Severe Cystocele ဆိုးတဲ့ ဆီးအိမ်ကျခြင်း
ဆရာရှင့် ကျမအမေက အသက်၆၅နှစ်ပါ။ ဆီးသွားရင် ထိုင်ထရင် အထဲက အလုံးကြီး တစ်ဆို့ တစ်ဆို့ ကြီးနဲ့ အလုံးကြီး ကျလာတယ်ပြောပါတယ်။ အခု ဆီးစပ်နား နည်းနည်းကိုက်တယ်လဲ ပြောပါတယ်။ OG နဲ့အရင်ပြတာတော့ သားအိမ်ကျတာတော့မဟုတ်ဘူးလို့သိရပါတယ်။ အဲဒါ ဘယ်လိုကုရပါမလဲ ဆရာရှင့်။ ရိုသေလေးစားစွာဖြင့်
ရောဂါအမည် သိရမှသာ ကုသနည်း ပြောလို့ရပါမယ်။ဟုတ်ကဲ့ပါဆရာ ကြွက်သားအားနည်းလာလို့ ဆီးအိမ်ကျတာလို့တော့ပြောပါတယ်ရှင့်။
၂၀၁၇ ခုနှစ်ကမေးလို့ ရေးထားတယ်။
မင်္ဂလာပါဆရာ။ ကျွန်တော့်အဖွားက အသက် ၇ဝ ရှိပါပြီ။ အဲလိုဆီးအိမ်ကျလို့ ဆီးသွားရင် မမနေရတယ်။ မနေတတ်ဘူးဆိုလို့ ( - ) ဆေးခန်းမှာ မနှစ်က သားအိမ်ထုတ်ပြီးသော်လည်း ဆေးရုံကဆင်းပြီး ပြန်ပြီး မမနေရပြန်တော့ ဆေးခန်းပြန်ပြပြီး ရာဘာကွင်းထည့်ရပါတယ်။ ပြန်ကျွတ်ကျ(ကျွံကျ)လို့ ဆိုဒ်ကြီးပြောင်းပြီးထည်သော်လည်း ၂ ရက်အများဆုံးခံပြီး ကျွတ်ကျ(ကျွံကျ)သွားပါသည်။ ၃ ကြိမ်မြောက်တွင် ဒီတခေါက် ကျွတ်ကျ(ကျွံကျ)လျှင် လက်ကောက်ထည့်ရမည်ဆို၍ ကျွန်တော့်အဖွား ဆေးခန်းခေါ်မရတော့ပါ။ ယခုအရင်အတိုင်း ဆီးဝမ်းသွားလျှင် မ မ ၍သွားနေပါသည်။ သူကတော့ရတယ် ပြောသော်လည်း ကြောက်၍လားမသိ၊ ဘာဆက်လုပ်ရမှန်းမသိ၍ ဆရာအကြံဉာဏ်လေးများကူညီပါခင်များ။
ဆီးအိမ်ကျတာက သားအိမ်ကျတာမဟုတ်ပဲ Anterior prolapse ရှေ့ပိုင်းကျွံတာဖြစ်တယ်။ ခွဲစိတ်ကုသနည်းကို ရေးပြီးပြီ။ ခွဲနည်းအပြင် ဘယ်လိုကုသမလည်းက ဘယ်လောက်ဆိုးသလည်းအပေါ်မှာမူတည်တယ်။ သားအိမ်ပါကျနေသလား။ အသင့်အတင့်သာဆိုးရင် ဆေးကုဘို့မလိုလောက်ပါ။
၁။ Kegel exercise ကီဂယ်လေ့ကျင့်ခန်းလုပ်ပါ။
၂။ Vaginal pessary ပက်ဆရီခေါ် ပလပ်စတစ်-ရာဘာကွင်းထည့်ထားနိုင်တယ်။ ဗဂျိုင်းနားထဲမှာ ထည့်ပေးထားရင် ဆီးအိမ်ကိုပင့်တင်ပေးနေမယ်။ အနေတော်တာတော့ ရွေးသုံးရတယ်။ ခွဲဘို့မသင့်သူတွေကိုလည်း ဒီနည်းသုံးစေတယ်။
၃။ Stress incontinence ဆီးမလုံတာပါရှိနေရင် အားစိုက်မှုလုပ်တိုင်း ဆီးတစက်တစက်ထွက်နေမယ်။ Urethral suspension ခွဲစိတ်နည်း Retropubic suspension surgery လို့ခေါ်တာလုပ်နိုင်တယ်။ ဆီးအိမ်လည်ပင်းနေရာနဲ့ ဆီးသွားပြွန်ကိုခွဲစိတ်ပြုပြင်ပေးတာဖြစ်တယ်။ Laparoscopic surgery ကရိယာသုံးနည်းလည်းလုပ်တယ်။ ဗိုက်ကနေခွဲရင် Burch colposuspension နည်းကိုအသုံးများတယ်။ ဗဂျိုင်းနာနံရံကို ဆီးစပ်ရိုးနောက်နားမှာရှိတဲ့ Cooper's ligament နဲ့ တွဲချုပ်ပေးတယ်။ ခွဲပြီးနောက် ဆီးပိုက် ၁၀ ရက်လောက် ထည့်ထားပေးမယ်။
