ်တယ်။ ပေါင်ထိပ်မှာဖြစ်ရင် Femoral hernia ခေါ်ပြီး၊ ဒီအမျိုးအစားက အမျိုးသမီးတွေ ပိုဖြစ်တယ်။
ကလေးငိုရင် ချက်မှာ စူထွက်လာတာကို Umbilical hernia ခေါ်တယ်။ ကလေးကိုတခါတည်း နာမည်ပေးတယ်။ ချက်ဖေါင်းလို့။ ကလေးမှာအဲလိုဖြစ်တိုင်းတော့ မခွဲရပါ။ ကလေးအသက် ၁-၂ နှစ်အထိ စောင့်ကြည့်နိုင်တယ်။ အငိုသက်သာလာရင်၊ ကြွက်သားအားကောင်းလာရင် အလိုလိုပြန်ပိတ်မယ်။ ၂ နှစ်ကျော်လို့ မပျောက်သေးရင်တော့ ခွဲစိတ်ပြုပြင်သင့်တယ်။ ဗိုက်ခွဲထားတဲ့ ချုပ်ရိုးနေရာကနေ စူထွက်တာကို Incision hernia ခေါ်တယ်။ ဗိုက်နဲ့ ရင်ခေါင်းကို ပိုင်းခြားထားပေးတဲ့ ကြွက်သားကြီးမှာဖြစ်ရင် Diaphragmatic hernia ခေါ်တယ်။ Acid Reflux အူကျတာ မဟုတ်တဲ့ ဟာနီယာ စာတပုဒ်ထဲမှာ ရေးထားပါတယ်။
ဘာလို့ အူကျတာလဲ။ ဗိုက်ဖုံးကြွက်သားအားနည်းနေသူ၊ ဗိုက်ကို တင်းအားဖြစ်စေမှာတွေ လုပ်တာများလို့ဖြစ်တယ်။ မဖြစ်စေချင်သူတွေ ဒါမျိုး ဆင်ခြင်ရမယ်။ အပြေး-အခုန်၊ အလေးမ၊ အတက်-အဆင်း။ ဒါ့ကြောင့် အားကစားသမား ရောဂါလို့ ထင်ရတယ်။ အမှန်က အဲလိုတော့ မဟုတ်ဘူး။ ခန္ဓာဗေဒက ပါဖက်ဆိုရင် မဖြစ်ပါဘူး။
ဟာနီယာသေချာရင် ခွဲရမှာပါ။ မခွဲဘဲ ယာယီသက်သာအောင် လုပ်တာမျိုးတော့ရှိတယ်။ အသက်ကြီးသူတွေ၊ အခွဲ မခံသင့်သေးသူတွေ ဥပမာ ဆီးချို၊ နှလုံးရောဂါရှိနေသူတွေအတွက်သာ ညွှန်းပါတယ်။ Hernia Belt ခါးပတ်တမျိုး ပတ်ထားရတယ်။ အချိန်ရွေးပြီးခွဲနိုင်ပါတယ်။ တချို့ အသက်အတော်ကြီးမှခွဲတယ်။ သတိထားဘို့တော့ရှိတယ်။ ကြာလေလေ ကြီးလေလေဖြစ်မယ်။ အနေရခက်မယ်။ စိတ်ထဲမှာ ငါ့မှာဒီရောဂါရှိနေတယ်လို့ ကသိကအောင့် ခံစားနေရနိုင်တယ်။
ကလေးတွေမှာအူကျတာ အဖြစ်မနည်းပါ။ ငိုတိုင်းစူထွက်လာမယ်။ အထက်မှာရေးထားသလို အေးအေးဆေးဆေး ခွဲလို့ရပါတယ်။ ကလေးတွေမှာ အူကျတာနဲ့အတူ တွဲဖြစ်တာရှိသလားစစ်ရမယ်။ မုတ်နဲ့တွဲနိုင်တယ်။ အစေ့ အောက်မကျတာနဲ့ တွဲနိုင်တယ်။ သိထားဘို့က အူကျတာကို ဆေးထိုးဆေးစာတာနဲ့ မပျောက်ပါ။
