First Do No Harm ဒုက္ခမရောက်ပါစေနှင့်
ဆရာဝန်ဖြစ်လာသူတိုင်းက ဟစ်ပိုခရေးတီးစ်ပဋိညာဉ်ကို ရွတ်ဆိုပြီး လိုက်နာစောင့်ထိန်းပါမယ်လို့ ဂတိပြုကြရတယ်။ ကျွန်တော်လို အဝေးရောက်ဘွဲ့ယူသူတွေကလည်း ပါးစပ်က မဆိုပေမဲ့ လိုက်နာစောင့်ထိန်းကြရပါတယ်။
Hippocratic Oath ဟစ်ပိုခရေးတီးစ် ပဋိညာဉ်
ကျွန်ုပ်၏ ဆေးပညာသည် လူတို့၏ အကျိုးစီးပွါးအတွက် အသုံးချပါမည်ကို ကတိပေးပါသည်။ လူနာသည် ပဌမ ဦးစားပေး ဖြစ်သည်။ သူတို့ပြောသည်ကို နားထောင်၍ တတ်စွမ်းသရွေ့ စောင့်ရှောက်ပါမည်။ ရိုးသားသော ကရုဏာဖြင့် လေးစားခြင်းကို ရယူပါမည်။
မည်သူ့ကိုမဆို အရေးပေါ် ကျန်မာရေး လိုအပ်ချက် ရှိလာလျှင် အကောင်းဆုံး အကူအညီပေးပါမည်။ လိုအပ်ချက် မပြည့်စုံကြသော ရောဂါဝေဒနာ ရလွယ်ကြသူများ အပါအဝင် လူနာတို့၏ အခွင့်အရေးကို မည်သည့် အခါမဆို လေးစားပါမည်။
ကျွန်ုပ်၏ ပညာပိုင်းဆိုင်ရာ ဆုံးဖြတ်အား နိုင်ငံရေး၊ လူမှုရေးတို့၏ သက်ရောက်မှုများမှ ကင်းပလျှက် အတတ်နိုင်ဆုံး လွတ်လပ်စွာ ချမှတ်ပါမည်။ လူနာအတွက် ထမ်းရွက်မှုအပေါ်မှာ အမြတ်ထုတ်ခြင်း၊ ရာထူး တိုးခြင်းတို့ အတွက် လုပ်ဆောင်မည် မဟုတ်ပါ။
ကျွန်ုပ်သည် လူ့အသက်၏ အထူးအရေးပါမှုကို သိရှိပါသည်။ သို့တစေ အသက်ဆက်လက် ရှင်သန်ရေးဆိုသည် ကျန်းမာရေး စောင့်ရှောက်ခြင်း၏ တခုတည်းသော ရည်ရွယ်ချက် မဟုတ်သဖြင့် အကယ်၍ ကိုယ်ဝန်ဖျက်ရန် လိုအပ်လာပါက ဥပဒေကြောင်း အရလည်းကောင်း ကျင့်ဝတ် အရလည်းကောင်း ညီညွတ်စေပါမည်။
ကျွန်ုပ်သည် အကျိုးမများစေသော-ဒုက္ခရောက်စေသော-ရှင်းပြသည့်အခါ နားလည် တတ်သိသောလူနာများက ငြင်းဆန်သော၊ ကုသမှုကို မပြုလုပ်ပါ။ လူနာများအား ဆုံးဖြတ်ချက် ချနိုင်စေရန် လိုအပ်သော သတင်း အချက်အလက်များ ပေးကာ ကူညီပါမည်။
အခြားသူများအား ဒုက္ခရောက်ရန် မရှိပါက လူနာ၏ အဆုံးအဖြတ်ကို လေးစားလျှက် တတ်နိုင်သမျှ ရိုးသားစွာ ဖြေဆိုပါမည်။ အကယ်၍ တောင်းဆိုချက်က မဖြစ်နိုင်ပါက အဘယ့်ကြောင့် ငြင်းရသည်ကို ရှင်းပြပါမည်။
အကယ်၍ လူနာသည် စိတ်ခွန်အား မပြည့်မီပါက စိတ်မှန်သူများအလား ဆုံးဖြတ်ချက် ချနိုင်ရန် အားပေးပါမည်။ ကျွန်ုပ်သည် လူနာများ၏ အတွင်းရေးကိစ္စများကို အတတ်နိုင်ဆုံး ထိန်းသိမ်းပေးပါမည်။
