Human Brain and Emotion ချစ်တာနဲ့ မေတ္တာ ဘယ်ကလာသလဲ
ဝါခေါင်လပြည့်နေ့ဟာ မေတ္တာအခါတော်နေ့လို့ သိရတယ်။ မေတ္တာအကြောင်း ဆေးပညာရှုဒေါင့်က ရေးပါရစေ။
ဆရာရှင့် ကျွန်မသိချင်တာကို ဆရာကသိနေသလို အချိန်ကိုက်တင်ပေးလိုက်သလိုပါ။ မိခင်က သားသမီးကို ချစ်တဲ့စိတ်က ဆေးပညာအလိုဆို ဘယ်နေရာကနေ လှုံ့ဆော်လာတာလဲရှင်။ မေးခွန်းမေးတာ အမှားပါရင် ခွင့်လွှတ်ပါရှင်။
စိတ်လှုပ်ရှားမှုတွေကို ဆေးစာနဲ့ဆို Emotions အီမိုးရှင်းတွေလို့ခေါ်တယ်။ ချစ်စိတ်၊ ကြောက်စိတ်၊ ဒေါသစိတ်၊ လိင်စိတ်တွေ အကြုံးဝင်တယ်။ ဦးနှောက်ရဲ့ Limbic system လင်းဘစ်စနစ်ကနေလုပ်ဆောင်ပါတယ်။ Temporal lobe နားထင်ပိုင်းမှာရှိတယ်။ ဦးနှောက် နေရာအမျိုးမျိုးကနေ စိတ်လှုပ်ရှားမှုတွေကို ဖြစ်စေတယ်။ Amygdala နေရာက အဓိကကျတယ်။ သူ့ဆီကို မှတ်မိခြင်းနဲ့ သတိထားခြင်း အချက်ပြတွေလာတယ်။ အဲတာတွေကို ပရောဆက်စ်ဇင်း ခေါ် ဆက်တိုက်ဖြစ်စဉ်တွေ လုပ်ပေးတယ်။
Hippocampus ဟစ်ပိုသဲလ်မတ်စ် နဲ့လည်းဆိုင်တယ်။ Hippocampus ဟစ်ပိုသဲလ်မတ်စ်က မှတ်ထားနိုင်စွမ်းနဲ့ဆိုင်တယ်။ ဘယ်နဲ့ညာရှိတယ်။ အဲတာပျက်သွားသူ ဘာတခုမှ မမှတ်မိတော့ပါ။ ဟစ်ပိုသဲလ်မတ်စ်ကနေ Amygdala ဆီ အချက်ပြတွေ ပို့ပေးတယ်။ အရင်က အတွေ့အကြုံ မှတ်ဉာဏ်ကို အသုံးပြုတယ်။
Prefrontal Cortex နဖူးနားက ဦးနှောက်နားက အစိတ်အပိုင်းနဲ့လည်းဆိုင်တယ်။ စောစောကအချက်အလက်တွေကို အခြေခံပြီး ဆုံးဖြတ်ချက်လုပ်တယ်။
Cingulate Gyrus နေရာက Thalamus သဲလ်မတ်စ် နဲ့ Hippocampus ဟစ်ပိုသဲလ်မတ်စ် ကြားမှာရှိတယ်။ စိတ်လှုပ်ရှားမှုတွေကို မှတ်ထားတယ်။
Ventral Tegmental Area နေရာက သာယာမှုကို မှတ်ထားပေးတယ်။ Dopamine pathways ဒိုပါမိန်း လမ်းကြောင်းတွေကနေ Mood ခေါ် စိတ်မူနဲ့ဆိုင်တာတွေကို ဆောင်ရွက်ပေးတယ်။