ဘယ်တော့ခွဲမလဲ။ အရေးပေါ်မဖြစ်လို့ကတော့ ဘယ်တော့ခွဲခွဲရပါတယ်။ ကျောင်းမထားခင်ခွဲဘို့စဉ်းစားနိုင်တယ်။ လူကြီးတွေ အလုပ်အားချိန်ျမှခွဲလို့ရတယ်။ ရုတ်တရက် နာလာတာကတော့ အရေးပေါ်။ ပြန်မဝင်နိုင်ပဲကျနေတဲ့ အူကခေါက်နေလို့။ အူက ရောင်-နာ-ပိတ်တာ ဖြစ်လာတယ်။ Strangulated Hernia နေ့နေ့-ညည အရေးပေါ် ခွဲရလိမ့်မယ်။ အရေးပေါ်ဖြစ်တာနဲ့ အိပ်ယာမှာ လဲလိုက်ပါ။ အူကျတဲ့ နေရာပေါ်မှာ ရေခဲတင်ပါ။ ရေခဲကို ပလပ်စတအိတ်မှာ ထည့်ပြီး တင်ပါ။ လိုသေးရင် ကုတင်ခြေရင်းပိုင်းကို မြှင့်ထားပါ။ စိတ်ရောကိုယ်ပါ နားလိုက်ပါ။ အစာအမာ မစားနဲ့အုံး။ ၁-၂ နာရီအတွင်း ပြန်ဝင်ရမယ်။ ကိုယ့်ဖါသာ ပြန်သွင်းကြည့်ပါ။ သွင်းတဲ့အခါမှာ ကပ်ပဲ့အိတ်ကနေ အထက်၊ နောက်၊ ဘေးဘက်ဆီ ဦးတည်ပါ။ ဝင်သွားပါလိမ့်မယ်။ ၂-၃ နာရီမှ မဝင်ရင် ဆရာဝန်ပြပါ။ ဆရာဝန်က ငြိမ်ဆေး၊ အိ်ပ်ဆေးထိုးပေးမယ်။ သွင်းကြည့်မယ်။ ဆရာဝန်မှသွင်းမရရင် ညဉ့်နက်သန်းကောင်ဆိုလည်း ခွဲရမယ်။ နိုင်ငံခြားရောက်နေလည်း ခွဲရပါလိမ့်မယ်။
ခွဲစိတ်တာက ထမင်းစားရေသောက် ပြောရမလောက်ပါ။ ဆရာဝန်တွေ ခွဲတာစိတ်တာ လက်တွေ့သင်ရင် ပန်းငုံတာကနေ စကြရတယ်။ ဒိနောက်မှာ မုတ်ခွဲတာ။ ဒိနောက်မှာ (ဟာနီယာ) ခွဲရတယ်။ အတွေ့အကြုံတော့ လိုတယ်။ တခါတလေ ခွဲရင်းနဲ့ အိတ်ရှာမတွေ့ရင် တောအုပ်ထဲလမ်းပျောက်သူလို ဖြစ်တတ်တယ်။ ခွဲပြီးမှ ပြန်ဖြစ်သူတွေလည်း ရှိတတ်တယ်။ အသက်ကြီးသူတွေအတွက်တော့ နည်းနည်း ပိုလုပ်ပေးရတာမျိုးရှိတယ်။ ဖါထေးရတာမျိုး။ ဇရာက ဆရာဝန်တွေကို ပိုဒုက္ခပေးပါတယ်။
Hernia ဟာနီယာ အမျိုးမျိုး https://dr-tint-swe.blogspot.com/2023/10/hernia.html
Undescended testicle ယောက်ျားလေး အစိအောက်ထိ မကျသေးခြင်း https://dr-tint-swe.blogspot.com/2021/08/undescended-testicle.html
ဒေါက်တာတင့်ဆွေ

Comments
Post a Comment