အကယ်၍ ထိုသို့ လုပ်မဖြစ်သော အခြေအနေရှိပါက ကျွန်ုပ်၏ အသိနည်းမှုအား ရှင်းပြပါမည်။ မိတ်ဆွေများ၏ အကြံဉာဏ်ကို ရယူပါမည်။ အမှားကို ဝန်ခံပါမည်။
ကျွန်ုပ်သည် မိတ်ဆွေများအား အသစ် တိုးတက် ဖြစ်ပေါ်မှုများကို ပြောပြပေးနေလျှက် အရည်အသွေး ညံ့ဖျင်းမှုများကို ဖေါ်ထုတ်ကာ တိုးတက်စေရန် အတတ်နိုင်ဆုံး ဆောင်ရွက်ပါမည်။
ကျွန်ုပ်သည် လုပ်ဖေါ် ကိုင်ဖက်များအား လေးစားသမှုဖြင့် မိမိသိရှိ တတ်ကြွမ်းမှုများကို မျှဝေ သင်ကြားပေးပါမည်။ မိမိ၏ လူမှုအသိုင်းအဝိုင်း တိုးတက်လာစေရန် တတ်ကြွမ်း နားလည်မှုများကို အသုံးချသွားပါမည်။
ကျွန်ုပ်သည် လူနာများအား ကျန်းမာရေး အရင်အမြစ်များကို လူ့အသိဖြင့် အညီအမျှ ဝေငှပေးကမ်းပါမည်။ လူထု ကျန်းမာရေး ပေါ်လစီ ချမှတ်သူများအပေါ် အပြုသဘော သက်ရောက်စေပါမည်။
နိုင်ငံတကာ အသိအမှတ်ပြု လူ့အခွင့်အရေးများကို ချိုးဖေါက်ရာ ရောက်သည့် ပေါ်လစီများကို ဆန့်ကျင် သွားပါမည်။ လူနာများ၏ ကောင်းကျိုး၊ ဆေးပညာ ကျင့်ဝတ်များနှင့် ဆန့်ကျင်သော ဥပဒေများကို ပြောင်းလဲစေရန် ကြိုးပမ်းပါမည်။
ဤပဋိညာဉ်ကို မကျိုးမပေါက် လိုက်နာ စောင့်ထိန်းပါက သာယာ ချမ်းမြေ့သည့် ဘဝကို ရရှိလျှက်၊ ဆေးကုသခြင်း အတတ်ဖြင့် လူအများ၏ လေးစားမှုကို အစဉ်ရယူနိုင်သူ ဖြစ်ပါစေသောဝ်။
Physician, first do no harm သမားတော် - ပဌမဆုံးအချက်က သူတပါးကို ဘေးမဖြစ်စေနဲ့ဆိုတာလည်း ဟစ်ပိုခရေးတီးစ် အဆိုအမိန့်လို့ ယူကြပါတယ်။ ရှေးဟောင်းဂရိစာထဲမှာတော့ အထောက်အထား မတွေ့ပါ။ ဆရာဝန်တွေ ကိုယ့်ကြောင့် ရောဂါ မပျောက်သည်ရှိပါစေ၊ ကိုယ့်ကြောင့် လူနာကို ဒုက္ခမရောက်ပါစေနဲ့။
ဆရာဝန်မဟုတ်သူများအတွက်ပါ မှန်ကန်ကောင်းမွန်လှတဲ့ အဆိုအမိန့်တခုဖြစ်ပါတယ်။
ဘာပဋိညာဉ်၊ ဘာစည်းကမ်း၊ ဘာကျင့်ဝတ်မှ မရှိသူတွေက ဖေ့စ်ဘွတ်မှာ ကင်ဆာ ၉၆ မျိုး၊ အနာ ၉၆ မျိုး၊ ရောဂါ ၉၆ မျိုးဆေးတွေဆိုပြီး တင်နေကြတယ်။
အဲလိုဟာတွေကို ဘာပဋိညာဉ် ၊ ဘာစည်းကမ်း၊ ဘာကျင့်ဝတ်မှ မရှိသူတွေက ရှယ်နေကြတယ်။
ဒေါက်တာတင့်ဆွေ
၂၉-၆-၂၀၂၀

Comments
Post a Comment