၄။ Estrogen therapy အီစထိုဂျင်ဟော်မုန်းပေးနည်လည်းရှိတယ်။ ဗဂျိုင်းနားထဲထည့်တဲ့ခရင်၊ သောက်ဆေး၊ ဆေးကပ်ခွါနဲ့ ကွင်းတွေရှိတယ်။ သွေးဆုံးပြီးသူတွေကို သုံးစေတယ်။ သွေးဆုံးမှာ ခံစားရတာတွေ (မျက်နှာနီမြန်းတာ၊ ညချွေးထွက်တာ၊ ဗဂျိုင်းနာခြောက်တာ၊ ယာ.တာ၊ အနေရခက်တာ) တွေကိုလည်း သက်သာစေမယ်။ Osteoporosis အရိုးပါးတာလည်းသက်သာစေတယ်။ ဟော်မုန်းနည်းနည်းပေးနည်းလည်းသုံးတယ်။ ဘေးထွက်ဆိုးကျိုးတွေတော့ ကြည့်ရတယ်။ နှလုံးရောဂါ၊ ဆထုပ်ရတာ၊ သွေးခဲတာနဲ့ ရင်သားကင်ဆာ။
၅။ ဝမ်းချုပ်လို့ ညှစ်ရတာ၊ အလေးအပင် မတာ၊ ချောင်းဆိုး၊ နှာချေ၊ ရီမောတဲ့ အခါမျိုးတိုင်းမှာပါ တင်ပါးဆုံရိုးကွင်းထဲက အင်္ဂါတွေကို ထိန်းပေးထားရမယ်။ လက်လွတ်စပယ် မလုပ်ပါနဲ့။ ဖြစ်နိုင်ရင် ဆောင့်ကြောင့် မထိုင်ပါနဲ့။ အိမ်သာသုံးတာမှာ ဒူးကို ၉ဝ ဒီ၈ရီ ထားလို့ရတာမျိုးသာသုံးပါ။ ပက်လက် အိပ်နေရင်း ခြေထောက် မြှောက်တာကို ၂ ဖက်လုံး တပြိုင်တည်း မလုပ်ပါနဲ့။ လုပ်ရရင်လည်းသတိရှိပါ။ မတ်တပ်ရပ်နဲ့ ခြေ ၂ ဖက်ဆန့်ပြီး ခါးကုံးတာမျိုး ဆင်ခြင်ပါ။ အထဲကအင်္ဂါတွေကို တွန်းထုတ်သလို မဖြစ်စေနဲ့။ ဆီးသွားတာကို တကယ် ဆီးအိမ်တင်းနေမှသာသွားပါ။
ဝမ်းမချုပ်ပါစေနဲ့။ ဒါပေမဲ့ ဝမ်းနုတ်ဆေး ခဏခဏမသောက်ပါနဲ့။ သင်္ဘောသီး၊ မန်ကျီးသီးမှည့်နဲ့ ဝမ်းသွားအောင် လုပ်ပါ။ ဝမ်းနုတ်ဆေးသောက်လို့ဖြစ်ဖြစ်၊ ဝမ်းပျက်လို့ဖြစ်ဖြစ်၊ အရက်နာကျတာဖြစ်ဖြစ် ပိုတက်ဆီယမ်ဓါတ် နည်းစေတယ်။ ကြွက်သားတွေ အားပျော့မယ်။ ဓါတ်ဆားရည်သောက်ပါ။ ရေနွေးကြမ်းသောက်ပါ။ အုန်းရည်သောက်ပါ။ ငှက်ပျောသီး၊ လိမ်မော်သီးစားပါ။ လိုအပ်ရင် ပိုတက်ဆီယမ်ဆေးသောက်ပါ။
ဆိုးတဲ့အဆင်ကိုတော့ ခွဲစိတ်ပြုပြင်ရပါမယ်။
အသက်ကြီးသူတွေဆိုရင် သားအိမ်ပါထုတ်ပေးမယ်။ ကျွန်တော် ဆရာဝန်ဘဝမှာ ခွဲစိတ်ကုပေးခဲ့ရတာတွေ မနည်းပါ။
Uterine Prolapse သားအိမ်ကျတယ်ဆိုတာ https://dr-tint-swe.blogspot.com/2021/05/uterine-prolapse.html
ဒေါက်တာတင့်ဆွေ


Comments
Post a Comment