Amygdala ခေါ် ဗာဒံစေ့လေးနဲ့တူတာကနေ ကြောက်စိတ်၊ ဒေါသစိတ်၊ ကြမ်းတမ်းစိတ်ခေါ် စိတ်မူအဖြစ်အပျက်တွေကို ထိန်းနိုင်စွမ်းလုပ်ဆောင်ပေးတယ်။ တချို့က မထိန်းနိုင်။ တချို့ကထိန်းနိုင်တယ်။
အခုထိရေးတာက ဆေးသုတေသနတွေကို အခြေခံတာဖြစ်ပါတယ်။ ကျွန်တော်သုံးသပ်တာ ရေးပါရစေ။
လူတွေဟာ လူရယ်လို့ဖြစ်တည်လာကတည်းကနေ အဆင့်ဆင့်ပြောင်းလဲနေတယ်။ တိရစာ္ဆန်သာသာ အရိုင်းဘဝကနေ ယဉ်ကျေးလာကြတယ်။ ခေတ်ကာလအရ တိုးတက်လာတာဖြစ်တယ်။ ခေတ်ကာလအတူတူမှာ နေထိုင်ကြပေမဲ့ မတူတာတွေ ဖြစ်ကြတယ်။ ဆင်းရဲ ချမ်းသာနဲ့ အတတ်ပညာမတူက တမျိုးဖြစ်ပြီး၊ လူစိတ်က တမျိုးဖြစ်တယ်။ စိတ်လှုပ်ရှားမှုတွေက လူ့အသိစိတ်ဖြစ်တယ်။ လေ့လာသင်ယူမှုတွေနဲ့ ယဉ်ကျေးမှုမတူရင် မတူကြပါ။ ပတ်ဝန်းကျင်နဲ့ မျိုးရိုးဗီဇတွေကလည်း အရေးပါတယ်။
ဗမာစကားမှာ မစားကောင်းတဲ့အသီးလို့ တင်စားပြောဆိုတာရှိတယ်။ လူတိုင်းစားသုံးနိုင်တဲ့အသီးဖြစ်ပေမဲ့ မစားသင့်တာကို ဆိုလိုတယ်။
မိဘတိုင်းက ကိုယ့်သားသမီးကို ချစ်စိတ်ဖြစ်တာ အရိုင်းဘဝကတည်းကရှိတယ်။ ခေတ်ကာလနဲ့ ယဉ်ကျေးမှုတွေကနေ အလေးအနက်ထားမှုမှာ မတူတာတွေဖြစ်စေတယ်။ ဥပမာ အသက် ၁၈ နှစ်ကျော်ရင် မိဘနဲ့သားသမီး စည်းခြားတာမျိုး တချို့ယဉ်ကျေးမှုတွေမှာ ကျင့်သုံးပြီး မြန်မာပြည်လိုတိုင်းပြည်တွေမှာ ထားလေ့မရှိသလောက်ပါ။
ယဉ်ကျေးမှုလည်းတမျိုးတစားတည်းမှာ အတူနေထိုင်ကြပေမဲ့ တန်ဖိုးထားမှု မတူကြတာရှိတယ်။ အဖေနဲ့ သမီး အစေးမကပ်တာမျိုးရှိတယ်။ သားယောက်ျားလေးသာ လိုချင်သူတွေရှိတယ်။ ကိုယ့်ရင်သွေးကို ရွှေဥလေးလို ထားချင်သူတွေနဲ့ တော်သလိုနေပါစေမိဘတွေလည်းရှိတယ်။
ကျွန်တော်ရေးတဲ့ ကောက်ချက်တွေကို ဦးနှောက်ဘယ်အစိတ်အပိုင်းက လုပ်ပေးနေသလဲ ရှာလို့မရနိုင်လောက်ပါ။ ကျွန်တော်တို့လူမျိုးတွေက ရင်ထဲကလို့ ပြောကြတယ်။ သိပ္ပံပညာက မပြည့်စုံသေးပါ။ ချစ်သင့်တာကို ချစ်တတ်ကြပါစေ။ မေတ္တာထားသင့်တာကို ထားနိုင်ကြပါစေ။
ဒေါက်တာတင့်ဆွေ
၂၆-၈-၂၀၁၈

Comments
Post a Comment